Home
ဆောင်းပါး
Any Questions?ရန်ကုန်တိုင်းအစီအစဉ် (တတိယပိုင်း) 
DVB
·
November 6, 2020
၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေကို ပထမအကြိမ် မဲပေးကြမယ့် လူငယ်တွေက သူတို့သိလိုသမျှတွေကို မေးမြန်းပြီး တာဝန်ရှိတဲ့သူတွေက ပြန်လည်ဖြေကြားပေးမယ့် Any Questions?  အစီအစဉ်ကို DVB TV ကနေ တင်ဆက်ပေးနေရာမှာ  ဒီတပတ်အတွက် ရွေးချယ်ထားတာကတော့  ရန်ကုန်တိုင်းအစီအစဉ် တတိယပိုင်း ဖြစ်ပါတယ်။ ဒီအစီအစဉ်ကိုတော့ ကျမ နေရီရီနဲ့အတူ ဦးနေဇော်နိုင်နဲ့ နွယ်နီတင်မောင်တို့က တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်ရှင်။ ကျမတို့ ဒီနေ့အစီအစဉ်အတွက် မပြောမဖြစ်ပြောရမှာက ဂျူဗလီဟောပေါ့။ ဝိတိုရိယဘုရင်မကြီးရဲ့ စိန်ရတုမွေးနေ့ အထိမ်းအမှတ်အဖြစ် ဆောက်ခဲ့တယ် ဆိုပေမယ့် ဒီအဆောက်အဦမှာ မင်္ဂလာဆောင်တွေ၊ လူထုအစည်းအဝေးပွဲတွေ၊ ဟောပြောပွဲ၊ ကပွဲတွေ လုပ်ခဲ့တာပေါ့။ သူက အများပိုင်လေ။ ကိုလိုနီဆန့်ကျင်ရေး၊ ယူနီဗာစီတီ ကျောင်းတိုက် ဖြစ်ပေါ်ရေး၊ ကောလိပ်ဥပဒေ ဆန့်ကျင်ရေး၊ ယူနီဗာစီတီရဲ့ ပထမဆုံး ဘွဲ့နှင်းသဘင် အခမ်းအနား၊ ပထမကျော်အောင်လက်မှတ်တို့ ဆည်းကပ်ရာပေါ့။ ဂန္ဒီလည်း ရောက်ခဲ့ဖူးရဲ့။ နိုဘဲလ်ဆုရှင် ဘင်္ဂါလီကဗျာဆရာကြီး တဂိုးလည်း ဒီခန်းမမှာ ဂုဏ်ပြုခံခဲ့ဖူးတယ်။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂလည်း ဒီနေရာမှာ ဖွဲ့စည်းခဲ့တာပေါ့။ သမိုင်းတစ်ခုလုံးလွှမ်းခြုံထားတဲ့ ဘူမိနက်သန် အဆောက်အဦကြီးပါပဲ။ အခုတော့ လက်ညှိုးထိုးပြစရာ ပြတိုက်ထဲ ချိတ်ထားတဲ့ ဓာတ်ပုံကလွဲလို့ မရှိတော့ပြီပဲ။ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးအလံတင် အခမ်းအနားပြီးတာနဲ့ ဝန်ကြီးချုပ်ဦးနုက ဗန္ဓုလပန်းခြံမှာ လွတ်လပ်ရေးအောင်ပွဲနဲ့ လွတ်လပ်ရေး မော်ကွန်းကျောက်တိုင်ကို ပန္နက်ချခဲ့တယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရခဲ့ပါပြီ။ အဲဒီနောက်တော့ အဆောက်အဦတွေဟာ မြန်မာပညာရှင်တွေရဲ့ အရှေ့တိုင်းဟန် အငွေ့အသက်ဆီကို ကူးပြောင်းလာခဲ့ပါတော့တယ်။ မြို့တော်ခန်းမကြီးကတော့ ကိုလိုနီခေတ်က ဆောက်ခဲ့ပေမယ့် မြန်မာမှုတွေနဲ့ ဆောက်ခဲ့တာ။ ကိုလိုနီခေတ်ကတည်းက ရန်ကုန်ကို မြို့တော်အဖြစ်သမုတ်ခဲ့သလို၊ လွတ်လပ်ရေးရပြီးနောက်လည်း မြန်မာပြည်ရဲ့ မျက်နှာစာမြို့တော်အဖြစ် ယနေ့ထိတိုင် ရှိနေဆဲပါ။ ၁၉၄၈ ကနေ ၁၉၅၈ အထိ ဖဆပလ အုပ်ချုပ်ခဲ့တဲ့ကာလကို နိုင်ငံရေးခေတ်လို့ ဆိုကြတယ်။ ၁၉၆၀ ကနေ ၁၉၆၂ အထိကိုတော့ နိုင်ငံရေးခေတ် နေဝင်ချိန်အဖြစ် သမိုင်းတင်ခဲ့ကြတယ်။ နိုင်ငံရေးခေတ်အတွင်းမှာ ခြောက်ထပ်ရုံး၊ မြန်မာ့အသံ၊ လိပ်ခုံးခန်းမ၊ စာပေဗိမာန်၊ သမ္မတဟိုတယ်၊ ရန်ကုန်လေဆိပ်၊ တက္ကသိုလ်ရပ်ဝန်းထဲက အပန်းဖြေရိပ်သာနဲ့ စီးပွားရေးတက္ကသိုလ် စတာတွေဟာ နိုင်ငံရေးခေတ်ကာလရဲ့ လွတ်လပ်ခဲ့တဲ့ အဆောက်အဦတွေပေါ့။ ခေတ်တစ်ခုရဲ့ နေဝင်ချိန်ကိုလွန်တာနဲ့ ညဘက်အမှောင်သမ်းလာတာ သဘာဝဓမ္မတစ်ခုပါပဲ။ ဒီလိုနဲ့ ၁၉၆၂ ခုနှစ် စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းယူလိုက်ပါတော့တယ်။ လွတ်လပ်ရေးလှုပ်ရှားမှုအတွက် တော်လှန်ရေးသန္ဓေတည်ခဲ့ရာ ကျောင်းသားသမဂ္ဂ အဆောက်အဦလည်း ပြိုကျသွားခဲ့သလို၊ ရန်ကုန်ဟာ ဒဏ်ရာတွေနဲ့ ပြည့်နေတဲ့ မြို့တစ်ခု ဖြစ်လာခဲ့တယ်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်မှာ ဆန်၊ ဆီ၊ ဆားနဲ့ လူသုံးကုန်ပစ္စည်းတွေ တန်းစီတိုးရင်း မြန်မာနိုင်ငံဟာ LDC နိုင်ငံအဖြစ် နိုင်ငံမွဲစာရင်းထဲ ရောက်ရှိသွားခဲ့ပါတော့တယ်။ နိုင်ငံရေးအစ ရန်ကုန်ကဆိုတဲ့ သတင်းစာဆရာကြီး ဦးသိန်းမောင်စကားလိုပဲ၊ မဆလ ကာလတလျှောက်လုံး လူထုရဲ့ အထွေထွေ မကျေနပ်မှုတွေဟာ ပြည်တည်နာတစ်ခုလို ပိုလို့ရင့်မှည့်လာပြီး ၁၉၈၈ ခုနှစ်မှာ လူထုတရပ်လုံး အုံကြွလို့ ကမ္ဘာကျော် ၈ လေးလုံး ပြည်သူ့အရေးတော်ပုံကြီး ဖြစ်လာခဲ့ပါတော့တယ်။ အဲဒီနောက် နိုင်ငံတော်ရဲ့ အပြောင်းအလဲတွေဟာ ဆပ်ကပ်ဆရာရဲ့ စေခိုင်းရာ ပြကွက်အတိုင်း ပန်းစင်္ကြာမှန်ပြောင်း ကြည့်နေရသလို အသွေးအရောင် အမျိုးမျိုး ပြောင်းလဲလို့သွားခဲ့ပါတယ်။ အာဏာရှင်တို့ အမျက်ဒဏ်သင့်နေတဲ့ ရန်ကုန်မြို့တော်ဟာ ၂၀၀၅ ခုနှစ် နိုဝင်ဘာ ၆ ရက်နေ့မှာတော့ မြို့တော်အဖြစ်ကနေ ရွေ့လျှောလို့ သွားခဲ့ပါပြီ။ မြန်မာပြည်ရဲ့ မြို့တော်ဟာ နေပြည်တော်ကို ပြောင်းရွှေ့သွားခဲ့ပေါ့။ ရန်ကုန်အစဟာ ဥက္ကလာပလို့ပဲဆိုဆို၊ လဂမ်းမြို့လို့ပဲပြောပြော၊ ဒဂုံလို့ပဲခေါ်ခေါ်၊ အရာမဏမြို့လို့ပဲ သုံးသုံး၊ အောင်မြင်ရန်နှင်မြို့လို့ပဲ ပြောင်းပြောင်း၊ တကယ်တော့ ရန်ကုန်မြို့ဟာ အလောင်းမင်းတရားကြီးရဲ့ မြို့တည်နှစ် ၁၇၅၅ ခုနှစ်ကနေ စတင်ရေတွက်မယ်ဆိုရင် နှစ်ပေါင်း ၂၆၅ နှစ် ပြည့်ခဲ့ပါပြီ။ ဒီကာလအတွင်း ရန်ကုန်မြို့ဟာ မြို့သစ်ချဲ့ထွင်မှုတွေကြောင့် မဟာရန်ကုန်ဆိုတဲ့ စကားနဲ့အညီ ပိုမိုပြန့်ကားကျယ်ဝန်းလို့ လာခဲ့တာပေါ့။ ဘာပဲဖြစ်ဖြစ် ရန်ကုန်မြို့တော်ကြီးကတော့ မြန်မာနိုင်ငံရဲ့ အကြီးဆုံးမြို့ ဖြစ်သလို၊ နိုင်ငံတော်မျက်နှာစာအဖြစ်ကနေ မပြောင်းမလဲ မတ်မတ်ခိုင်ခိုင် တည်ရှိနေဦးမှာပဲ ဖြစ်ပါတော့တယ်ခင်ဗျာ။ ဒါကတော့ ကျနော်တို့ Any Questions? အဖွဲ့သားတွေ စုစည်းတင်ဆက်ထားတဲ့ ရန်ကုန်ပုံရိပ် နောက်ဆုံးပိုင်း ဖြစ်ပါတယ်။ Any Questions? အစီအစဉ်မှာ ကျနော်တို့ တိုက်ရိုက်မေးကြတဲ့သူတွေ ရှိတယ်၊ ကြိုတင်ပြီးတော့ ရယူထားတဲ့ မေးခွန်းတွေရှိသလို၊ စာနဲ့ လှမ်းပြီးတော့ မေးကြတာလည်း ရှိပါတယ်။ အခု ကျနော် စာနဲ့ပေးပို့ ထားတဲ့သူတွေရဲ့ စာတွေကို ဖတ်ပြမှာဖြစ်ပါတယ်။ ဖတ်ပြပြီး ကျနော်မေးမှာ ဖြစ်ပါတယ်။ ပထမဆုံးကတော့ ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီကိုမေးထားတာပါ။ ကျော်ခန့်မင်း၊ ဒဂုံမြို့သစ်က မေးထားတာ ဖြစ်ပါတယ်။ ကျူးကျော်တွေကို ဘယ်လိုထိန်းသိမ်းမလဲ၊ မော်တော်ယာဉ်ကျပ်တည်းမှုကို ဘယ်လိုထိန်းသိမ်းမလဲ၊ နောက်ဖေးလမ်းကြားက အမှိုက်တွေကို ဘယ်လိုကိုင်တွယ်မလဲ၊ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီကို မေးတာပဲ ဖြစ်ပါတယ်ခင်ဗျ။ ဖြေ။ ။ မေးခွန်းမေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျမတို့ ဒီ ကျူးကျော်တဲတွေနဲ့ ပတ်သက်တာတွေ၊ အမှိုက်တွေနဲ့ ပတ်သက်တာတွေကတော့ ကျမတို့ မြို့ပြအင်္ဂါရပ်နဲ့ မူတည်ပါတယ်ရှင့်။ Organization development ထဲမှာဆိုလို့ရှိရင် မြို့ပြတစ်ခုရဲ့ ဖွံ့ဖြိုးမှုအင်္ဂါရပ်တွေနဲ့အညီ တည်ဆောက်ရမယ်၊ ပြုပြင်ရမယ်၊ ထိန်းသိမ်းရမယ်ဆိုတဲ့ အချက်တွေရှိပါတယ်။ အဲဒါကြောင့်မို့လို့ ကျူးကျော်တွေဖြစ်လာတဲ့ ပြဿနာရဲ့ ရင်းမြစ်ကို ကျမတို့က အရင်စဉ်းစားရမှာ ဖြစ်ပါတယ်။ အဲဒီတော့ ဒီ ပြဿနာရဲ့ ရင်းမြစ်ကဘာလဲဆိုရင် ဒီ ရွှေ့ပြောင်းသူတွေ ဖြစ်တည်လာတယ်။ မြို့သစ်တွေတည်တိုင်း တည်တိုင်းမှာလည်း ဒီပြဿနာဟာ မထူးဆန်းပါဘူး။ ဒီနေ့ ကမ္ဘာမှာ မြို့သစ်ကြီးတွေ အကြီးအမား တည်ဆောက်သွားတဲ့မြို့တွေမှာဆိုရင်၊ တောင်ကိုရီးယားလို နိုင်ငံမှာဆိုရင်၊ စင်ကာပူလိုနိုင်ငံမှာ ဒီပြဿနာဖြေရှင်းတဲ့ ပြဿနာအဖြေထုတ်မှုတွေဟာ ကျမတို့အတွက် လေ့လာစရာ ကောင်းတဲ့အချက်တွေ ဖြစ်ပြီးသားပါ။ ဒါကြောင့် ကျူးတွေဖြစ်လာတာသည် မြို့ပြတစ်ခု၊ မြို့သစ်တွေ မြို့သစ်တွေ တည်ဆောက်တိုင်းမှာ ဒီကျူးလို ပြဿနာမျိုးတွေဟာ မြို့တိုင်းမြို့တိုင်းမှာ ကျန်ရစ်ခဲ့ပါတယ်။ အဲဒီတော့ မြို့ပြတစ်ခု တည်ဆောက်မယ် ဆိုတိုင်းမှာ ဒီပြဿနာဖြေရှင်းမှုကို ထည့်ပြီး စဉ်းစားရမှာ ဖြစ်ပါတယ်။ မြို့ပြတစ်ခု တည်ဆောက်ဖို့အတွက် ကြာမယ့်အချိန်ကာလ အပြင်မှာ ဒီလို ရွှေ့ပြောင်းလုပ်သားတွေ အတွက်ကိုပါ တစ်ခါတည်း ထည့်သွင်းပြီးတော့မှ နေရာချမှုကို စီစဉ်ထားမယ်ဆိုရင် ကျူးတွေပြဿနာ မပေါ်ပေါက်လာနိုင်ပါဘူး။ အခုလက်ရှိ ကျူးတွေပြဿနာသည် ကျမတို့ မြို့ပြင်လေးကို ထွက်လိုက်တာနဲ့ တပြိုင်တည်း အင်မတန်ပေါ့၊ မြို့ပြတစ်ခုထက်တောင် ကြီးမားတဲ့ ကျူးပြဿနာကြီးက အကြီးကြီးဖြစ်နေတာပါ။ ဒါကြောင့်မို့လို့ ဒါတွေကို ကျမတို့က အခြေခံအချက်အလက်တွေကို ဒေတာတွေကောက်ပြီးတော့မှ ဒါတွေကို ဘယ်လိုဖြေရှင်းမလဲ ပေါ့နော်။ ပြီးတော့ ပြဿနာကဘာလဲဆိုရင် ကျမတို့ ကျေးလက်တွေမှာပါ အလုပ်အကိုင်ရှားပါးမှု ပြဿနာက ကျမတို့ ကျူးတွေ အများကြီးဖြစ်ပေါ်စေတယ်ပေါ့။ မြို့ပြပေါ်မှာ မဖြစ်မနေတက်ပြီး မဖြစ်မနေ အလုပ်လုပ်ရမယ်ဆိုတဲ့ ပြဿနာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ မြို့ပြနဲ့ကျေးလက် ဖွံ့ဖြိုးမှုကို ညီမျှအောင်လုပ်နိုင်မယ်၊ ကျူးတွေအတွက် ကျမတို့ လက်ရှိဖြစ်နေတဲ့ ပြဿနာတွေကို ကျမတို့ ဘယ်လိုဖြေရှင်းမလဲပေါ့၊ ကျမတို့ ဘတ်ဂျက်တစ်ခု သုံးပြီးတော့မှ ဒါကို ဖြေရှင်းနိုင်မယ်ဆိုရင် ကျူးပြဿနာက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြီးသွားပါမယ်။ ဒါလေးတစ်ခုပေါ့နော်။ နောက်တစ်ခုက အမှိုက်ပြဿနာသည်လည်းပဲ ကျမတို့က မြို့ပြပြဿနာတွေပါနော်။ ခုနကပြောတဲ့ ဒီလိုမျိုး ကျူးတွေဖြစ်လာရင်လည်း အမှိုက်ကပိုပြီးတော့ ပြဿနာဖြစ်တတ်တော့ အခြေကျနေထိုင်မှုထက် စာလို့ရှိရင် ကျူးကျော်တွေမှာ စနစ်တကျအမှိုက်စွန့်ပစ်မှုတွေ၊ စနစ်တကျရေဆိုးတွေ၊ ရေသန့် သုံးစွဲမှုတွေကို စီစဉ်မထားနိုင်ဘူးဆိုရင် ဒါ မြို့ပြအင်္ဂါရပ်ကို ဖျက်ဆီးနေတဲ့ အမှိုက်တွေပိုပြီး စွန့်ပစ်တာ၊ များပြားတာ၊ လူတွေအတွက် ကျန်းမာရေးထိခိုက်တာ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်မို့လို့ ကျမတို့က စည်ပင်ရဲ့လုပ်ငန်းဆောင်တာများကို ပုံစံတစ်ခုချင်းတည်ဆောက်ပြီးတော့မှ အမှိုက်ရှင်းလင်းတဲ့ စနစ်ကို ပြုလုပ်ရမှာဖြစ်ပါတယ်။ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုကို စနစ်တကျ ကိုင်တွယ်နိုင်မယ်ဆိုရင် မြို့ပြအင်္ဂါရပ်နဲ့အညီ လှပတဲ့၊ သန့်ရှင်းတဲ့၊ ကောင်းမွန်တဲ့ မြို့ပြတစ်ခု ဖြစ်လာမယ်လို့ ပြောချင်ပါတယ်။ အဲဒီတော့ ကျမတို့ ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီသာ အနိုင်ရမယ်ဆိုရင် မြို့ပြဖွံ့ဖြိုးတိုးတက်မှုတွေနဲ့ ကျေးလက်ဖွံ့ဖြိုးတိုးတက်မှုကို မျှတအောင်ကိုင်မယ်လို့ ကျမတို့ ကတိပြုနိုင်ပါတယ်ရှင့်။ ကျေးဇူးတင်ပါတယ်။ ဆိုတော့၊ နောက်ထပ် စာတစ်စောင်ရှိပါတယ်။ အောင်ကိုဟိန်း (အင်းစိန်) ရဲ့စာဖြစ်ပါတယ်။ NLD ပါတီအနေနဲ့ အနာဂတ်အတွက် အဖွဲ့အစည်းကို ဆက်လက်တည်မြဲအောင် ဘာတွေဆောင်ရွက် ထားပါသလဲ။ ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်တည်းရဲ့ နိုင်ငံရေးပါဝါကို မှီခိုနေပါသလား။ အကယ်၍  NLD ပါတီအနေနဲ့ လာမယ့်ရွေးကောက်ပွဲမှာ အနိုင်ရရှိပါက ငါးနှစ်အတွင်း နိုင်ငံရဲ့ ဘယ်အရာတွေကို ဦးစားပေး ဆောင်ရွက်မှာပါလဲတဲ့။ ဟုတ်ကဲ့။ NLD ပါတီနဲ့ ပတ်သက်ပြီးတော့ လိုရင်းပဲ ကျနော်ဖြေပေးပါ့မယ်။ အနာဂတ်အတွက် ပြုစုပျိုးထောင်ခြင်းကိုတော့ ကျနော်တို့က ပါတီမှာ လူငယ်လုပ်ငန်းအဖွဲ့ဆိုတာ ရပ်ကွက်၊ ကျေးရွာအုပ်စု အဆင့်ကနေပြီးတော့ ဗဟိုအဆင့်အထိ၊ ရပ်ကွက်ကျေးရွာ၊ မြို့နယ်၊ ခရိုင်၊ ပြည်နယ် တိုင်း၊ ဗဟိုဆိုပြီး အဆင့်ဆင့် လူငယ်လုပ်ငန်းအဖွဲ့တွေကို ရွေးကောက်တင်မြှောက်ခံရတဲ့ လူငယ်တွေနဲ့ ကျနော်တို့က စနစ်တကျ တည်ဆောက်ပြီးတော့ လူငယ်တွေကိုလည်း စနစ်တကျ လေ့ကျင့်သင်ကြားပေးလျှက် ရှိပါတယ်။ ပြီးလို့ရှိရင် ဥပဒေအရ သတ်မှတ်ထားတဲ့ သက်တမ်းမီတဲ့လူငယ်တွေ အားလုံးကို အခုလို ရွေးကောက်ပွဲ ကာလနဲ့ ကြုံတဲ့အခါမှာ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့်နဲ့ နောက် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို စဉ်းစားတဲ့အခါမှာလည်း လူငယ်တွေကို သတ်မှတ်တဲ့ အချိုးအစားတစ်ခု ထည့်သွင်းပြီးတော့ လေ့ကျင့်သင်ကြားမှုတွေလည်း လုပ်လျှက်ရှိပါတယ်။ ဒါကြောင့်မို့လို့ NLD ပါတီက လူငယ်ပြုစုပျိုးထောင်ရေး လုပ်ငန်းတွေကို စနစ်တကျ ဆောင်ရွက်ခြင်းအားဖြင့် အနာဂတ်ကို ပြင်ဆင်ထားပြီးသား ဖြစ်ပါတယ်။   ဒါကလည်း ပါတီစတည်ထောင်ကတည်းက စပြီးတော့ လုပ်ခဲ့တာဖြစ်တဲ့အတွက် နှစ်ပေါင်း ၃၀ ကျော် လေ့ကျင့်ခဲ့ပါပြီ။ ကျနော်တို့လည်း အဲဒီ NLD က လေ့ကျင့်ပေးတဲ့ NLD လူငယ်ထဲကနေ ဒီနေ့ လူကြီးတာဝန်တွေ ယူလာရတဲ့ မျိုးဆက်ပဲဖြစ်ပါတယ်။ နောက်တစ်ခုကတော့ NLD ပါတီဟာ တစ်ဦးတစ်ယောက်အပေါ်မှာ မှီခိုပြီးတော့ တည်ဆောက်ထားတဲ့ပါတီ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ စပြီးတော့ NLD ပါတီ တည်ထောင်စဉ်ကတည်းက ဒီမိုကရေစီအရေး လှုပ်ရှားမှု၊ ၁၉၈၈ ပြည်သူ့အရေးတော်ပုံကြီးမှာ ပါဝင်ခဲ့ကြတဲ့ အလွှာအသီးသီးတော့ တတ်သိပညာရှင်တွေ၊ တပ်မတော်သားဟောင်း မျိုးချစ်ပုဂ္ဂိုလ်ကြီးတွေ၊ အထွေထွေသမဂ္ဂတွေကို ကိုယ်စားပြုတဲ့ ပြည်သူတွေ အားလုံးရဲ့ ကိုယ်စားပြုသူတွေနဲ့ ပူးပေါင်းပြီးတော့ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ NLD ပါတီအနေနဲ့ ရှေ့ဆက်ပြီးတော့ တာဝန်ယူတဲ့အခါမှာလည်း ပိုပြီးတော့ ကောင်းမွန်တဲ့ ပါတီဖွဲ့စည်းပုံကို ကျနော်တို့ တည်ဆောက်ထားတာ ဖြစ်တဲ့အတွက် ပါတီတွင်းမှာ ပါတီညီလာခံတွေကို အဆင့်ဆင့် ငါးနှစ်တစ်ကြိမ် ရွေးကောက်တင်မြှောက်ဖို့ ပါတီညီလာခံတွေ ရှိပါတယ်။ အဲဒီပါတီညီလာခံတွေကနေပြီးတော့ ရွေးကောက်တင်မြှောက်လိုက်တဲ့ ကိုယ်စားလှယ်တွေနဲ့ ဗဟိုကော်မတီ၊ ဗဟိုအလုပ်အမှုဆောင်အထိ အဆင့်ဆင့် ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ပါတီကို မူဝါဒကို အခြေခံပြီးတော့သာ တည်ဆောက်ထားတဲ့အတွက် အဲဒီမူဝါဒတွေ ကောင်းမွန် မှန်ကန်နေတယ်၊ အများရဲ့ အကျိုးကို ဆောင်ရွက်ဖို့အတွက် သဟဇာတဖြစ်နေတယ်ဆိုရင် ပါတီရဲ့ ရပ်တည်ရေးနဲ့ ရှေ့ဆက်ရမယ့်အနာဂတ်က စနစ်တကျ ဆက်လက်ပြီးတော့ သွားနေနိုင်မယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ ဟုတ်ကဲ့။ ဆိုတော့၊ ကျနော်တို့ စာနဲ့ရေးသားပေးပို့ကြတဲ့ နေရာမှာ တချို့မေးခွန်းတွေက မေးမယ့်ပါတီချင်းလည်း တူတယ်၊ မေးမယ့်အကြောင်းအရာကလည်း တူနေတာမျိုး ဖြစ်နေတဲ့အခါကျရင် ကျနော်တို့က ပေါင်းလိုက်ပါတယ်။ အဲဒီတော့ တချို့မေးခွန်းမေးထားပြီး မပါခဲ့သည်ရှိရင် ကျနော်တို့ကို နားလည်ခွင့်လွှတ်ပေးပါ။ ကျနော်တို့ကလည်း အချိန်အကန့်အသတ်ကလေးမှာ အဲဒီလိုမျိုး ပါတီတူတာလေးတွ၊ အကြောင်းအရာတူတာလေးတွေ ပြန်စုလိုက်တဲ့အခါကျတော့ ပါတီဘက်က ပြန်ဖြေသွားတဲ့အခါကျတော့ ကိုယ့်ကို တိုက်ရိုက်မဖြေဘူးဆိုပေမယ့် နောက်တစ်ယောက်ရဲ့ အဖြေထဲမှာ ကိုယ်မေးလိုက်တဲ့ မေးခွန်းလေးလည်း ပါသွားမှာပါလို့၊ အဲဒီလိုလေး နားလည်စေချင်ပါတယ်။ ဆိုတော့ အခု ဒီမှာ သင်းသင်းဇော် (သာကေတ) က မေးပါတယ်။ ရန်ကုန်တိုင်းမှာ အခြေခံလူတန်းစားက များသလို၊ လက်လှုပ်မှ ပါးစပ်လှုပ်ရတယ်ဆိုတဲ့ ဘဝမျိုးတွေကို ပြောင်းလဲပေးနိုင်ဖို့ အရေးအကြီးဆုံးအချက်က ဘာလို့ ထင်ပါသလဲ၊ ဘယ်လိုပြုပြင်ပေးနိုင်ပါသလဲတဲ့။ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီကို မေးထားတာ ဖြစ်ပါတယ်ခင်ဗျာ။ အဲဒီတော့ ကျမတို့ ရန်ကုန်မြို့မှာမှ အခြေခံလက်လုပ်လက်စားတွေ များတာမဟုတ်ဘူးပေါ့နော်။ ကျမတို့ နိုင်ငံမှာ လူတန်းစားအလွှာအသီးသီးက တဖြည်းဖြည်းနဲ့ ကျမတို့က လူလတ်တန်းစားကနေပြီး အောက်ကိုကျလာပြီးတော့မှ လက်လုပ်လက်စားတွေ များလာတဲ့ အခြေအနေဖြစ်ပါတယ်။ အဲဒီတော့ ရန်ကုန်မြို့အနေနဲ့ပဲကို ကျမတို့ ဖြေရမယ်ဆိုရင် တကယ်တမ်းတော့ Ano ang employment rate ကို ကျမတို့ လျှော့ချဖို့လိုပါတယ်။ ပြီးတော့ အလုပ်လက်မဲ့ပြဿနာကို လျှော့ချမယ်ဆိုရင် သာမန်အနေနဲ့ လျှော့ချလို့မရပါဘူး။ အလုပ်အကိုင် ဖန်တီးခွင့် ကျမတို့ ရှာဖွေရမှာ ဖြစ်ပါတယ်။ အဲဒီတော့ ဒီ ပထမပိုင်းတော့ ကျမတို့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေက လုပ်ငန်းကိုင်ငန်းတွေ နှေးကွေးသွားပြီ ဆိုလို့ရှိရင်လည်း အလုပ်လက်မဲ့ပြဿနာကြီး တက်လာနိုင်တယ်။ အလုပ်အကိုင် ရှားပါးတဲ့ ပြဿနာတွေ ဖြစ်လာနိုင်တယ်။ ဒီလိုအခြေအနေမှာဆိုရင်တော့ ကျမတို့က ဈေးကွက်ဖြည့်တင်းမှုပေါ့နော်။ အလုပ်သမား အလုပ်အကိုင် ရရှိဖို့ ဈေးကွက်ဖြည့်တင်းမှုရပြီဆိုရင်တော့ ကျမတို့က အစိုးရကနေပြီးတော့ အလုပ်အကိုင် ဖန်တီးတဲ့ လုပ်ငန်းမျိုးတွေ လုပ်လာဖို့ အများကြီးလိုလာပါတယ်။ ဒါကြောင့်မို့လို့ ကျမတို့ ရန်ကုန်မြို့မှာ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးဖို့သည် တိုင်းဒေသကြီးအစိုးရမှာ တာဝန်ရှိသလို၊ ဗဟိုအစိုးရမှာလည်း ကျမတို့က မြို့ပြနဲ့ကိုက်ညီသော အလုပ်အကိုင်များ၊ ကျေးလက်နဲ့ကိုက်ညီသော အလုပ်အကိုင်များ အဲဒါမျိုးတွေကို ကျမတို့ ဖန်တီးပေးမှသာလျှင် လက်လုပ်လက်စားတွေရဲ့ ပြဿနာဟာ အလုပ်လိုချင်ရင် လူတိုင်းအလုပ်အကိုင် ရရမယ်ပေါ့နော်။ ကျမတို့ ပါတီမှာဆိုရင် ကတိကဝတ် ၁၂ ချက်မှာဆိုရင် လူတိုင်းလူတိုင်းဟာ အလုပ်အကိုင် လုပ်ကိုင်နိုင်စွမ်း ရှိပြီး လုပ်ကိုင်လိုတဲ့သူတွေဆိုရင် အလုပ်အကိုင် ရရှိဖို့ အာမခံထားပါတယ်။ ဒါက ကျမတို့ မြို့ပြမှာရှိနေတဲ့၊ ကျေးလက်မှာရှိနေတဲ့ လိုအပ်ချက် အလုပ်အကိုင်အခွင့်အလမ်းကို ဖန်တီးပေးမယ်လို့ ကျမတို့ ကတိပြုထားတာ ဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ ကျမတို့ ဖြေရှင်းပေးပါမယ်လို့ ကျမရှင်းပြချင်ပါတယ်ရှင်။ ကျေးဇူးတင်ပါတယ်။ ဟုတ်ကဲ့။ နောက်ထပ်တစ်စောင် ရှိပါတယ်။ မယဉ်မေဦး (တောင်ဒဂုံ)။ ဆိုတော့ ဒါကလည်း ခုနက မေးခွန်းနဲ့ ဆင်တူရိုးမှားဆိုပေမယ့် ပါတီမတူတဲ့အခါကျတော့ အဖြေတစ်မျိုး ရနိုင်ပါလိမ့်မယ်လို့ ကျနော် ထင်ပါတယ်။ လူငယ်တွေအတွက် ကိုဗစ်ပြီးရင်တဲ့၊ အလုပ်အကိုင်အခွင့်အလမ်း ဘယ်လိုလုပ်ပေးဖို့ ရှိပါသလဲတဲ့။ လူငယ်တွေအတွက် ပညာရေးနဲ့ ပတ်သက်ပြီး အဝေးသင်စနစ်ကို အခုထက်ပိုမို ကောင်းမွန်အောင် လုပ်ပေးဖို့ရှိပါသလားဆိုပြီး ပြည်သူ့ရှေ့ဆောင်ပါတီကို မေးထားတာ ဖြစ်ပါတယ် ခင်ဗျာ။ ကျေးဇူးပါရှင့်။ ကိုဗစ်ကာလမှာ၊ ကိုဗစ်ကတော့ ဘယ်တော့ ပြီးမလဲ မသိဘူးပေါ့နော်။ ကိုဗစ်ကြောင့်မို့လို့ ရှိရင်းစွဲအလုပ်အကိုင်တွေ ပိတ်ထားရတယ်။ ပြီးလို့ရှိရင် ကျောင်းတွေလည်း ပိတ်ထားရတယ်။ ကျောင်းပြီးခါစ လူငယ်တွေလည်း အလုပ်အကိုင် ရှာမလို့ဟာ အလုပ်တွေက ပိတ်ထားရတဲ့ အခါကျတော့ လူငယ်တွေအတွက်ကို စိန်ခေါ်မှု သိပ်ကိုမှများတဲ့ ကာလဖြစ်ပါတယ်ရှင့်။ ဒီ ကိုဗစ်ပြီးတဲ့အချိန်မှာ အခုဆိုလို့ရှိရင် ကျမတို့တွေက Work from home ပေါ့နော်။ အိမ်ကနေ အလုပ်လုပ်တယ်။ အခုတောင်မှ ကျမတို့ ရန်ကုန်တိုင်းတတိုင်းလုံးမှာရှိတဲ့ လူငယ်တွေနဲ့၊ ဒီဗီဘီနဲ့ ကျမတို့ ပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးတာ အွန်လိုင်းမှာ ဆွေးနွေးတယ်ပေါ့နော်။ ဒါတွေက ကျမတို့က New normal လို ဖြစ်လာတာပေါ့နော်။ ဒါ ပုံမှန်အခြေအနေ အသစ်လိုဖြစ်လာတဲ့ အခါကျတော့ ကျမအနေနဲ့ ဒီ အဝေးသင်ပညာရေးကို ဒီလို နည်းပညာတွေ အသုံးချပြီးတော့မှ ထိထိရောက်ရောက် သင်ကြားဖို့ကို ဒါတွေက တကယ်လုပ်မယ်ဆိုရင် တကယ် ဖြစ်နိုင်တဲ့ ကိစ္စတွေ ဖြစ်ပါတယ်ရှင့်။ ကျမကိုယ်တိုင်လည်း Ph.D ဘွဲ့ ၆ နှစ်ကို အွန်လိုင်းနဲ့ အမေရိကားက တက္ကသိုလ်နဲ့၊ အွန်လိုင်းနဲ့ တက်တယ်။ ဒါပေမယ့် တက္ကသိုလ်ကိုတော့ ၄ ကြိမ်ပဲ သွားရတယ်ပေါ့နော်။ လူအားဖြင့်တော့ ၄ ကြိမ်ပဲသွားရတယ်။ သို့သော်လည်းပဲ တကယ်ကို အရည်အသွေးပြည့်တဲ့ ပညာရေး ဖြစ်ပါတယ်ရှင့်။ အဲဒါတွေက ကျမတို့ နိုင်ငံတကာရဲ့ မော်ဒယ်တွေယူပြီးတော့မှ ကျမတို့က ကိုယ့်အိမ်ကနေ၊ ကိုယ့်ယာကနေ အလုပ်လုပ်ရင်းနဲ့ စာသင်တာပေါ့နော်။ အဝေးသင်တွေ။ အဓိကကတော့ ခုနက eGovernment လုပ်သလိုပဲ၊ ကျမတို့က အွန်လိုင်းကနေပြီးတော့မှ၊ တကယ့် အွန်လိုင်းအသုံးချပြီးတော့မှ အွန်လိုင်းကနေပြီး စာသင်တာတို့၊ စာမေးပွဲဖြေတာတို့ ဒါတွေကို ထိထိရောက်ရောက် တကယ် ဆောင်ရွက်လို့ ရနိုင်ပါတယ်ရှင့်။ အဲဒါ မဆောင်ရွက်သေးတာကတော့ ကျမ နည်းနည်းတော့ အံ့သြတယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆိုလို့ရှိရင်၊ တစ်ခါတလေကျလို့ရှိရင် ကျမတို့ ငယ်ငယ်တုန်းကတော့ မိဘကနေပြီး တက္ကသိုလ်လွှတ်လိုက်တယ်။ အခုအချိန်မှာကျတော့ ဘာဖြစ်လဲဆိုလို့ရှိရင် မိဘတွေကနေ သားသမီးတွေရဲ့ လုပ်အားနဲ့လည်း ဝင်ငွေ လိုအပ်နေတဲ့ အခါကျတော့ သားသမီးတွေက အလုပ်လည်း လုပ်ရတယ်၊ ပညာလည်း သင်ရတယ်။ အဲဒီလိုမျိုး လူငယ်တွေ များလာပါတယ်။ များလာတဲ့အချိန်မှာ ဒီ အွန်လိုင်း ပညာရေးပေါ့နော်။ အဝေးသင် ပညာရေးကို ကျမတို့က တကယ်ကို အရည်အသွေးကောင်းကောင်းနဲ့ တကယ်သင်ယူမှု၊ သင်ကြားမှု ကောင်းကောင်းနဲ့ တတ်မြောက်အောင် သင်ကြားလို့ ရပါတယ်ရှင့်။ ဒါက လုပ်မယ်ဆိုလို့ရှိရင် တကယ်ကို တွင်တွင်ကျယ်ကျယ်နဲ့ လုပ်လို့ရပါတယ်။ ဟုတ်ကဲ့ဗျ။ ဆိုတော့ ကျနော်တို့ဆီကို စာနဲ့ရေးသားပေးပို့ကြတဲ့ လူငယ်တွေကိုရော၊ ပြန်လည်ဖြေကြားပေးတဲ့ ပါတီအသီးသီးက ကိုယ်စားလှယ်တွေကိုရော အထူး ကျေးဇူးတင်ပါတယ်။ ဒီတော့ ကျနော်တို့ အခု တိုက်ရိုက် ပြန်လည်မေးခွန်းမေးမယ့်အစီအစဉ် စတင်မှာ ဖြစ်ပါတယ်။ တိုက်ရိုက် အစီအစဉ်မှာတော့ ကျနော်တို့ နွယ်နီတင်မောင်ကနေပြီးတော့ ဆက်ပြီးတော့ တာဝန်ယူပေးစေချင်ပါတယ် ခင်ဗျ။ ဟုတ်ကဲ့၊ နောက်ထပ်တစ်ယောက်ကတော့ ဟိန်းထက်ဇော်၊ မောင်လေး မေးလို့ရပါပြီနော်။ မေး။     ။ ဟုတ်ကဲ့၊ မေးခွန်းမေးခွင့်ရလို့ ကျေးဇူးတင်ပါတယ်ခင်ဗျ။ ကျနော်မေးချင်တာကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဦးတည်မေးမြန်းချင်ပါတယ်ဗျ။ ကျနော်မေးချင်တာကတော့ တရားဥပဒေ စိုးမိုးရေး၊ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ မေးမြန်းချင်ပါတယ်။ ကျနော် လူငယ်တစ်ယောက် အနေနဲ့ရော၊ ပြည်သူတချို့အနေနဲ့ရော ကျနော်တို့ ဇဝေဇဝါဖြစ်နေတဲ့ အကြောင်းလေးပေါ့နော်။ ကိုဗစ်ကာလအတွင်းမှာ သဘာဝဘေးစီမံဥပဒေနဲ့ ပြစ်ဒဏ်ချမှတ်တဲ့အခါမှာ ဘက်လိုက်နေတယ်ဆိုပြီး ပြည်သူတွေက မြင်ကြတယ်ပေါ့နော်။ ဥပဒေ ကွက်ကျားမိုးရွာနေသလို ဖြစ်နေတယ်ပေါ့နော်။ ဆိုတော့၊ ဒါက ဘာ့ကြောင့်ဖြစ်တာလဲ။ ရှေ့ဆက်ပြီးတော့ရော တရားဥပဒေရဲ့ ရှေ့မှောက်မှာ လူတိုင်း တန်းတူညီမျှမှု ရှိအောင် ဘယ်လိုမျိုးဆက်ပြီးတော့ လုပ်ဆောင်သွားမလဲဆိုတာကို သိချင်ပါတယ်ခင်ဗျ။ ကျေးဇူးတင်ပါတယ်။ ဟုတ်ကဲ့ပါ။ NLD က ဆရာ ပြန်လည်ဖြေကြားပေးပါဦးရှင့်။ ဖြေ။     ။ ဟုတ်ကဲ့၊ ဖြေရမယ်ဆိုလို့ရှိရင်တော့ တရားစီရင်ရေးက သီးခြားလွတ်လပ်တဲ့ မဏ္ဍိုင်ဖြစ်ပါတယ်။ ကျနော်တို့က အစိုးရဆိုတာက အုပ်ချုပ်ရေးမဏ္ဍိုင် ဖြစ်ပါတယ်။ ဥပဒေပြုရေးမဏ္ဍိုင်ရယ်၊ တရားစီရင်ရေး မဏ္ဍိုင်ရယ်၊ ခုနက အုပ်ချုပ်ရေးမဏ္ဍိုင်ရယ် … ဒီ မဏ္ဍိုင်သုံးရပ်က တစ်ယောက်နဲ့ တစ်ယောက်နဲ့ သီးခြား လွတ်လပ်စွာ ကျင့်သုံးပြီးတော့ အပြန်အလှန်စောင့်ကြည့် ထိန်းညှိလို့ပဲရပါတယ်၊ ပူးပေါင်းဆောင်ရွက်လို့ မရပါဘူးခင်ဗျ။ အဲဒီအတွက် တရားစီရင်ရေးကို၊ တရားစီရင်ရေး မဏ္ဍိုင်ကို တာဝန်ယူရတဲ့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရဲ့ အောက်မှာရှိတဲ့ တရားရုံးအဆင့်ဆင့်က တရားသူကြီးတွေကနေပြီးတော့ စီမံဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ အဲဒီလို စီမံဆောင်ရွက်တဲ့အခါမှာလည်း ကျနော်တို့ အစိုးရက တရားစီရင်ရေးဆိုင်ရာ မူဝါဒ ကြေညာပြီးသား ဖြစ်ပါတယ်။ တရားမျှတပြီး ဘက်လိုက်မှုကင်းသည့် တရားစီရင်ရေးစနစ်ကို ထူထောင်ဆောင်ရွက်မည် ဆိုတဲ့အတိုင်း ကျနော်တို့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ အဲဒီမှာ ဥပဒေပိုင်း ဆိုင်ရာမှာကတော့ ဥပဒေအချင်းချင်း တစ်ခုနဲ့ တစ်ခုကြားမှာရှိတဲ့ ခုနပြောတဲ့ ပဋိပက္ခဆိုတာမျိုးလည်း ရှိတတ်ပါတယ်။ ဆိုတော့၊ သူကတော့ တည်ဆဲဥပဒေက ပြဌာန်းထားတဲ့ ဥပဒေနဲ့ အရေးပေါ်အခြေအနေအရ ပေါ်ပေါက်လာတဲ့ အရေးပေါ် စီမံချက်ဥပဒေ တစ်ခုနဲ့တစ်ခုကြားမှာ ဘယ်ဥပဒေကို ပိုပြီးတော့ အဓိကထားပြီး ယူဆမလဲဆိုတာကတော့ သက်ဆိုင်ရာ တရားစီရင်တဲ့ တရားသူကြီးရဲ့ ဆင်ခြင်တုံတရား အပေါ်မှာပဲ မူတည်ပါတယ်။ ဒါကြောင့်မို့လို့ တချို့နေရာတွေမှာ ပြည်သူတွေဘက်က ထင်ယောင်ထင်မှား၊ ခုနကပြောသလိုပေါ့နော်၊ ဖြစ်နေတယ်လို့ ကျနော်တို့ ဖြစ်တယ်လို့ပဲ ထင်ပါတယ်။ တရားစီရင်မှုမှာက ကျနော်တို့က ဘက်လိုက်မှုကင်းပြီး မျှတတဲ့ တရားစီရင်မှု စနစ်ကိုပဲ NLD ပါတီက ထိန်းကျောင်းပါတယ်။ နောက်တစ်ယောက်ကတော့ ညီမလေး စိမ်းသဉ္ဇာလတ်၊ မေးခွန်းမေးလို့ ရပါပြီနော်။ မေး။     ။ မင်္ဂလာပါရှင့်။ ကျမကတော့ ပြည်သူ့ပါတီက ကိုယ်စားလှယ်ဆရာကို မေးချင်ပါတယ်။ ဆရာတို့ပါတီကကျတော့ အဓိက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အဓိကလှုပ်ရှားတဲ့သူတွေနဲ့ အဓိက ပူးပေါင်းပါဝင်ထားတာ ဆိုတော့လေ။ ပြီးတော့ ပါတီရဲ့ ရွေးကောက်ပွဲမူဝါဒတွေလည်း ဖတ်ဖြစ်တယ်ပေါ့နော်။ အဲဒီအထဲမှာဆိုရင် အဓိက လူ့အခွင့်အရေးနဲ့ သက်ဆိုင်ပြီးတော့ မေးချင်ပါတယ်။ ဒီအထဲမှာဆိုရင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကိုလည်း လိုက်နာမှုရှိအောင် ဆောင်ရွက်မယ်ဆိုတဲ့ အချက်တွေလည်း ပါဝင်တယ်။ အဲဒီတော့ပေါ့နော်၊ ဘယ်လိုပုံစံမျိုး စီစဉ်ထားလဲဆိုတာမျိုး သိချင်တယ်ပေါ့နော်။ ရှေ့မှာလည်း ဆွေးနွေးသွားတယ်ပေါ့။ နိုင်ငံသားဖြစ်မှု ဆိုတဲ့ ကိစ္စရပ်တွေကလည်း ဒီအထဲမှာ အများကြီး ပါဝင်တယ်ပေါ့နော်။ နောက်တစ်ခုကကျတော့ ပြည်တွင်းမှာရှိတဲ့ လူ့အခွင့်အရေး လှုပ်ရှားနေတဲ့ NGO တွေ၊ လက်မှတ်ရေးထိုးဖို့ ပြောနေတဲ့ ICC ဆိုတာကိုလည်း လက်မှတ်ရေးထိုးဖို့ ပြောနေတဲ့ အချက်တွေလည်း ပါဝင်တယ်ပေါ့နော်။ အဲဒီတော့ ဒီလိုမျိုး Redification လုပ်လိုက်တဲ့အခါမှာ နောက်ထပ်ပြီးတော့ လိုက်နာမှုတွေလုပ်ရမယ်။ အဲဒီအခါကျရင် ဘယ်လိုပုံစံမျိုးတွေ စီစဉ်ထားလဲဆိုတာ သိချင်ပါတယ်ရှင့်။ ဖြေ။     ။ ဟုတ်ကဲ့၊ မေးခွန်းမေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ညီမလေးမေးသွားတာကတော့ ICC ၊ ဒီဟာကို ပြည်သူ့ပါတီကနေပြီးတော့ ရွေးကောက်ပွဲကြေညာစာတမ်းမှာ လိုက်နာသွားမယ် ဆိုတဲ့ဟာကို ရေးထားတယ်လို့ ပြောတယ်။ ဒါနဲ့ ပတ်သက်လို့ ဘယ်လိုဆောင်ရွက်သွားမယ်ဆိုတာကို မေးတယ်လို့ ထင်ပါတယ်။ အဲဒီတော့ အစ်ကိုတို့ ပြည်သူ့ပါတီဆိုတာက ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးမှာ တောက်လျှောက် တောင်းဆို တိုက်ပွဲဝင်ခဲ့ကြတဲ့ ကျောင်းသားခေါင်းဆောင်တွေ၊ မျိုးဆက်အသီးသီးမှာ ရှိတဲ့သူတွေ ပူးပေါင်းပါဝင် ဖွဲ့စည်းထားတဲ့ပါတီ ဖြစ်တဲ့အတွက် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး စံနှုန်းတွေကို အစ်ကိုတို့က သေသေချာချာ လေ့လာလိုက်နာဖို့အတွက် အစ်ကိုတို့က ပြင်ဆင်ထားတယ်။ အဲဒီတော့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ကိုယ်စားပြုတဲ့ နိုင်ငံတကာက ဘယ်လိုဥပဒေမျိုးတွေပဲဖြစ်ဖြစ် အစ်ကိုတို့က တိုင်းပြည်နဲ့ လျှော်ကန်သင့်မြတ်တဲ့ ဥပဒေမျိုးတွေဆိုလို့ရှိရင် အစ်ကိုတို့က ဒီလိုဥပဒေမျိုးတွေကို အစ်ကိုတို့ပါတီ အာဏာရခဲ့သည်ရှိသော်၊ သို့တည်းမဟုတ် အစ်ကိုတို့ပါတီရဲ့ ကိုယ်စားလှယ်တွေ လွှတ်တော်မှာ ရောက်ခဲ့သည် ရှိသော်ပေါ့နော်၊ ဒီလိုဥပဒေမျိုးတွေကို မြန်မာနိုင်ငံအစိုးရကနေပြီးတော့ လက်သင့်ခံ လက်မှတ်ထိုးအောင်၊ လိုက်နာကျင့်သုံးနိုင်အောင် အစ်ကိုတို့က ကြိုးစားသွားမယ်လို့ပဲ ခပ်တိုတို ဖြေချင်ပါတယ်။ ဟုတ်ကဲ့ပါ။ နောက်ထပ်တစ်ယောက်ကတော့ မင်းမဟာ၊ မေးခွန်းမေးလို့ ရပါပြီနော်။ မေး။     ။ ကျနော်မေးချင်တာကတော့ပေါ့နော်၊ NLD ပါတီကို မေးချင်တာပါ။ ဒီ NLD ပါတီရဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာလည်း ကျနော်တို့ တွေ့ရတယ်ပေါ့နော်။ လူငယ်များမှာ၊ ကျားမ လိင်စိတ် ကိုင်းညွှတ်မှုနဲ့ လိင်မှုအယူအဆ ခံယူမှုကိုသော်လည်းကောင်း ခွဲခြားဆက်ဆံမှု ကင်းရှင်းရန်ဆိုပြီးတော့ ကျနော်တို့ ကြေညာစာတမ်းမှာ တွေ့လာရတယ်ပေါ့နော်။ ဆိုတော့၊ ဒီကြေညာစာတမ်းကို မှီငြမ်းပြီး ပြောရမယ်ဆိုရင် NLD အစိုးရအနေနဲ့ နောက်ငါးနှစ် ထပ်မံပြီး အုပ်ချုပ်ခွင့်ရမယ်ဆိုရင် ပညာရေးကဏ္ဍတွေမှာ LGBT IQ တွေနဲ့ ပတ်သက်ပြီးတော့ အသိပညာ ဗဟုသုတတွေကို ကျောင်းသင်ခန်းစာတွေမှာ ပါဝင်လာဖို့အတွက်၊ သို့မဟုတ် ရေးဆွဲပြဌာန်းဖို့အတွက်ပေါ့နော်၊ လုပ်ဆောင်မယ့် အစီအစဉ်တွေ ရှိလားဆိုတာကို သိချင်ပါတယ် ခင်ဗျာ။ ဟုတ်ကဲ့ပါရှင့်။ NLD က ပြန်လည်ဖြေကြားပေးပါဦးရှင့်။ ဖြေ။     ။ ဟုတ်ကဲ့ပါ။ အခုလိုမေးခွန်း မေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ အဓိကအားဖြင့် ပုံမှန်ရှိနေတဲ့ အနေအထား မဟုတ်ဘဲနဲ့ ပိုပြီးတော့ ခေတ်နဲ့အညီပေါ့နော်၊ ပြုပြင်ပြောင်းလဲစရာ ဥပဒေနဲ့ ပတ်သက်တဲ့ အခြေအနေတွေ ရှိလာလို့ ရှိရင်တော့ ဥပဒေပြုရေးကဏ္ဍကို တာဝန်ယူရတဲ့ လွှတ်တော် အသီးသီးရဲ့ တာဝန်ဖြစ်လာပါတယ်။ အဲဒီအခါမှာ လွှတ်တော်ကိုယ်စားလှယ်များ အားလုံးကတော့ ဒါ ပါတီရဲ့ မူဝါဒအတိုင်း နိုင်ငံသူနိုင်ငံသားတွေအားလုံး အကျုံးဝင်တဲ့ လုပ်ငန်းစဉ်တွေကို စဉ်းစားတဲ့အခါမှာ နိုင်ငံသူနိုင်ငံသားတွေရဲ့ မတူညီတဲ့ အစိတ်အပိုင်း အသီးသီးရဲ့ လူနည်းစုပေါ့နော်။ မတူညီတဲ့ အစိတ်အပိုင်း အသီးသီးမှာရှိတဲ့ အနည်းစုရဲ့ ရပိုင်ခွင့်နဲ့ ဘဝခံစားမှုတွေအားလုံးလည်း လျစ်လျှူမရှုဘဲ အမြဲတမ်း အလေးထားဆောင်ရွက်မယ်ဆိုတဲ့ မူဝါဒ ရှိတဲ့အတွက် ကျနော်တို့ ခုနကပြောတဲ့ LGBT အားလုံးရဲ့ အခွင့်အရေးနဲ့ တန်းတူညီမျှ၊ ခွင့်တူညီမျှ ပါဝင်ခွင့်တွေ အားလုံးကိုလည်း ပညာရေးလုပ်ငန်းစဉ်မှာ ထည့်သွင်းပြီးတော့ ဆောင်ရွက်ဖို့။ ဒါက မလွှဲမသွေလုပ်လာရမယ့် ကိစ္စတစ်ခုလို့ ကျနော်တို့ဘက်ကတော့ ရှုမြင်ပါတယ်။ အဲဒီအတွက်လည်း တချိန်မှာ ပိုပြီးတော့နော်၊ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်မယ်။ နောက်တစ်ခုကတော့ ပေါ့နော်၊ သင်ရိုးညွှန်းတမ်းတွေထဲမှာပါ အထိ ထည့်သွင်းနိုင်တဲ့ အနေအထားပေါ့။ ဥပမာ - ဘဝတသက်တာ Life skills လို ဟာမျိုးတွေ၊ ဒါမျိုးတွေထဲမှာ ပါနိုင်တဲ့ အခြေအနေမျိုးတွေလည်း တချိန်ချိန်မှာတော့ ဥပဒေပြုရေးကဏ္ဍက ခွင့်ပြုတဲ့အပေါ်မှာ မူတည်ပြီးတော့ ဖြစ်လာလိမ့်မယ်လို့ ဖြေချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ ဟုတ်ကဲ့ပါရှင်။ အခုလိုမျိုး ပြန်လည်ဖြေကြားပေးသွားတဲ့ အဓိကတာဝန်ရှိတဲ့ ပါတီအသီးသီးက ကိုယ်စားလှယ်တွေရော၊ မေးခွန်းမေးမြန်းပေးကြတဲ့ မောင်လေး၊ ညီမလေးတွေကိုရော ကျေးဇူးအများကြီး တင်ပါတယ်ရှင်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024