မွန်ပြည်နယ်တွင် မွန်ညီညွတ်ရေးပါတီက ကိုယ်စားလှယ်လောင်း ၉ ဦး အနိုင်ရထား
ပိုင်စိုး
·
November 9, 2020

လတ်တလောသိထားရတဲ့ မဲရလဒ်တွေအရ မွန်ပြည်နယ်ထဲမှာ ကိုယ်စားလှယ်လောင်း ၉ ယောက် အနိုင်ရထားတယ်လို့ မွန်ညီညွတ်ရေးပါတီအောင်နိုင်ရေးအဖွဲ့တာဝန်ရှိသူကပြောပါတယ်။
ရေးမြို့နယ်မှာတော့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ၂ ယောက်အပါအဝင် ကိုယ်စားလှယ်လောင်း ၅ ယောက်လုံးအနိုင်ရတယ်လို့ အောင်နိုင်ရေးအဖွဲ့အတွင်းရေးမှူး နိုင်သန်းရွှေက ပြောပါတယ်။
“တချို့မြို့နယ်တွေက စာရင်းတွေ မရသေးဘူး။ လတ်တလောသိထားရတဲ့ စာရင်းတွေအရ ကိုယ်စားလှယ်လောင်း ၉ ယောက် အနိုင်ရထားပါတယ်” လို့ ပြောပါတယ်။
ပါတီအနေနဲ့ ရန်ကုန်၊ ပဲခူးနဲ့ တနင်္သာရီတိုင်း၊ မွန်နဲ့ ကရင်ပြည်နယ်တို့မှာ ကိုယ်စားလှယ်လောင်း ၆၅ ယောက် ဝင်ရောက် ယှဉ်ပြိုင်ထားပါတယ်။
ရေးမြို့နယ်မှာ အမျိုးသားလွှတ်တော် ၂ ယောက်၊ ပြည်သူ့လွှတ်တော် ၁ ယောက်၊ ပြည်နယ် လွှတ်တော် ၂ ယောက် အနိုင်ရတာဖြစ်ပြီး သံဖြူဇရပ်မှာ ပြည်နယ် ၂ မဲဆန္ဒနယ်၊ မုဒုံမှာ ပြည်နယ် ၂ မဲဆန္ဒနယ်၊ ချောင်းဆုံမှာ ပြည်နယ် ၁ မဲဆန္ဒနယ်၊ ကျိုက်မရောမှာ ပြည်နယ် ၂ မဲဆန္ဒနယ်တို့ အနိုင်ရထားတယ်လို့ နိုင်သန်းရွှေက ပြောပါတယ်။
အဓိက ယှဉ်ပြိုင်ဘက်က အန်အယ်လ်ဒီဖြစ်ပြီး တချို့နေရာတွေမှာတော့ မွန်ပါတီက အပြတ်အသတ်နိုင်ခဲ့တာ ရှိတယ်လို့လည်း ပြောပါတယ်။
အခုရထားတဲ့ စာရင်းရလဒ်တွေဟာ ပါတီတွေရဲ့ မဲရုံကိုယ်စားလှယ်တွေဆီကတဆင့် သိရတာပဲဖြစ်ပြီး ဝင်ရောက်ယှဉ်ပြိုင်သူတွေနဲ့ ရွေးကောက်ပွဲကော်မရှင်က တရားဝင်အတည်ပြု ထားတာတော့ မဟုတ်သေးပါဘူး။