မိုးကုတ် သူဌေး ၁ ဦးကို လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွား
DVB
·
December 4, 2020
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်က စံပြကိတ်မုန့်တိုက်ပိုင်ရှင် သူဌေး ဦးကျော်ဝင်းကို လက်နက်ကိုင်အဖွဲ့တဖွဲ့က ဒီဇင်ဘာ ၄ ရက် မနက် ၉ နာရီဝန်းကျင်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဦးကျော်ဝင်းက ဒီမနက် ၈ နာရီလောက်မှာစျေးကို လာပြီး ဘူးသီးကျော်ဝယ်ကာ စျေးကနေပြန်လမ်းလျှောက်လာရာ သူ့ကားနားမှာ Surf ကား ခဲရောင်တစ်စီး ပေါ်က လူတွေက သေနတ်ထောက်ပြီး ဖမ်းခေါ်သွားတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
ဦးကျော်ဝင်းက ရုန်းရင်းဆန်ခတ်ဖြစ်တဲ့ထိရုန်းကန်ခဲ့ပြီး လူလတ်ပိုင်းသုံးယောက်လောက်က တွန်းတင်သွားတယ်လို့ဆိုပါတယ်။ ကားထဲမှာ လူအပြည့်ပါပြီး လူပုံစံတွေက ဝ ဝနဲ့ တရုတ်ပုံစံနဲ့တူတဲ့ လူတွေလို့လည်း မျက်မြင်ဒေသခံတွေက ပြောပါတယ်။
ကားပေါ်က ဒရိုင်ဘာ တစ်ယောက်ရယ် လူလတ်ပိုင်း သုံးယောက်ပါရှိပြီး လမ်းမြောက်ပိုင်းကို ဦးတည်ထွက်ခွာသွားတယ်လို့ သိရပါတယ်။ ဦးကျော်ဝင်းကိုခေါ်ဆောင်သွားသူတွေဟာ ဘယ်အဖွဲ့ကလဲဆိုတာကို မပြောနိုင်သေးသလို လူစိမ်းဖြစ်တာလို့ပဲ သိရပါတယ်။
မြို့နယ်အုပ်ချုပ်ရေးမှူးကို ဆက်သွယ်မေးမြန်းရာမှာလည်း တိကျတဲ့အချက်အလက်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပြီး ဘာကြောင့်ဖမ်းသွားတာလဲဆိုတာကို မသိရသေးဘူး လို့ ပြောပါတယ်။
သတင်း - ဟန်နာထက်အောင်