Homeမြန်မာသတင်း
ရွေးကောက်ပွဲအနိုင်ရသည့်အပေါ် အတိုင်ပင်ခံပုဂ္ဂိုလ်ကို အာဆီယံခေါင်းဆောင်များ ချီးကျူးဂုဏ်ပြု
ရွေးကောက်ပွဲအနိုင်ရသည့်အပေါ် အတိုင်ပင်ခံပုဂ္ဂိုလ်ကို အာဆီယံခေါင်းဆောင်များ ချီးကျူးဂုဏ်ပြု
DVB
·
November 13, 2020

မြန်မာနိုင်ငံမှာ မကြာသေးခင်က ကျင်းပပြုလုပ်ခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ အောင်မြင်မှု ရရှိခဲ့သည့်အတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဝမ်းမြောက်ဂုဏ်ပြု ကြောင်း အာဆီယံ ခေါင်းဆောင်တွေက ပြောကြားလိုက်ပါတယ်။
နိုဝင်ဘာ ၁၂ ရက်မနက်က video conferencing စနစ်နဲ့ အွန်လိုင်းကနေ ကျင်းပတဲ့ (၃၇)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားနဲ့ (၃၇)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး မျက်နှာစုံညီအစည်းအဝေးမှာပြောကြားခဲ့တာလို့ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက သတင်းထုတ်ပါတယ်။
ထိပ်သီးအစည်းအဝေးကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနကနေ ပါဝင်တက်ရောက်ခဲ့ပြီး အထွေထွေ ရွေးကောက်ပွဲ ရလဒ်နဲ့ပတ်သက်ပြီး ဝမ်းမြောက်ဂုဏ်ပြုကြောင်း ထုတ်ဖော်ပြောဆိုခဲ့ ကြတဲ့အတွက် အာဆီယံခေါင်းဆောင်တွေကို ကျေးဇူးတင်တဲ့အကြောင်း ပြန်လည်ပြောကြားခဲ့ပါတယ်။
ထိပ်သီးအစည်းအဝေးမှာ အာဆီယံခေါင်းဆောင်တွေက အာဆီယံအသိုက်အဝန်း တည်ထောင်ရေး ဆိုင်ရာ ကြိုးပမ်းဆောင်ရွက်မှုတွေ၊ အာဆီယံရဲ့ ပြင်ပဆက်ဆံရေး၊ အာဆီယံရဲ့ အချက်အချာကျမှု ဆက်လက်ထိန်းသိမ်းရေးနဲ့ ဒေသတွင်းနဲ့ နိုင်ငံတကာရေးရာ ကိစ္စရပ် အပေါ် အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြပါတယ်။
အစည်းအဝေးမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ရခိုင်အရေးကိစ္စနဲ့ ပတ်သက်ပြီး မလေးရှားဝန်ကြီးချုပ်ရဲ့ ဆွေးနွေးချက်အပေါ် တုံ့ပြန်ပြောကြားရာမှာ နိုင်ငံတစ်ဝန်း ဘေးကင်းလုံခြုံမှု၊ တရားမျှတမှုနဲ့ အသိုက်အဝန်းတွေအကြား သဟဇာတရှိမှု တို့ကို ဖော်ဆောင်ရေးအတွက် မြန်မာအစိုးရအနေနဲ့ အကောင်းဆုံး ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ပြောပါတယ်။
နေရပ်စွန့်ခွာသူတွေအရေးကိစ္စကို ဖြေရှင်းရာမှာ မိမိတို့အနေနဲ့ အတူတကွပူးပေါင်းဆောင်ရွက်သွားကြဖို့ လိုအပ်ကြောင်း၊ နိုင်ငံဖြတ် ကျော် ရာဇဝတ်မှုကျူးလွန်သူတွေဟာ နည်းပညာကိုအလွဲသုံးစားပြုပြီး ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာတဲ့ ပုံမှန်အနေအထားသစ်နဲ့ အညီ အလျင်အမြန်ပြုပြင်ပြီး လှုပ်ရှားမှုတွေ ပြုလုပ်လာ နိုင်တဲ့အတွက် လူကုန်ကူးမှုပြဿနာဟာ ဒေသအတွက် အန္တရာယ်ကြီးမားနေဆဲဖြစ်ကြောင်းလည်း ပြောပါတယ်။
ဘယ်လိုပုံစံနဲ့ဖြစ်စေ လူကုန်ကူးမှုပြဿနာကို သည်းခံခွင့်လွှတ်မှာ မဟုတ်သလို ရခိုင်အရေးကိစ္စမှာ အတွင်းကျကျ ဆက်စပ်မှုရှိနေတဲ့ အကြမ်းဖက်ဝါဒ (Terrorism) ကို လည်း ဘယ်နည်းနဲ့မှ လက်ခံခြင်းမပြုကြဖို့ လိုအပ်ကြောင်း၊ အကြမ်းဖက်ဝါဒဟာ ရခိုင်ပြည်နယ်ရှိ အသိုက်အဝန်းတွေအကြား သဟဇာတရှိမှုကို ပျက်ပြားစေခဲ့တဲ့ အလျောက် အသိုက်အဝန်းတွေကို ပိုမိုကွဲပြားမှုဖြစ်ပေါ်စေတဲ့ အကြမ်းဖက်လုပ်ရပ်တွေနဲ့ သူတို့ရဲ့ ဝါဒဖြန့်မှုတွေကို ရပ်တန့်ဖို့ ဆောင်ရွက်ကြရမှာဖြစ်ကြောင်းနဲ့ နှစ်ဦးနှစ်ဖက် အကျိုးစီးပွားနဲ့ စိုးရိမ်ပူပန်မှုတို့နဲ့ သက်ဆိုင်တဲ့ အဆိုပါပြဿနာတွေကို ဖြေရှင်းရာမှာ အတူတကွ ပူးပေါင်း ဆောင်ရွက်ကြဖို့ အရေးကြီးတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။
(၃၇)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမှာ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ဗီယက်နမ်ဝန်ကြီးချုပ် Mr. Nguyen Xuan Phuc က သဘာပတိအဖြစ် ဆောင်ရွက်ပြီး၊ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေက ခေါင်းဆောင်တွေ၊ အာဆီယံအတွင်းရေးမှူးချုပ်နဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူချုပ်တို့ ပါဝင်တက်ရောက်ကြပါတယ်။
ဓာတ်ပုံ- State Counsellor