ရေးမြို့နယ်၌ ကြံ့ခိုင်ရေးပါတီ မဲရုံကိုယ်စားလှယ်ထံက တံဆိပ်တုံး ၂ ခု စစ်ဆေးတွေ့ရှိ
DVB
·
November 8, 2020

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်စံပြကျေးရွာနယ်မြေ ၁၀ ရှိ မဲရုံ ၆ မှာ ဒီနေ့မနက်က ကြံ့ခိုင်ရေးပါတီ မဲရုံကိုယ်စားလှယ်အမျိုးသမီး ၁ ဦးထံကနေ UEC မဲတံဆိပ်တုံးပါ ၁ ခုနဲ့ UEC စာတန်း မပါ တံဆိပ်တုံး ၁ ခု စစ်ဆေးတွေ့ရှိပါတယ်။
အဆိုပါအမျိုးသမီးကို ကျေးရွာကော်မရှင်က မသင်္ကာလို့ စစ်ဆေးလိုက်တဲ့အခါ မဲဆန္ဒရှင်တွေအကြား ထွက်ပြေးသွားတဲ့အတွက် အထူးရဲနဲ့ မဲဆန္ဒရှင် ပြည်သူတွေက ဝိုင်းဝန်းထိန်းသိမ်းပြီး သူယူဆောင်လာတဲ့ အိတ်ထဲကို စစ်ဆေးရာ အခုလို မဲတံဆိပ်တုံး တွေ့ရှိရတာလို့ ကျေးရွာရာအိမ်မှူး ဦးနိုင်နိုင်ဇော်က ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျေးရွာရွေးကောက်ပွဲကော်မရှင်က သက်ဆိုင်ရာ မြို့နယ် ရွေးကောက်ပွဲကော်မရှင်ကို သတင်းပေးပို့ ဆောင်ရွက်ပြီးတာနဲ့ မြို့မရဲစခန်းက ဖြစ်စဉ်အမှန်ကို စုံစမ်းစစ်ဆေးနေပါတယ်။
အဆိုပါ အမျိုးသမီးကို မဲတံဆိပ်အတုနဲ့ လိမ်လည်မှုနဲ့ ကျေးရွာကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဖေသန်းက တရားလိုပြုလုပ်ပြီး ရေးမြို့မ ရဲစခန်းမှာ တိုင်တန်းကာ ဆက်လက်စစ်ဆေးပြီး ဥပဒေအရ အရေးယူသွားမယ်လို့ သိရပါတယ်။
အဆိုပါ အမျိုးသမီးကို စေခိုင်းသူရှိမရှိဆိုတာ အသေးစိတ်စစ်ဆေးနေပြီး စေခိုင်းသူရှိရင်လည်း ရဲတပ်ဖွဲ့ဝင်တွေက ဖေါ်ထုတ်သွားမယ်လို့ မြို့မ ရဲစခန်းမှူးက ပြောပါတယ်။
ရွှေ့ပြောင်းရေလုပ်သားတွေ အများဆုံးရှိတဲ့ ရေးမြို့နယ် အစင်စံပြကျေးရွာဟာ လက်ရှိ အန်အယ်လ်ဒီ ပါတီအားကောင်းတဲ့ နေရာဖြစ်ပြီး မဲရုံပေါင်း ၁၀ ရုံရှိသလို မဲပေးခွင့်ရှိသူ ၁၀,၀၀၀ ကျော် ရှိတယ်လို့ ဆိုပါတယ်။
သတင်း - နေမျိုးထွဋ် (ရေး)