Home
မြန်မာသတင်း
ဘူးသီးတောင် နယ်ခြားစောင့်တပ်ဖွဲ့ခွဲ (၃) တွင် ကိုဗစ်ကူးစက်ခံရသူ တပ်ဖွဲ့ဝင်မိသားစု ၁၉ ဦးရှိလာ
DVB
·
November 27, 2020
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ နယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ (၃) မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရတဲ့ တပ်ဖွဲ့ဝင်မိသားစု ၁၉ ဦးအထိ ရှိလာတယ်လို့ သိရပါတယ်။ ဘူးသီးတောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွေလှအောင်က "တပ်ဖွဲ့ဝင်မိသားစုတွေပါ။ အားလုံး ၁၉ ဦး ကူးစက်ခံထားရတယ်။ လောလောဆယ်တော့ နခခ (၃) ကို အသွားအလာကန့်သတ်ထားတယ်" လို့ ပြောပါတယ်။ နိုဝင်ဘာ ၂၂ ရက်နေ့ကစပြီး နခခ (၃) က မိသားစုဝင်တွေမှာ ရောဂါပိုး စတင်တွေ့ရှိတာဖြစ်ပြီး ဒီနေ့အထိ စစ်ဆေးမှုအရ တပ်ဖွဲဝင်တွေမှာတော့ ပိုးမတွေ့ရှိသေးဘူးလို့ ဘူးသီးတောင်မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာစောမင်းသိန်းက ပြောပါတယ်။ ဘူးသီးတောင်မြို့မှာ ကိုဗစ်ရောဂါကူးစက်မှု နိုဝင်ဘာလဆန်းပိုင်းမှာ ကျဆင်းနေပေမဲ့ လလယ်ပိုင်းကစတင်ပြီး လက်ရှိအချိန်အထိ ရောဂါကူးစက်မှု မြင့်တက်လာတယ်လို့ ပြောပါတယ်။ "နိုဝင်ဘာ လဆန်းပိုင်းကတော့ ကူးစက်မှုလျှော့လာတယ်ဗျ။ အခုလလယ်ပိုင်းမှာတော့ ကူးစက်မှု နည်းနည်များလာနေတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ အပြင်ထွက်ရင်  မဖြစ်မနေ Mask တပ်ဖို့ လိုတယ်။ ကျန်းမာရေးစည်းကမ်းနဲ့အညီ နေထိုင်သင့်တယ်” လို့ ဒေါက်တာစောမင်းသိန်းက ပြောပါတယ်။ ဘူးသီးတောင်မြို့မှာ နိုဝင်ဘာ ၂၇ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း ၁၈၃ ဦးရှိပြီး ဆေးရုံမှာ လက်ရှိ လူနာ ၂၇ ဦး ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။ လင်းလက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024