Home
မြန်မာသတင်း
မီးလောင်ခဲ့သည့် ရတနာပုံ Sky Walk အဆောက်အအုံ ဒီဇင်ဘာလကုန် ပြီးစီးအောင် ဆောင်ရွက်နေ
DVB
·
December 14, 2020
မီးလောင်ခဲ့တဲ့ မန္တလေး ရတနာပုံဈေးဝယ်စင်တာ Sky Walk အဆောက်အအုံကို ဒီဇင်ဘာလထဲမှာ ပြန်လည်ပြုပြင်ပြီး လကုန်ပိုင်းမှာ ပြီးစီးအောင် ဆောင်ရွက်နေတယ်လို့ မန္တလေး စည်ပင်သာယာရေးကော်မတီကနေ သိရပါတယ်။ မီးလောင်ချိန်ဟာ အချိန်ကြာမြင့်တာကြောင့် မျက်နှာကြက်တွေ၊ ကြမ်းခင်းတွေရဲ့ ကြံ့ခိုင်မှုတွေအားနည်းခဲ့လို့  စစ်ဆေးပြီးပြုပြင်နေတယ်လို့ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောပါတယ်။ “၂၀၂၀ နှစ်ဦးပိုင်း ရတနာပုံဈေး မီးလောင်ခံရပါတယ်။ အဲ့လိုမီးလောင်တဲ့အတွက်ကြောင့်မို့လို့ ရတနာပုံဈေး အဓိက လောင်တာက Sky Walkပါ မီးလောင်ကြာမြင့်ချိန်က ၈ နာရီလောက် ကြာပါတယ်။ အဲ့ဒီလို အကြာကြီး မီးလောင်တဲ့အခါကျတော့ အဆောက်အအုံရဲ့ ထုပ်တွေ၊ တန်းတွေ၊ ကြမ်းခင်းတွေ၊ မျက်နှာကြက်တွေ ဒီဟာတွေမှာ အထိုက်အလျောက် အားနည်းသွားတာမျိုး ရှိပါတယ်။” အဆောက်အအုံရဲ့ ကြံ့ခိုင်မှုအားကောင်းအောင် ပညာရှင်တွေနဲ့ စစ်ဆေး ပြုပြင်နေတယ်လို့လည်း သိရပါတယ်။ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ရင်မြင့်က “ကြံ့ခိုင်မှုဘယ်နေရာ မှာ အားနည်းတယ်။ ဘယ်နေရာမှာပြုပြင်ဖို့လိုတယ်ဆိုတာကို မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းရယ်၊ ပြင်ပက ဦးဘိုဘိုကျော် ခေါင်းဆောင်တဲ့ အင်ဂျင်နီယာ ပေါင်းစုံပါတဲ့အဖွဲ့ရယ်၊ မန္တလေး စည်ပင်သာယာအဆောက်အအုံဌာနက အင်ဂျင်နီယာတွေရယ် စစ်ဆေးပါတယ်။ သူတို့ နည်းပညာ အခေါ်အရတော့ UBTနည်းပညာလို့ ခေါ်ပါတယ်။ အဲ့ဒီစနစ်နဲ့နေပြီးတော့ တစ်ခုချင်း ကြံ့ခိုင်မှုတွေကို စစ်ဆေးပါတယ်။ ကွန်ကရစ်လောင်းတာ ပြီးသွားပါပြီ။ ၇၈ လမ်းအခြမ်းကို ဆက်ပြီးတော့ လောင်းဖို့လုပ်နေပါတယ်။ ဒီလိုလုပ်တာကို ဒီဇင်ဘာလအတွင်းမှာ အပြီး ပြုပြင်ပြီးအောင်ဆိုတဲ့ ရည်မှန်းချက်ထားပြီးတော့ လုပ်နေပါတယ်” လို့ ပြောပါတယ်။ မန္တလေးမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမရှိတော့သလို အဆောက်အအုံလည်း ပြီးစီးသွားပြီဆိုရင် ဈေးဆိုင်ခန်းတွေနဲ့ ဈေးတစ်ခုလုံးမကြာမီ  ပြန်လည်ဖွင့်လှစ်နိုင်မှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက် ညပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး ပထမထပ်မှာရှိတဲ့  Sky Walk က ဆိုင်ခန်း၁၂၅ ဆိုင်  မီးလောင်ပျက်စီးခဲ့တာ ဖြစ်ပါတယ်။ ရတနာပုံစူပါစင်တာ မြေညီထပ်မှာရှိတဲ့ ရတနာပုံဈေး ဆိုင်ခန်းတွေကိုတော့ မီးလောင်မှုဖြစ်ပြီး ရက်ပိုင်းအတွင်းမှာ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။  သတင်း- ခင်ပြည့်စုံဝင်း၊ ဓာတ်ပုံ-  ဦးကျော်ဆန်းမြင့်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024