ကိုဗစ်-၁၉ လူနာသစ် ၁,၁၈၂ ဦးတွေ့ရှိ၊ သေဆုံးသူ ၃၁ ဦးထပ်တိုး
DVB
·
December 17, 2020

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတဲ့ အတည်ပြုလူနာသစ် ၁,၁၈၂ ယောက်တွေ့ရှိခဲ့ပြီး လူနာ ၃၁ ယောက်ထပ်မံသေဆုံးခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရပါတယ်။
သေဆုံးသူ ၃၁ ယောက်ထဲမှာ၂၁ ယောက်က ရောဂါအခံရှိသူတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒီဇင်ဘာ ၁၆ ရက် ည ၈ နာရီမှ ဒီဇင်ဘာ ၁၇ ရက် ည ၈ နာရီအထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၂၃,၁၈၈ ခုကို စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ လူနာသစ် ၁,၁၈၂ ယောက် ထပ်မံတွေ့ရှိခဲ့တာပါ။
လူနာသစ်တွေနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။ တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ဒီနေ့ ဆေးရုံမှ ဆင်းခွင့်ရသူ ၁,၀၈၄ ယောက်ရှိပြီး ပြည်သူ့ဆေးရုံတွေက ၆၁၁ ယောက်နဲ့ ရန်ကုန် ကိုဗစ်-၁၉ ကုသရေးဌာနတွေက ၄၇၃ ယောက်ပါဝင်တယ်လို့ ဆိုပါတယ်။
ရန်ကုန်တိုင်းအတွင်း အသွားအလာကန့်သတ်ထားရှိရာနေရာတွေက အတည်ပြလူနာတွေနဲ့ အနီးကပ်ထိတွေ့ခဲ့သူတွေအနက် ရောဂါပိုးမတွေ့သူ ၁,၁၀၇ ယောက်ကို နေအိမ်တွေမှာ အသွားအလာကန့်သတ်ပြီး စောင့်ကြပ်ကြည့်ရှုသွားမယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ဒီဇင်ဘာ ၁၇ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၁၁၃,၀၈၂ ယောက်၊ သေဆုံးသူ ၂,၃၇၇ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း၉၁,၅၃၇ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။