ဗမာ့ရုပ်ရှင် ပထမဆုံးဇာတ်ညွှန်းဆရာ ပီမိုးနင်း ၁၃၇ နှစ်ပြည့် (ဆောင်းပါး)

မြန်မာ့ရုပ်ရှင်၊ နှစ်လျှင်ရာပြည့် ပြန်ကာလေ့မှတ်၊ ပထမတ်ဆုံး ဇာတ်ညွှန်းရေးသည်၊ ပီမိုးနင်း ခေါ် စာဆိုကျော်ကား၊ မွေးဖွားခဲ့တာ  ၁၃၇ နှစ် ပြည့်ခဲ့ပြီ ။ ။  သုံးဆယ်မြို့မှာ မိုးနှင်းတွေကျချိန် ၁၈၈၃ ခု နိုဝင်ဘာ ၅ ရက် မွေးခဲ့တာကြောင် “မိုးနှင်း” နာမည်ရခဲ့တဲ့ ပထမဆုံး မြန်မာ့ ရုပ်ရှင် ဇတ်လမ်းနဲ့ ဇာတ်ညွှန်းရေးခဲ့သူ ဆရာကြီးပီမိုနင်း သက်ရှိထင်ရှား ရှိနေမယ်ဆိုလျှင် ၁၃၇ နှစ်ပြည့်ချိန်ပါပဲခင်ဗျာ။ မြန်မာ့ ရုပ်ရှင်ရာပြည့်ကာလမှာ မှတ်မှတ်ရရ ပြောချင်တာက ပထမဆုံး ရုပ်ရှင်ဇာတ်ညွှန်းဆရာကြီး ပီမိုးနင်းရဲ့ စာအုပ်တွေဟာ ရန်ကုန်၊ မန္တလေးနဲ့ မြို့ကြီးတွေရဲ့ စာအုပ်ဆိုင်၊ စာအုပ်တန်းတွေမှာ အခုထိနေရာယူထားတုန်းပါ။ သူဟာ ဝတ္ထုတွေ၊ လောကီတက်ကျမ်းတွေနဲ့ တခြားစာအုပ်စာတမ်းတွေ ရေးသားခဲ့သလို သတင်းစာဆရာကြီးတဦးလည်း ဖြစ်ပါတယ်။ သူ့စာအုပ်တွေကလည်း လွန်ခဲ့တဲ့ နှစ် ၁၀၀ လောက်ကတည်းက အကြိမ်ကြိမ် ပြန်လည်ထုတ်ဝေခဲ့ရသလို အခုထိလည်း ပြန်ထုတ်နေရဆဲပါ။ သူအကြောင်းကို ဒီနေ့ အဓိကနဲ့ ပထမဆုံး ပြောချင်တာက မြန်မာ့ရုပ်ရှင်နှစ် ၁၀၀ သမိုင်းမှာ ပထမဆုံး ဇာတ်ညွန်းနဲ့ ဇာတ်လမ်း ရေးခဲ့သူ ပီမိုးနင်း(ပိုက်ဆံကြီး) အဖြစ်ပါ။ ပိုက်ဆံကြီးဟာ ပီမိုးနင်းရဲ့ ကလောင်ခွဲတခုပေါ့။ ကမ္ဘာ့ရုပ်ရှင်ပေါ်ပေါက်လာပုံ ၁၈၇၂ အထိ ကမ္ဘာတလွှား ဓာတ်ပုံကင်မရာပဲ ရှိပါသေးတယ်။ ရုပ်သေကနေ လှုပ်ရှားသွားလာတဲ့ လူ၊ ကား၊ မီးရထား၊ မြင်း စတဲ့ ပုံရိပ်တွေ ပိတ်ကားပေါ် ပေါ်လာတဲ့ ဘိုင်စကုပ် ခေါ် ရုပ်ရှင်ရဲ့ အစကတော့ ၁၈၇၂ ခုနှစ် အမေရိကန်ပြည် အထက်လွှတ်တော်အမတ် လီလန်းစတင်းဖို့ရဲ့ အငြင်းပွား လောင်းတမ်းစားတမ်းက စခဲ့တယ်။ မြင်းတကောင် ပြေးရင် တချိန်မှာ ခြေ ၄ ချောင်း စလုံး မြေပြင်က လွတ်သွား၊ မသွား ငြင်းခဲ့ကြတာပါ။ စတင်းဖို့ဟာ ကင်မရာ ၂၄ လုံးကို ၁ ပေကွာစီထားပြီး မြင်းပြေးချိန် တပြိုင်တည်း ဓာတ်ပုံရိုက်တယ်။ ပုံ ၂၄ ပုံကို အစဉ်အတိုင်း စီကြည့်တော့ ပုံတပုံမှာ မြင်းခြေ ၄ ချောင်းစလုံး မြေပြင်ကနေ လွတ်နေတာကို တွေ့ရတော့ စတင်းဖို့ အနိုင်ရသွားခဲ့တယ်။ ဒီ ၂၄ ပုံကို ၁ ပုံစီ အစဉ်အတိုင်းစဉ်ပြီး တပုံစာမြင်နိုင်တဲ့ အပေါက်တပေါက်က အမြန်ဆွဲကြည့်တော့ မြင်းပြေးတဲ့ပုံ ပေါ်လာတယ်။ ဓာတ်ပုံဆရာကြီး အက်ဒဝပ်မိုင်းဘရစ်ချ်က ဒီပုံတွေကို ရိုက်ခဲ့တာပါ။  ဒီနည်းအတိုင်း မီဇိုးနီးယား ဆိုသူက ဓာတ်ပုံကလေးတွေ လှုပ်ရှားသွားလာပုံကို မှန်ပေါ်ကိုကူး မှန်ဘီလူးနဲ့ ပိတ်ကားပေါ်ကို ထိုးပြခဲ့တယ်။ ၁၈၇၂ ခုနှစ်မှာပဲ သောမတ်အေဘယ်ဒီဆင်က ဓာတ်ပုံတွေကို ရစ်လုံးနဲ့ရစ် လက်လှည့်ပြ ရုပ်ရှင်မှန်အိမ်ကို တီထွင်လိုက်တယ်။ သူဟာ သူပိုင် ဓာတုအလုပ်ခန်းမှာ ၁၈၈၉ ခု အောက်တိုဘာ ၆ ရက်မှာ ပရိသတ်ကို ပင့်ဖိတ်ပြသလို့ ဒီနေ့ကို ကမ္ဘာ့ပထမဆုံးရုပ်ရှင်ပြနေ့လို့ သမိုင်းတွင်ခဲ့တယ်။ ပထမဆုံး ရုံဝင်ခယူပြီး စီးပွားဖြစ် ပြသတဲ့နေ့က ၁၈၉၅ ခု မေ ၂၀ နယူးယောက်မှာ ဖြစ်တယ်။ ရန်ကုန်မှာ ရုပ်ရှင်စပြတာကတော့ ၁၉၁၀ ပြည့်နှစ်က ဖြစ်တယ်။  မေတ္တာနှင့်သူရာ မြန်မာ့ပထမဆုံးဇာတ်လမ်းရုပ်ရှင် မြန်မာ့ ပထမဦးဆုံး ဇာတ်လမ်းရုပ်ရှင် “မေတ္တာနဲ့ သူရာ” ကို ၁၉၂၀ အောက်တိုဘာ ၁၃ စပြတယ်။ အောက်တိုဘာ ၁၃ ဟာ နှစ်တရာပြည့် မြန်မာ့ရုပ်ရှင်နေ့ပါ။ ၀တ္တုဇာတ်လမ်းနဲ့ ဇာတ်ညွှန်းကို ပိုက်ဆံကြီး ကလောင်နဲ့ ပီမိုးနင်းက ရေးခဲ့တယ်။ ဘားမားဖလင်က ဒါရိုက်တာ ရုပ်ရှင်ဖခင်ကြီး လန်ဒန်အတ် ဦးအုန်းမောင် ရိုက်ခဲ့တယ်။ မင်းသား မောင်ညီပု၊ မင်းသမီး မအေးကြည်၊ မောင်မောင်ချစ်တို့ ပါဝင်တယ်။  ပီမိုးနင်း ရေး မေတ္တာနှင့်သူရာ (ဇာတ်လမ်း) မောင်စောနဲ့ မခင်မေ ကျောင်းနေဘက်တွေ ဖြစ်ကြ။ နောက် ချစ်သူတွေ ဖြစ်သွား။ မခင်မေရဲ့ အဖေ ဦးဘိုးရွှေက ချမ်းသာ တယ်။ ဖဲသမား မောင်တင်နဲ့ ပေါင်းပြီး ဦးဘိုးရွှေ စီးပွားပျက်၊ မောင်တင်ကို ဆပ်ဖို့ ကြွေးတင်နေ။ ကြွေးမဆပ်နိုင်တဲ့ ဦးဘိုးရွှေ အိမ်နဲ့ခြံ လေလံပစ်ပြီး ၁၀၁ လမ်း၊ ဆင်ခြေဖုံးရပ်ကွက်ဆီ  ပြောင်းနေထိုင်ခဲ့။ သားအဖနှစ်ယောက် ဆင်းရဲနေတာ အခွင့် ကောင်းယူပြီး မောင်တင်က မခင်မေနဲ့ လက်ထပ်ဖို့ တောင်းဆို။ ကြွေးမဆပ်နိုင်တဲ့ ဦးဘိုးရွှေဟာ သမီးကို နားချပါရစေလို့ပြော တောင်းပန်ထား။ ဒီအကြောင်းသိတဲ့ မခင်မေ ဖဲသမားမယား ဖြစ်ရမှာ တွေးပူ ငယ်ချစ်မောင်စောကို မျှော်လင့်နေ။ အဲ့ဒီအချိန် မောင်စော အလုပ်မှာ စာရေး လုပ်နေရတာမို့ မခင်မေ အခက်ခဲကိုမကူနိုင် စိတ်ညစ်လာပြီး အရက်သောက်ပြီး စွဲသွားခဲ့။ ဦးဘိုးရွေ မရှိချိန် အကြံသမား မောင်တင် မခင်မေအိမ် ရောက်လာပြီး ချစ်ရေးဆို။ မခင်မေက လက်မခံတော့ မောင်တင်က လူမိုက်တာတေနဲ့ပေါင်း ကားတင်ခိုးပြေးတယ်။ မောင်စောက ကားတစ်စီးနဲ့ မောင်တင်တို့နောက်ကိုလိုက် ထိုးကြိတ်ပြီး ချစ်သူ မခင်မေကို ကယ်တယ်။ ဦးဘိုးရွှေက ရဲကိုအကြောင်းကြား မောင်တင်နဲ့ တာတေတို့ကို ဖမ်း။ ဦးဘိုးရွှေ နောင်တရ အရက်ဖြတ် မောင်စောနဲ့ မခင်မေတို့ကို သဘောတူ ပေးစား။ မောင်စောဟာ အရက် သူရာ ရဲ့ မကောင်းမှုကိုသိပြီး သူရာအရက်ကို စွန့်လိုက်လို့ မခင်မေ ဆိုတဲ့ ချစ်သူရဲ့မေတ္တာကို ရယူနိုင်ခဲ့တာနဲ့ ဇာတ်သိမ်း။ အခုလို မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ ပြည့်ချိန်မှာ ဆရာကြီးပီမိုးနင်းရဲ့ ပထမဆုံး ရုပ်ရှင် ဇာတ်ညွှန်းနဲ့ ဇာတ်လမ်းအကြောင်းကို ဖော်ပြလိုက်တာပါ။ ပီမိုးနင်းဟာ “တသက်လုံးဖုံးသမျှ ကုန်းတော့မှပေါ်” ရုပ်ရှင်ဇာတ်ကားမှာလည်း ပန်းချီဆရာ ဇာတ်ရုပ်နဲ့ သရုပ်ဆောင်ခဲ့ပါသေးတယ်။ ဆရာကြီးဟာ ဝတ္ထုတို၊ ဝတ္ထုရှည်၊ ဝေဖန်ရေးဆောင်းပါး၊ အင်္ဂလိပ်နဲ့ လက်တင်သဒ္ဒါစာအုပ်တွေ ရေးခဲ့တဲ့အပြင် သတင်းစာ ဆရာကြီး တဦးလည်း ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ စာပေဘဝ အစမှာတော့ ကဗျာဆရာ ဖြစ်ချင်ခဲ့တာပါ။  ကဗျာသမား ၊ ဖြစ်ချင်ငြားလည်း ခေတ်ကားမလွယ် ၊ ကဗျာပယ်လျှင်း ပီမိုးနင်း မှာ ၊ စာရေးဆရာ ဖြစ်လာခဲ့ရပါတော့၏ ။ ။  စာရေးဆရာကြီး “သင်္ခ” က သူ၏ ကျနော့်ဆရာ ပီမိုးနင်း စာအုပ်မှာ အခုလို ရေးခဲ့ပါတယ်။ “စင်စစ် ကျွန်ုပ်သည် စာရေးဆရာမဟုတ်၊ ကဗျာသမားဖြစ်သည်။ ကဗျာနှင့် ငွေကြေးမရ၊ ခေတ်ကာလကို တွက်လျှင် ကဗျာခေတ်မဟုတ်။ လက်တွေ့ခေတ် အမြန်ခေတ်ဖြစ်သည်ကို တွေ့ရသောကြောင့် ကဗျာကို စွန့်လွှတ်လိုက်ရပေသည်” ဟု ၁၂၉၈ ခုနှစ်က ဆရာကြီးပီမိုးနင်းရေး ဆောင်းပါတစောင်မှာ ဖော်ပြထားခဲ့ကြောင်း ရေးသားထားပါတယ်။    ပီမိုးနင်း၏ကဗျာတပုဒ် (သံပေါက်) တရုပ်ကုလား၊ သူဌေးများ၊ မျိုးကားဝါဏိဇ္ဇာ။ အကြံသေးမွှား၊ မြန်မာများ၊ ကပ်ငြားမင်းစိုးသာ။ အကြံမမီ၊ ဉာဏ်သေးလှီ၊ တို့ပြည် သူ့အောက်မှာ၊ အကြံသေးနုပ်၊ ဉာဏ်သစ်ငုတ်၊ စုတ်စုတ်မြုပ်ဖို့ရာ။ ရက်မြတ်ရက်ကောင်း၊ မရွေးရောင်း၊ ရကြောင်းမြတ်ဥစ္စာ။ ဥစ္စာရပြန်၊ တွက်ကိန်းမှန်၊ မှတ်ရန်မြဲမကွာ။ အတွက်ရှိမှ အမြတ်ရ၊ လာဘတည်ကြောင်းသာ။ အတွက်မသိ စည်းမရှိ၊ ဖြစ်မည်ဒုက္ခိတာ။ အရှာတတ်က ထားတတ်မှ၊ ဓနလက်ဝယ်ကြာ။ ။ (ပီမိုးနင်း) ၁၉၆၂ ခုနှစ် ဧပြီ ဗန္ဓုလဂျာနယ်  မြန်မာနိုင်ငံ မြန်မာလူမျိုးတို့ကို စာပေ၊ ရုပ်ရှင်၊ သတင်းစာ စတာတွေနဲ့ အကျိုးပြုခဲ့တဲ့ ဆရာကြီးပီမိုးနင်းဟာ ကဗျာမှာလည်း ကဗျာဆရာ ဖြစ်ချင်ခဲ့သူ တဦးဖြစ်ကြောင်း တွေ့ရှိရတာကို ဖော်ပြလိုက်တာပါဗျာ။ သူ့ကဗျာတွေကို အွန်လိုင်းမှာ လိုက်ရှာတဲ့အခါ ဒီကဗျာတပုဒ်ကိုလည်း ရှာတွေ့ပါရဲ့။ ဒါပေမဲ့ ဘယ်စာစောင် ဘယ်ခုနှစ်က ဖော်ပြခဲ့ကြောင်းကိုတော့ ရှာမတွေ့ခဲ့ပါဘူး။ ဒါပေမဲ့ အများ သိအောင်တော့ ဖော်ပြပေးလိုက်ပါတယ်။  ဇနီးလည်း မိန်းမ သမီးလည်း မိန်းမ နှမလည်း မိန်းမ မိန်းမအားလုံး သိမ်းကျုံးဆွဲပြီး ဇနီးလို မမြင် သမီးလို ကြင် မိခင်လို လေးစား နှမလို တန်ဖိုးထား ဒါမှာ တိရိစ္ဆာန် မဟုတ်တဲ့ ယောက်ျား။ ။  (ပီမိုးနင်း) ဝမ်းနည်းစရာ ပီမိုးနင်း ကွယ်လွန်ခဲ့ပုံ နောက်ပိုင်းမှာ ဆရာကြီး ပီမိုးနင်းရဲ့ ကဗျာတွေကို လိုက်လံရှာဖွေ ဖော်ပြပါဦးမယ်။ စာရေးဆရာလည်းလုပ်၊ ကဗျာလည်းရေး၊ ပန်းချီလည်းဆွဲကြတဲ့ စွယ်စုံရ ဆရာဆရာမတွေကို တွေ့လာရပြီး လေးစားမိနေချိန် စာစုံရေး၊ မြန်မာ့စာနယ်ဇင်းနဲ့ ရုပ်ရှင် လောကရဲ့ ရှေးဦး ရှေ့ဆောင် ပညာရှင်ကြီး ပီမိုးနင်းဟာ ကဗျာကိုလည်း စွဲမက်ခဲ့တာကို တွေ့ရှိ တင်ပြခဲ့တာပါ။ ဒီလို မြန်မာ စာဖတ်ပရိသတ် စိတ်နှလုံးကို အခုထိအောင် ဆွဲဆောင်စေနိုင်ခဲ့တဲ့ ဝတ္ထုရှည်၊ ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာ အမျိုးမျိုး၊ ကြီးပွား တိုးတက်ရေးဆိုင်ရာ စာအုပ်စာတမ်း အဝဝကို ရေးသားခဲ့တဲ့ ဆရာကြီးပီမိုးနင်းဟာ ၅၆ နှစ် အရွယ် ၁၉၄၀ ဇန်နဝါရီ ၆ (၁၃၀၁ ခုနှစ် နတ်တော်လဆုတ် ၁၂ ရက်) မှာ ဆူးလေပန်းခြံနဘေး စက်ဘီးတိုက်မိလို့ ဒဏ်ရာရ သေဆုံးခဲ့ပါတယ်။ အခုဆို ဆရာကြီး ကွယ်လွန်ခဲ့တာဟာလည်း နှစ် ၈၀ ရှိသွားပါပြီ။ ဗမာ့ရုပ်ရှင် ပထမဆုံးဇာတ်ညွှန်းဆရာ ပီမိုးနင်း ၁၃၇ နှစ်ပြည့် နိဂုံး ၁၈၈၃ ခုနှစ် နိုဝင်ဘာ ၅ ရက်က မွေးခဲ့တာမို့ ဆရာကြီးပီမိုနင်း သက်ရှိ ထင်ရှား ရှိနေမယ်ဆိုလျှင် ၁၃၇ နှစ်ပြည့် မွေးနေ့ရက်ဟာ အခုကာလပါပဲခင်ဗျာ။ ဒါကြောင့် သူ့ရဲ့မွေးနေ့ကာလမှာ သူရေးသားခဲ့တဲ့ စာအုပ် စာတမ်းတွေကို ပြန်ဖတ်နေရင်းက အဓိက စွဲမြဲနေတာကတော့ မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ ပြည်ကာလ မြန်မာ့ ပထမဆုံး ရုပ်ရှင် ဇာတ်ညွှန်းရေးဆရာ “ပီမိုးနင်း” အဖြစ်ကို ပိုလို့ ဂုဏ်ယူ လေးစား တန်ဖိုးထားနေမိတာပါခင်ဗျာ။ ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up