Home
ဆောင်းပါး
Any Questions?ရန်ကုန်တိုင်းအစီအစဉ်(ဒုတိယပိုင်း) 
DVB
·
November 6, 2020
၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေကို ပထမအကြိမ် မဲပေးကြမယ့် လူငယ်တွေက သူတို့သိလိုသမျှတွေကို မေးမြန်းပြီး တာဝန်ရှိတဲ့သူတွေက ပြန်လည်ဖြေကြားပေးမယ့် Any Questions?  အစီအစဉ်ကို DVB TV ကနေ တင်ဆက်ပေးနေရာမှာ  ဒီတပတ်အတွက် ရွေးချယ်ထားတာကတော့  ရန်ကုန်တိုင်းအစီအစဉ် ဒုတိယပိုင်း ဖြစ်ပါတယ်။ ဒီအစီအစဉ်ကိုတော့ ကျမ နေရီရီနဲ့အတူ ဦးနေဇော်နိုင်နဲ့ နွယ်နီတင်မောင်တို့က တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်ရှင်။ ကျမတို့ ဒီနေ့အစီအစဉ်အတွက် ရွေးချယ်ထားတာကတော့ ရန်ကုန်တိုင်းဒေသကြီးပဲ ဖြစ်ပါတယ်။ ရေပတ်လည်ဝိုင်းနေတဲ့ ဆူးလေစေတီတဝိုက်ကိုလည်း မြေဖို့လမ်းဖောက်ခဲ့တယ်။ Tent Square လို့ ခေါ်တဲ့ ဗန္ဓုလပန်းခြံလည်း ပါခဲ့တာပေါ့။ တချိန်က လျှော်တန်းလမ်းလို့ခေါ်တဲ့ ဆူးလေလမ်းမကြီးပေါ်မှာ ရှိတဲ့ အခု Sule Square ဈေးဝယ်စင်တာကြီးကတော့ ရှေးဘုရင်ခေတ်က အာမေးနီးယန်း သင်္ချိုင်းနေရာပေါ့။ လသာလမ်းဆိုတာ တချိန်က ရန်ကုန်မြစ်ထဲစီးဝင်နေတဲ့ ချောင်းကြီးပါ။ အဲဒီချောင်းနဲ့အတူ မြောက်ဘက် ကပ်လျှက်ရှိတဲ့ ကျုံးကြီးကိုပါ မြေဖို့ပြီး ဆေးရုံအဖြစ် ၁၉၀၈ ခုနှစ်မှာ တည်ခဲ့တာ။ အဲဒီအရင်ကတော့ လေဟာပြင်ဈေးလို့ခေါ်တဲ့ နေရာမှာ သူနာတန်းလို့ခေါ်တဲ့ ဆေးရုံရှိခဲ့တယ်။ ၁၈၇၄ ခုနှစ်ကျော်အထိ ဆေးရုံကို သူနာတန်းလို့ သုံးခဲ့တာ တွေ့ရပါတယ်။ မြို့သူမြို့သားတို့ သောက်သုံးရေအတွက် ကန်တော်ကြီးကို ယာယီအသုံးပြုခဲ့ပေမယ့် ၁၈၈၄ မှာတော့ ကုက္ကိုင်းရေလှောင်ကန်ကို စတင် အသုံးပြုနိုင်ခဲ့တယ်။ မိလ္လာစနစ်ကိုတော့ ၁၈၈၉ ခုနှစ်မှာ မြို့ပြအင်ဂျင်နီယာ Octavus Deacon Clark ဆိုသူက ဗိုလ်တထောင်လေမှုတ်စက်ကို လေအား၊ ရေအားနဲ့ လည်နိုင်အောင် တည်ဆောက်ခဲ့တာ။ လျှပ်စစ်ဓာတ်အားမှ မရှိသေးတာကိုး။ ၁၉၀၅ ခုနှစ်ရောက်မှ ဓာတ်ရထားလမ်းနဲ့အတူ လျှပ်စစ်မီးလည်း ရခဲ့တာ။ အဲဒီအချိန်ကာလဟာ အရှေ့တောင်အာရှမှာ အလှပဆုံးမြို့အဖြစ် ထင်ပေါ်ကျော်ကြားခဲ့တာပေါ့။ မြန်မာတို့ရဲ့ ဘောလုံးအားကစားကို အစပြုသူ ရွှေရိုး (ခေါ်) ဂျော့ချ်စကော့ရဲ့ The Burma စာအုပ်ကလည်း ကမ္ဘာကျော်ခဲ့လေတော့ မြန်မာနိုင်ငံကို အားလပ်ရက်မှာ အပန်းဖြေခရီးလာတဲ့ ဥရောပသား ဧည့်သည်တွေလည်း အများအပြားပါပဲ။ ၁၉၃၈ ခုနှစ် တတိယ တက္ကသိုလ်ကျောင်းသားသပိတ်မှာ ကိုအောင်ကျော်တို့ ဆန္ဒပြခဲ့တဲ့ အတွင်းဝန်ရုံးကိုတော့ ၁၈၈၉ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့တာ။ ဗိသုကာ ဟင်နရီ ဝှိုင်းဟောက်စ်ရဲ့ လက်ရာပေါ့။ တတိယကျောင်းသားသပိတ် မတိုင်မီကတော့ ၁၉၂၇ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ မင်းကြီးကတော် ဒေါ်မြမေ၊ အင်ဒီပင်းဒန့် ဒေါ်စန်းတို့ ဦးဆောင်တဲ့ အမျိုးသမီးများအဖွဲ့က အတွင်းဝန်ရုံးပတ်လည်မှာ အမျိုးသမီးအမတ် ရရှိရေးအတွက် ဆန္ဒပြခဲ့ဖူးရဲ့။ အတွင်းဝန်ရုံးနဲ့ မျက်နှာချင်းဆိုင် ဗန္ဓုလမ်းပေါ်က အဆောက်အဦမှာတော့ သံမှူးလေးဖြစ်တဲ့ ချီလီနိုင်ငံသား နိုဘဲလ်ဆုရှင် ပတ်ဘလို နီရူဒါနဲ့ ကပြားမလေး ဂျွန်စီဘလစ်တို့ အချစ်ဇာတ်လမ်း စတင်ခဲ့ရာနေရာပေါ့။ ရန်ကုန်မြို့မှာ ကိုလိုနီခေတ်အတွင်း ဆောက်လုပ်ခဲ့တဲ့ သမိုင်းဝင် အဆောက်အဦ ၂၀၀ ကျော် ရှိတာကြောင့် ကိုလိုနီအငွေ့လွှမ်းတဲ့မြို့လို့ ပြောဆိုကြတာလည်း ရှိပါတယ်။ ဒါကတော့ ကျနော်တို့ Any Questions? အဖွဲ့သားတွေ စုစည်းတင်ဆက်ထားတဲ့ ရန်ကုန်ပုံရိပ် ဒုတိယပိုင်း ဖြစ်ပါတယ်။ ဒီကာလမှာ ကျနော်တို့ ဒီဗီဘီကနေပြီးတော့ ရုံးမှာအလုပ်လုပ်ကြတဲ့ သူတွေ ရှိသလို၊ အိမ်ကနေပဲ အလုပ်လုပ်ပေးကြတဲ့ သူတွေလည်း ရှိပါတယ်။ အဲဒီတော့ ဒီအစီအစဉ်ထဲမှာ ပါတဲ့ ပထမပိုင်း ဒေသသုံးခုမှာ ကျနော်တို့ တင်ဆက်သူအဖြစ် ပါဝင်ခဲ့တဲ့ နွယ်နီတင်မောင်က အိမ်ကနေပြီးတော့ Any Questions? အလုပ်တွေကို လုပ်ကိုင်ပေးရပါတယ်။ အခု နွယ်နီတင်မောင်ကနေပြီးတော့ သူ့အိမ်ကနေပဲ ပထမဆုံးအကြိမ် မဲပေးမယ့် လူငယ်တွေကို မေးပါလိမ့်မယ်။ နွယ်နီတင်မောင်၊ မေးလို့ရပါပြီ။ ဟုတ်ကဲ့ပါ။ ပထမဦးဆုံးမေးဖို့ ဖိတ်ခေါ်ချင်တာကတော့ ညီမလေး ချမ်းမြေ့သူပါ။ မေးခွန်းမေးလို့ရပါပြီ ညီမလေး။ မေး။     ။ ဟုတ်ကဲ့ပါ။ ညီမက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို မေးချင်ပါတယ်။ တကယ်လို့ အခုလာမယ့် အထွေထွေရွေးကောက်ပွဲမှာ ထပ်ပြီးတော့သာ အနိုင်ရခဲ့ရင် ပညာရေးစနစ်ကို ဘယ်လိုပိုပြီးတော့ ကောင်းမွန်အောင် လုပ်မှာပါလဲ။ ပြီးတော့ လူငယ်တွေအတွက်ရော ဘယ်လိုအခွင့်အလမ်းတွေ ပိုပြီးတော့ ရရှိအောင် လုပ်ဆောင်ပေးနိုင်မှာလဲ မေးချင်ပါတယ်ရှင့်။ ဟုတ်ကဲ့ပါ။ သူကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မေးထားတဲ့အတွက် ပြန်လည် ဖြေကြားပေးပါဦးရှင့်။ ဖြေ။     ။ ကျနော်တို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ကျနော်တို့ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ၅ နှစ်တာ ကာလအတွင်းမှာ အမျိုးသားပညာရေး မူဝါဒနဲ့ ပတ်သက်ပြီး အနှစ် ၃၀ စီမံကိန်း ရေးဆွဲပြီးတော့ အကောင်အထည် ဖော်နေပါတယ်။ အထူးသဖြင့် ဆရာတို့ ပညာရေးနဲ့ ပတ်သက်ပြီးတော့ ပညာရေး ဘက်ဂျက်တွေ အသုံးပြုမှုကိုလည်း ယခင့်ယခင် အစိုးရဟောင်းတွေက သုံးစွဲခဲ့တဲ့ အနေအထားထက် ၂ ဆ ပိုပြီးတော့ တိုးတက်လာအောင် သုံးစွဲမှုတွေက ထင်ထင်ရှားရှား တွေ့နိုင်ပါတယ်။ အထူးသဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ယူတဲ့ကာလမှာ ပညာရေးကို ဘာပြောင်းလဲခဲ့သလဲ ဆိုရင် လူငယ်အများစုဟာ တတ်မြောက်ထားတဲ့ ပညာနဲ့ အလုပ်အကိုင်အခွင့်အလမ်း ဆက်စပ်မှုရှိရေးကို အဓိကထားပြီး ဆောင်ရွက်ပါတယ်။ ဒါကြောင့်မို့လို့ အသက်မွေးဝမ်းကျောင်း ပညာရေးကို ပိုပြီးတော့ ဦးစားပေး ဆောင်ရွက်ပါတယ်။ အဲဒီတော့ အခုလည်း ပြောင်းလဲနေတဲ့ ပညာရေးက အရှိန်အဟုန် ရလာပြီဆိုတော့ နောင်လာမယ့် ၅ နှစ်သက်တမ်းအတွင်းမှာ အကယ်၍ ဆက်လက်ပြီးတော့ တာဝန်ယူခွင့် ရမယ်ဆိုရင်တော့ ဆရာတို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ပညာရေးကဏ္ဍကို ယ္ခင်ထက် အထူးပိုမို ဦးစားပေးပြီး မြှင့်တင်ဖို့လည်း နိုင်ငံကိုလည်း ချပြထားပြီးသား၊ လက်တွေ့လည်း အကောင်အထည် ဖော်ပြီးသားဖြစ်တော့ အရှိန်အဟုန် သိသိသာသာ မြင့်မားလာတာကို ခံစားရမှာ သေချာပါတယ်။ အဲဒီတော့ တခြားဆက်ပြီးတော့ နောက်ဆက်တွဲ မေးမယ်ဆိုရင်တော့ ဆရာဖြေပေးဖို့ အဆင်သင့်ပါပဲ။ ဟုတ်ကဲ့ပါ၊ ကျေးဇူးတင်ပါတယ်ရှင့်။ နောက်ထပ် မေးမယ့်တစ်ယောက် ရှိပါသေးတယ်။ နောက်တစ်ယောက်ကတော့ အောန်ဆန်းပါ။ ညီမလေး မေးခွန်းမေးလို့ ရပါပြီနော်။ မေး။     ။ မင်္ဂလာပါရှင့်။ ညီမကတော့ပေါ့နော်၊ ပြည်သူ့ပါတီက ဆရာကို မေးချင်တာပေါ့နော်။ အခု ဒီမှာဆိုလို့ရှိရင် ပြည်သူ့ပါတီရဲ့ ကြေညာစာတမ်းကို ညီမ ဖတ်ကြည့်တယ်ပေါ့နော်။ ဖတ်ကြည့်တဲ့အခါမှာ အရမ်းမိုက်တယ်ပေါ့နော်။ လူငယ်ရေးရာမူဝါဒနဲ့ ပတ်သက်ပြီးတော့လည်း ပြောထားတာတွေ ရှိတယ်။ လူငယ်တွေအတွက် ဖွံ့ဖြိုးရေးစင်တာတွေ ဆောက်ပေးဖို့ ရှိတယ်ပေါ့နော်။ ညီမ အဲဒီအပိုင်းနဲ့ ပတ်သက်ပြီး နည်းနည်းလေး မေးချင်တာက ဒီ စင်တာဆောက်မယ်ဆိုလို့ရှိရင်ပေါ့နော်၊ လူငယ်စင်တာမှာ လူငယ်နဲ့ ပတ်သက်ပြီးတော့ ဘယ်လို အသိပညာပေးတာကို၊ လူငယ်တွေက လာပြီးတော့ တစ်ယောက်နဲ့ တစ်ယောက် ဆွေးနွေးမှာတော့ ဟုတ်တယ်၊ ဒါပေမယ့် ဘာအပိုင်းကို ဒီချယ်နယ်တွေက အဓိက ပေးမှာလဲ၊ ပညာပေးမှာလဲ ဆိုတဲ့အပိုင်းရယ်၊ ပြီးသွားတော့ ဒီလိုစင်တာတွေ ဆောက်ပြီဆိုလို့ရှိရင် ဘတ်ဂျက်ပေါ့နော်။ ဘတ်ဂျက်က နိုင်ငံတော်က ထုတ်မှာလား၊ ဒါမှမဟုတ် တခြားက အထောက်အပံ့ကို ယူမှာလား။ နောက်တစ်ချက်ကတော့ ဒီလိုမျိုးဆက်ပြီးတော့ ရေရှည် စင်တာတွေ တည်တံ့နိုင်ဖို့ဆိုရင် ထောက်ပံ့မှုကကော ဘယ်လိုဆက်ပြီးတော့ သွားမှာလဲပေါ့နော်။ အမြဲတမ်း အစိုးရကပဲ ဘတ်ဂျက် ထုတ်ပေးနေမှာလား။ နောက်တစ်ခုကကျတော့ နေရာပေါ့နော်။ သူက ပြည်နယ်နဲ့ တိုင်းဒေသကြီး အသီးသီးမှာ ဖွင့်လှစ်မယ်လို့ ပြောထားတဲ့အတွက်ကြောင့်မို့လို့ နေရာဆိုတာကကော ဘယ်နေရာကနေ စပြီးတော့ လူငယ်ဖွံ့ဖြိုးရေးစင်တာတွေကို စလုပ်ပေးမှာလဲပေါ့နော်။ နောက်ပြီးတော့ ညီမတို့လို ရန်ကုန်က လူငယ်တွေက ဒီဟာတွေက ဆောက်လုပ်လိုက်တာ အဆင်ပြေသော်ငြားလည်း၊ စစ်ဖြစ်နေတဲ့ ရခိုင်လိုနေရာတွေ၊ ရှမ်းလို၊ ကချင်မှာဆိုလည်း လူငယ်တွေ … သူတို့လည်း လူငယ်တွေပဲပေါ့နော်။ သူတို့အတွက်ကော ဘယ်လိုမျိုးစဉ်းစားထားတာ ရှိလဲပေါ့နော်။ ဒီ နေရာနဲ့ ပတ်သက်ပြီးတော့ကော ဘယ်မှာစပြီးသွားမှာလဲ။ ပြီးတော့ အသီးသီးမှာ ဆောက်လုပ်ပေးမယ် ဆိုတော့ပေါ့၊ ဒီ အစီအစဉ်ကြီးက ရေရှည်ဖြစ်တဲ့အတွက် ဘယ်ခုနှစ်မှာ ဘယ်လောက်ထိ ရောက်နေရမယ် ဆိုတဲ့ စီမံကိန်းများ ရှိလားပေါ့နော်။ အဲဒါလေးကို သိချင်တာပါရှင့်။ ကျေးဇူးတင်ပါတယ်။ ဟုတ်ကဲ့ပါ။ သူကတော့ ပြည်သူ့ပါတီကို မေးထားတဲ့အတွက် ပြန်လည်ဖြေကြားပေးပါဦးရှင့်။ ဖြေ။     ။ ဟုတ်ကဲ့၊ မေးခွန်းမေးတဲ့ ညီမလေး ကျေးဇူးပါ။ ညီမလေးပြောသလိုပဲ စင်တာတွေကို ဆောက်ပြီးတဲ့ အချိန်မှာပေါ့နော်၊ လူငယ်တွေအတွက် နေရာဖန်တီးပေးရာမှာ ဘာတွေကို အဓိက ဒီစင်တာတွေမှာ ထားပေးမလဲ၊ ဘယ်လိုအစီအစဉ် လုပ်မှာလဲဆိုတဲ့အခါကျတော့ စင်တာတွေကတော့ အဓိက လူငယ်တွေရဲ့ စုစည်းရာလည်း ဖြစ်မယ်၊ နောက် ခုနကပြောသလို အသိပညာ ဖလှယ်ရာလည်း ဖြစ်မယ်၊ ယဉ်ကျေးမှုဓလေ့ထုံးစံတွေ ဖလှယ်ရာလည်း ဖြစ်မယ်။ နောက်တစ်ခုက သူတို့ကတော့ အသိပညာချင်း ဖလှယ်တဲ့ နေရာဖြစ်သလို၊ ခုနကပြောသလို လူငယ်တွေအတွက် လေ့လာသင်ယူစရာ နေရာလည်း ဖြစ်အောင် အစ်ကိုတို့က ဖန်တီးရမှာပေါ့နော်။ ပြီးတော့ ဒီစင်တာတွေကို ပြည်နယ်နဲ့ တိုင်းအသီးသီးမှာ ဆောက်မယ်၊ ဘယ်လိုနေရာတွေမှာ ဆောက်မလဲဆိုတော့ ဒါက အစ်ကိုတို့က အစိုးရတစ်ခုအနေနဲ့ ဖြစ်လာပြီဆိုရင် ဘယ်လိုဆောင်ရွယ်မယ် ဆိုတဲ့ မူဝါဒကို ရွေးကောက်ပွဲကြေညာစာတမ်းမှာ ဖော်ပြရတာ ဖြစ်တယ်။ ဖြစ်တယ်ဆိုတော့ ကျတော့ အခု ဒီ လက်ရှိ ရှေ့မှာ လူငယ်မူဝါဒနဲ့ ပတ်သက်လို့ အစိုးရက ချမှတ်ထားတဲ့ဟာရော၊ အမျိုးသားပညာရေး မူဝါဒနဲ့ ပတ်သက်လို့ ချမှတ်ထားတဲ့ ဟာရောမှာက ဘာတွေပါနေလဲ ဆိုတဲ့အခါကျတော့ အဲဒီမှာလည်း လူငယ်စင်တာတွေကို သက်ဆိုင်ရာပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရတွေကနေပြီးတော့ ဒီ လူငယ်စင်တာတွေမှာရှိတဲ့ Facility တွေ၊ လုပ်ဆောင်မှုတွေကို ပံ့ပိုးပေးရမယ်ဆိုပြီး ပါတယ်။ အစ်ကိုတို့ပါတီကလည်း တကယ်လို့ အစိုးရဖြစ်ခဲ့ပြီ၊ လူငယ်တွေနဲ့ ပတ်သက်လို့ လုပ်ပိုင်ခွင့် ရလာခဲ့ပြီ ဆိုလို့ရှိရင် အစ်ကိုတို့ကလည်း ဒီအတိုင်းပဲ လူငယ်တွေအတွက်ကို ဒီစင်တာတွေ ပြည်နယ်နဲ့ တိုင်းဒေသကြီး အသီးသီးမှာပေါ့၊ ပြည်နယ် ပြည်မမရွေး အားလုံးတန်းတူ ကျနော်တို့က သူတို့တွေ ဒီဟာတွေကို လက်လှမ်းမီအောင် စီမံကိန်းချပြီး ဆောင်ရွက်မယ်။ ဆောင်ရွက်ပြီးလို့ရှိရင် ဒီအတွက် သုံးရမယ့် ဘတ်ဂျက်တွေကိုလည်း အစိုးရကနေပြီးတော့ ကျခံပြီးတော့ သုံးစွဲနိုင်အောင် စီမံသွားဖို့ အစီအစဉ် ရှိတယ်။ နောက်တစ်ခုက စစ်ဖြစ်နေတဲ့ဒေသတွေမှာ ရှိတဲ့ လူငယ်တွေအတွက်ရော ဘယ်လိုဖန်တီးမလဲ။ သေချာတယ်၊ စစ်ဖြစ်နေတဲ့နေရာတွေမှာတော့ အစ်ကိုတို့ စင်တာတွေ သွားဆောက်လို့ မရဘူး။ သို့သော်လည်းပဲ သေချာတယ် သူတို့ကို ဒီအတိုင်းပစ်ထားတာတော့ အစ်ကိုတို့တတွေ ဘယ်လိုမှ မသင့်လျော်ဘူး။ မသင့်လျော်ဘူးဆိုတဲ့အခါကျတော့ စစ်ဖြစ်နေတဲ့ ဒေသမှာရှိတဲ့ လူငယ်တွေအတွက်လည်း စစ်ဖြစ်နေတဲ့ ဒေသမှာတော့ စင်တာသွားဆောက်ပေးလို့ မရဘူး၊ ဒါပေမယ့် သူနဲ့ အနီးစပ်ဆုံး ရှိတဲ့ နေရာတွေမှာ ဒီလိုလူငယ်တွေအတွက်ကို၊ လူငယ်မူဝါဒမှာလည်း ဘာတွေပါလဲဆိုတော့ ဒီလို စစ်ဖြစ်တဲ့ ဒေသမှာရှိတဲ့ လူငယ်တွေအတွက်ရော၊ မိဘမဲ့ဖြစ်နေတဲ့ ကလေးတွေအတွက်ရော ဒါတွေအတွက်ပါ စဉ်းစားပြီးတော့ အစ်ကိုတို့က ဒီလူငယ်တွေလည်း ပညာရေးနဲ့ ပတ်သက်တဲ့ အခွင့်အလမ်းတွေ လက်လှမ်းမီနိုင်အောင်၊ အလုပ်အကိုင်နဲ့ ပတ်သက်တဲ့ အခွင့်အလမ်းတွေ လက်လှမ်းမီလာအောင် အစ်ကိုတို့က ဒီလိုစင်တာတွေကနေပြီးတော့ ဖန်တီးပေးသွားဖို့ အစ်ကိုတို့ ရည်ရွယ်ပါတယ်။ ဟုတ်ကဲ့ပါ၊ ကျေးဇူးတင်ပါတယ်။ နောက်ထပ် မောင်လေးတစ်ယောက်ကတော့ ကံဘုန်းခန့်ပါ။ မောင်လေး မေးခွန်းမေးလို့ ရပါပြီနော်။ မေး။     ။ ကျနော့်မေးခွန်းကတော့ အဓိကအားဖြင့် ပြည်သူ့ရှေ့ဆောင်ပါတီ PPP က အန်တီဒေါ်သက်သက်ခိုင်ကို ဦးတည်ပြီးတော့ မေးထားတာဖြစ်ပါတယ်။ ကျနော်မေးချင်တဲ့ မေးခွန်းကတော့ ရန်ကုန်မြို့ဟာ စီးပွားရေးအချက်အချာကျတဲ့ မြို့ဖြစ်သလို၊ တပြည်လုံးက စုံလင်တဲ့ Social economic status မတူညီတဲ့သူတွေ အလုပ်လာလုပ်တဲ့ နေရာဖြစ်ပါတယ်။ အထူးသဖြင့် Social economic status ကို ကြည့်လိုက်မယ်ဆိုရင် လက်လုပ်လက်စားတွေရှိမယ်၊ အလုပ်သမားတွေကစလို့ အသေးစားစီးပွားရေး လုပ်ငန်းရှင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေလည်း ပါပါတယ်။ အထူးသဖြင့် ကျနော်တို့ ရန်ကုန်တိုင်းပြင်ပက နယ်မြို့တွေ၊ တိုင်းဒေသကြီးတွေကလာတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ၊ လက်လုပ်လက်စားတွေ ဖြစ်ပါတယ်။ ဆိုတော့ မေးချင်တဲ့အဓိက အကြောင်းရင်းကတော့ သူတို့မှာ အလုပ်အကိုင်တွေ ရှိသော်ငြားလည်း သူတို့ အလုပ်အကိုင်မှာ ရရှိတဲ့ ပျော်ရွှင်မှု၊ သူတို့အလုပ်အကိုင်မှာ ရရှိတဲ့ ပါဝင်မှုတွေ၊ သူတို့ အလုပ်အကိုင်မှာ ရရှိလာတဲ့ မတူညီမှုတွေအပေါ် မူတည်ပြီး မေးချင်တာပါ။ သူတို့အတွက် နေရေးထိုင်ရေး ပြဿနာကအစ လုပ်ငန်းတွေမှာ မမျှမတ ဆက်ဆံခံရမှုတွေအထိ ပြဿနာတွေ ရှိနေပါတယ်။ အထူးသဖြင့် အလုပ်ရှင်နဲ့ အလုပ်သမားကြားမှာရှိတဲ့ ဆက်ဆံရေးကအစ ပြဿနာတွေ ရှိပါတယ်။ အထူးသဖြင့် ဒီကိုဗစ်ကာလမှာ ဆိုရင် နယ်မြို့တွေကလာတဲ့၊ အထည်ချုပ်တွေမှာလုပ်တဲ့၊ စက်မှုဇုန်တွေမှာလုပ်တဲ့ အလုပ်သမားတွေ ဆိုရင် လစာဖြတ်တောက်တဲ့ ပြဿနာတွေ၊ ဒါမှမဟုတ် လုပ်ငန်းက တာဝန်ကနေ ရပ်ဆိုင်းခံရတဲ့ ပြဿနာတွေ အထိ ရှိပါတယ်။ အဲဒီတော့ အဲဒီလိုမျိုး လူ့အခွင့်အရေး ချိုးဖောက်မှုပြဿနာတွေ၊ လစာပြဿနာတွေအတွက် ဘယ်လိုမျိုး မူဝါဒတွေကို ပြဌာန်းပြီးတော့ ကာကွယ်ပေးသင့်တယ်လို့ ထင်ပါသလဲခင်ဗျ။ ကျေးဇူးတင်ပါတယ်။ ဟုတ်ကဲ့ပါ။ သူကတော့ ပြည်သူ့ရှေ့ဆောင်ပါတီကို မေးထားတဲ့အတွက် ပြန်လည်ဖြေကြား ပေးပါဦးရှင့်။ ဖြေ။     ။ ဟုတ်ကဲ့ပါရှင့်၊ ကျေးဇူးပါရှင့်။ မေးတာတွေကတော့ နည်းနည်းတော့ များတယ်ပေါ့နော်။ နံပါတ်တစ်ကတော့ လုပ်ငန်းခွင်ဆက်ဆံရေးပေါ့နော်။ အလုပ်ရှင် အလုပ်သမား ဆက်ဆံရေးပေါ့နော်။ အဲဒါလေးလည်း ပြောပါရစေ။ အဲဒါကတော့ လုပ်ငန်းခွင်ထဲမှာ ကုမ္ပဏီပေါ်လစီတွေဘာတွေနဲ့ Employment concept ပေါ့နော်၊ သေချာလုပ်ထားပြီးလို့ရှိရင် အဆင်ပြေအောင် လုပ်ရမှာတွေရှိတယ်။ သို့သော်လည်း အခုအချိန်မှာတော့ ကိုဗစ်နိုင်တင်း ဖြစ်နေတဲ့အချိန်မှာ လုပ်ငန်းတွေလည်း ရပ်ထားရတယ်၊ လုပ်ငန်းတွေအတွက် ဝင်ငွေမရှိတဲ့အချိန်ဖြစ်တယ်။ ပြီးလို့ရှိရင် အလုပ်ရှင်နဲ့ အလုပ်သမားဆိုတာ ကျမတို့ အယူအဆကတော့ တလှေတည်းစီး တခရီးတည်းသွား ဖြစ်ပါတယ်ရှင့်။ ဒီ အလုပ်ရှင်တွေ စီးပွားရေး အဆင်ပြေရင် အလုပ်သမားတွေလည်း အဆင်ပြေမယ်ပေါ့နော်။ အဲဒါကြောင့်မို့လို့ ကျမတို့က ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆိုတာကိုလည်း ကျမတို့ပါတီရဲ့ လူထုဘဝ အဓိက လုပ်ငန်းလမ်းစဉ်ထဲမှာ ထည့်ထားတာ ဖြစ်ပါတယ်။ အဲဒါကြောင့်မို့လို့ ကျမတို့က လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို ကျမတို့ အဓိကလုပ်ချင်ပါတယ်။ အဓိကကကျတော့ ဘာလဲဆိုတော့ စီးပွားရေးတွေ ဖွံ့ဖြိုးတိုးတက်မှ၊ အလုပ်အကိုင်အခွင့်အလမ်းတွေ များမှ၊ လူတွေအလုပ်ရတဲ့ အချိန်မှ၊ လူတိုင်းအတွက် ထိုက်တန်တဲ့ဝင်ငွေ၊ ထိုက်တန်တဲ့ အလုပ်အကိုင်၊ လူတိုင်းအတွက် ဂုဏ်သိက္ခာရှိပြီး စိတ်ချလုံခြုံတဲ့ လုပ်ငန်းတွေကို ပြည်သူလူထုတွေက ရွေးချယ်ပြီး လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။ အဲဒါကြောင့်မို့လို့ ကျမတို့ကတော့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးတဲ့ ပါတီဖြစ်ပါတယ်ရှင့်။ ဟုတ်ကဲ့ပါရှင်၊ အခုလိုမျိုး ပြန်လည်ဖြေကြားပေးသွားတဲ့ ပါတီအသီးသီးက တာဝန်ရှိတဲ့သူတွေကော၊ မေးခွန်းမေးမြန်းပေးသွားတဲ့ မောင်လေး ညီမလေးတွေကိုကော ကျေးဇူး အများကြီးတင်ပါတယ်ရှင်။ ဟုတ်ကဲ့ပါ။ အခုဆက်ပြီးတော့ အွန်လိုင်းပေါ်ကနေ မေးမြန်းကြမယ့် ကလေးတွေရဲ့ အစီအစဉ် ဖြစ်တဲ့အတွက် မေးခွန်းမေးမယ့် ပထမဆုံးအကြိမ်မဲပေးမယ့် ကလေးတွေကို ဖိတ်ခေါ်တော့မှာ ဖြစ်ပါတယ်။ ပထမဆုံးကတော့ ညီမလေး မေနဒီပေါ့နော်။ ညီမလေး မေနဒီ မေးခွန်းမေးလို့ ရပါပြီ။ မေး။     ။ သမီးနာမည်ကတော့ မေနဒီဖြစ်ပါတယ်။ သမီးက နားမကြားကလေးတစ်ယောက်ပါ။ အခုလို တွေ့ဆုံပြီးတော့ ပြောရတာ ဝမ်းသာပါတယ်။ သမီးကအခု ဆယ်တန်းမှာ ပညာသင်နေတဲ့ ကလေးတစ်ယောက်ပါ။ အခုလိုပါဝင်ပြီးတော့ ပြောဆိုရတာကို အရမ်းပျော်ပါတယ်။ စာသင်တာနဲ့ ပတ်သက်ပြီးတော့ အခက်အခဲတွေ အများကြီးရှိနေတယ်။ ဒါပေမယ့် ကြိုးစားပြီးတော့ သင်ယူတယ်။ အခု မေးချင်တာက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ကိုယ်စားလှယ်ကို မေးချင်တာပေါ့နော်။ လူကြီးမင်းတို့ အနေနဲ့ ဒီရွေးကောက်ပွဲမှာ အနိုင်ရခဲ့မယ်ဆိုရင် သမီးတို့ နားမကြားကလေးတွေအတွက် ပညာရေးနဲ့ ပတ်သက်ပြီး၊ နောက် အလုပ်အကိုင်နဲ့ ပတ်သက်ပြီးတော့ ဖွံ့ဖြိုးတိုးတက်လာအောင်၊ အခွင့်အရေးတွေ အခွင့်အလမ်းတွေ ရလာအောင် ဘယ်လိုတွေများ လုပ်ပေးနိုင်မလဲဆိုတာကို သိချင်ပါတယ်။ ဟုတ်ကဲ့ ဒေါက်တာစိုးဝင်းဦး ဖြေပေးပါဦးရှင့်။ ဖြေ။     ။ မင်္ဂလာပါသမီးရေ။ သမီးက ဆယ်တန်းအထိ ရောက်နေပြီဆိုတဲ့အပေါ်မှာ အလွန်ပဲ ဝမ်းသာဂုဏ်ယူပါတယ်။ ဆရာတို့ပါတီရဲ့ ပညာရေးမူဝါဒထဲမှာလည်း ပါပါတယ်။ ကလေးတွေရဲ့ ပညာရေးလို့ ပြောတဲ့အခါမှာ မသန်စွမ်းလူငယ်များအပါအဝင် ကလေးများအားလုံးရဲ့ ပညာရေး ဆိုပြီးတော့ကို မသန်စွမ်းကလေးများအားလုံးအတွက် ပါဝင်အောင်၊ အကျုံးဝင်အောင်လို့ ဆရာတို့က ဒီစကားရပ်ကိုလည်း ထည့်သွင်းထားပြီး ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ အားလုံးအတွက် ပညာရေးလို့ ပြောတဲ့အတွက် ပုံစံအမျိုးမျိုးနဲ့ မြန်မာနိုင်ငံမှာ ရှိနေကြတဲ့ နိုင်ငံသားကလေးတွေ အားလုံးရဲ့ ပညာရေးကို ဆောင်ရွက်တာဖြစ်တဲ့အတွက် Formal Education၊ Informal education ၊ Non – formal education ပေါ့၊ ဒီကဏ္ဍကြီး သုံးမျိုးစလုံးအတွက်။ ဗမာလိုပြောလို့ရှိရင်တော့ သမားရိုးကျ ပညာရေး၊ နောက်တစ်ခုက သမားရိုးကျ မဟုတ်တဲ့ ပညာရေးနဲ့ အထူးသီးသန့်ပညာရေးကဏ္ဍ သုံးခုစလုံးမှာ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်တဲ့အခါမှာ မသန်စွမ်း ကလေးငယ်များ အားလုံးရဲ့ ပညာရေးကို အကျိုးဝင်အောင် ထည့်သွင်းရေးဆွဲထားပြီးတော့ အကောင်အထည် ဖော်ပေးနေပါတယ်။ အဲဒီအတွက်လည်း မသန်စွမ်းအဖွဲ့ချုပ် MILI နဲ့ ဆရာတို့ပါတီနဲ့ အလုပ်ရုံဆွေးနွေးပွဲတွေလည်း မကြာခဏ လုပ်ဖူးပါတယ်။ အစိုးရနဲ့ မသန်စွမ်းအဖွဲ့ချုပ်နဲ့လည်း အတူတကွ ပူးပေါင်းဆောင်ရွက်ပြီးတော့ ဒီ အလုပ်ရုံ ဆွေးနွေးပွဲတွေ အများကြီးလုပ်ဖူးပါတယ်၊ ပညာရေးနဲ့ ပတ်သက်ပြီးတော့။ ပြီးရင် တစ်ခါ၊ မသန်စွမ်း ကလေးငယ်တွေ ပညာပြီးဆုံးသွားတဲ့ အခါမှာ သက်ဆိုင်ရာ ကိုယ်စွမ်းဆောင်နိုင်တဲ့ ကဏ္ဍ အသီးသီးကနေ နိုင်ငံ့တာဝန်တွေ စွမ်းဆောင်နိုင်ဖို့၊ အလုပ်လုပ်နိုင်ဖို့အတွက် အခွင့်အလမ်းတွေကိုလည်း ထပ်မံပြီးတော့ စီမံရေးဆွဲထားတာလည်း ရှိပါတယ်။ ပြီးတော့လည်း အမြဲတမ်းပိုပြီးတော့ အားပေးကူညီဖို့လည်း အမြဲတမ်း အဆင်သင့်ရှိပါတယ်။ အထူးသဖြင့် ဆရာတို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ လွှတ်တော်ကိုယ်စားလှယ် အမတ်တွေထဲမှာတောင်မှ မသန်စွမ်းလူငယ်တွေ ပါဝင်ပြီးတော့ ဒီနေ့ လွှတ်တော်တက်နေတဲ့ အမတ်တွေ ရှိနေပါပြီ။ ဆိုလိုတာက ဒါကြောင့် မသန်စွမ်းကလေးများ အနေနဲ့၊ မသန်စွမ်းလူငယ်များ အနေနဲ့ ဘာမှစိတ်အားငယ်စရာ မရှိပါဘူး။ အားလုံး ကျန်တဲ့ကျန်းမာရေးကောင်းတဲ့သူတွေနဲ့ အတူတူပဲ ဒီနိုင်ငံမှာနော်။ အတူတူနေထိုင်မယ်၊ အတူတူ သင်ယူမယ်၊ အတူတူ အလုပ်လုပ်နိုင်တဲ့ အခွင့်အလမ်းတွေ အပြည့်အဝ ရှိတယ်ဆိုတာကို ဆရာ ဖြေကြားချင်ပါတယ်။ ဟုတ်ကဲ့ပါဆရာ၊ ကျေးဇူးတင်ပါတယ်။ ဟုတ်ကဲ့ ဒီဘက်က မေးပေးသွားတဲ့ ညီမလေးကိုလည်း ကျေးဇူးပါနော်။ ညီမလေးရဲ့ အမေကိုလည်း ကျေးဇူးပါ။ အခု နောက်တစ်ယောက်ကတော့ မောင်လေး မောင်ကျော်မင်းအောင်ပေါ့နော်။ မောင်လေး မေးခွန်းမေးလို့ ရပါပြီနော်။ မေး။     ။ ကျနော်မေးချင်တာကတော့ PPP ပါတီ၊ အန်တီဒေါ်သက်သက်ခိုင်ကို မေးချင်တာပါ။ ကျနော်တို့ လူမျိုးခြားဘာသာခြားတွေ မြန်မာနိုင်ငံမှာ အများကြီးရှိတယ်။ နောက်ပြီးတော့ တိုင်းရင်းသား လူမျိုးကွဲတွေလည်း အများကြီးရှိတယ်။ လောလောဆယ် ကျနော် လက်ရှိကျနော်တို့ ခံစားနေရတဲ့ဥစ္စာက ၁၉၈၂ ခုနှစ် နိုင်ငံသားအက်ဥပဒေနဲ့အညီ မှတ်ပုံတင်တွေ ကျနော်တို့ကို လုပ်ပေးနေတယ်။ ဒါပေမယ့် ကျနော်တို့ လူမျိုးတွေအတွက်က တော်တော်လေးကို ဒုက္ခရောက်နေတယ်။ ပြီးတော့ ကျနော်တို့ လူမျိုးတွေက နိုင်ငံသားဖြစ်ခွင့် ဥပဒေနဲ့ ညီပေမယ့်လည်း ငွေရေးကြေးရေးမတတ်နိုင်တဲ့ အတွက်ကို ကျနော်တို့ ပြုနိုင်ငံသားတို့၊ ဧည့်နိုင်ငံသားတို့ ထုတ်ပေးနေတဲ့ လဝက ရုံးတွေ အမြောက်အများ ရှိတယ်ပေါ့။ ဆိုတော့ အန်တီတို့အနေနဲ့က တကယ်လို့ ဒီ ၂၀၂၀ မှာ အနိုင်ရပြီး အစိုးရသာ ဖွဲ့နိုင်ခဲ့မယ်၊ လွှတ်တော်ထဲ ရောက်ခဲ့မယ်ဆိုရင် ကျနော်တို့ လူမျိုးခြား၊ ဘာသာခြားတွေအတွက်ကို ဘယ်လိုမျိုး မှတ်ပုံတင်ကိစ္စတွေ စီစဉ်ပေးထားလဲ။ နောက်တစ်ခုက ကျနော်တို့ သိချင်တာက ကျနော်တု့ိ လူမျိုးတွေရဲ့ အဓိကအခြေခံ အုတ်မြစ်ဖြစ်တဲ့၊ မြန်မာနိုင်ငံသားတွေက အဓိက အုတ်မြစ်က မှတ်ပုံတင်ပဲ။ ကျနော်တို့ ပညာတွေ အကြီးကြီးသင်ဖို့၊ ဘွဲ့လက်မှတ်ထုတ်ဖို့ကလည်း မှတ်ပုံတင်ရဖို့ လိုအပ်တယ်။ အလုပ်လုပ်ဖို့ အတွက်ကိုလည်း မှတ်ပုံတင်ရဖို့က လိုအပ်တယ်။ နေရာတကာမှာပေါ့၊ မှတ်ပုံတင်က အရေးကြီးနေတယ်ပေါ့။ ဆိုတော့ အန်တီတို့အနေနဲ့ကို ကျနော်တို့က သိချင်တာ ဒီလွှတ်တော်ထဲ ရောက်သွားရင် အန်တီတို့ အနေနဲ့ သားတို့ကို ဘယ်လိုမျိုးလုပ်ပေးနိုင်မလဲ ဆိုတာလေးပေါ့။ စဉ်းစားထားတာကော ရှိလား။ အဲဒါလေး သားသိချင်ပါတယ်။ ဖြေ။     ။ အဓိကကတော့ မှတ်ပုံတင်မရတဲ့ ကိစ္စပါရှင့်။ ကျမ ကိုယ်ချင်းစာနာပါတယ်။ မြန်မာပြည်မှာ နေတာကြာပြီ။ မျိုးဆက် နှစ်ခုသုံးခုရှိပြီ။ ဒါပေမယ့် နိုင်ငံသားမဖြစ်သေးဘူး၊ မှတ်ပုံတင် မရသေးဘူးပေါ့နော်။ အဲဒါတွေက လူမျိုးခြား၊ ဘာသာခြားမှ ဖြစ်နေတာမဟုတ်ဘဲနဲ့ အခု ကျမတို့ မဲတစ်ခါတစ်ခါ ပေးတော့မယ် ဆိုလို့ရှိရင်၊ ၂၀၁၅ တုန်းကလည်း ကျမ ကြုံဖူးပါတယ်။ ၂၀၂၀ မှာလည်း အခု ကြုံနေရပါတယ်။ မဲတော့ပေးချင်တယ်၊ ဒါပေမယ့် မှတ်ပုံတင်မရှိဘူးဆိုတဲ့ တကယ့် တိုင်းရင်းသားအစစ်တွေပေါ့နော်။ အဖေကော၊ အမေကောက မြန်မာနိုင်ငံသား ဖြစ်ပြီးတော့မှ၊ မြန်မာတိုင်းရင်းသားတွေ ဖြစ်တာတောင်မှ မှတ်ပုံတင်မရသေးတဲ့သူတွေ ရှိပါတယ်ရှင့်။ ရှိတဲ့အခါကျတော့ ဒီလိုမျိုးလူတွေတောင် ရှိနေတာ၊ လူမျိုးခြား ဘာသာခြားတွေ ရှိတယ်ဆိုတာလည်း ဒါ မဆန်းပါဘူးရှင့်။ မဆန်းတော့ ကျမတို့က ဒီဟာသည် ဖြေရှင်းရမယ့် ပြဿနာတစ်ခု ဖြစ်ပါတယ်။ ဒါ Administrative problem ဖြစ်ပါတယ်။ အစိုးရကနေပြီးတော့မှ Public adminitration အရ ဖြေရှင်းရမယ့် ကိစ္စတွေဖြစ်ပါတယ်။ အဲဒါကြောင့်မို့လို့ ကျမတို့ ပါတီအနေနဲ့က ဘာလုပ်ချင်လဲဆိုတော့ ပြည်သူ့ဝန်ဆောင်မှု ကောင်းကောင်းပေါ့နော်။ ပြည်သူ့ဝန်ဆောင်မှုဆိုတာက နိုင်ငံသားမှတ်ပုံတင် ထုတ်ပေးတာလည်း ပြည်သူ့ဝန်ဆောင်မှု ဖြစ်တယ်၊ နောက် တခြားကိစ္စတွေလည်း အများကြီး ရှိပါတယ်ရှင့်။ အဲဒါကြောင့် ကျမတို့ကတော့ eGovernment ကို တအားသွားချင်ပါတယ်။ eGovernment ၊ နောက်ပြီး ပထမဆုံးတော့ နိုင်ငံသားမှတ်ပုံတင်ကို eID ၊ နောက် စမတ်ကတ်တွေနဲ့ ဒီလို စာရင်းတွေ သေချာပြုစုပြီးလို့ရှိရင် ဒီမိဘကနေ မွေးဖွားတယ်၊ အဲဒါကြောင့်မို့လို့ အဖေ အမေ နိုင်ငံသားက မွေးဖွားလို့ သားသမီးလည်း နိုင်ငံသားဖြစ်တယ် ဆိုတဲ့ဟာမျိုးပေါ့နော်။ ဆိုလို့ရှိရင် သက်သေတွေကို၊ ထောက်ခံစာတွေကို ပတ်ပြီးတော့ ယူနေစရာမလိုဘဲနဲ့ eGovernment ဆိုလို့ရှိရင်တော့ ဒါ အကျင့်ပျက် လာဘ်စားမှုကိုလည်း တိုက်ဖျက်နိုင်တယ်၊ တချိန်တည်းမှာပဲ ပြည်သူ့ဝန်ဆောင်မှုတွေလည်း ပိုကောင်းလာမယ်။ အဲဒါကြောင့်မို့လို့ ကျမတို့ ပါတီအနေနဲ့တော့ eGovernment ကို လုပ်ဖို့ကို သိပ်ကိုမှ ဆန္ဒပြင်းပြပါတယ်ရှင့်။ အဲဒီအထဲမှာ ဒါ လူ့အခွင့်အရေးလည်း ဖြစ်ပါတယ်။ လူ့အခွင့်အရေးလည်း ဖြစ်တယ်၊ နိုင်ငံသားရပိုင်ခွင့် အခွင့်အရေး ပေါ့နော်။ ဒီနိုင်ငံမှာနေတဲ့ ဒီအဖေအမေက မွေးဖွားတယ် ဆိုလို့ရှိရင်၊ ဒီနိုင်ငံသားက မွေးဖွားတယ်ဆိုလို့ရှိရင် နိုင်ငံသားဖြစ်ခွင့်ပေါ့။ ပြီးလို့ရှိရင် ၁၉၈၂ ဥပဒေနဲ့ ညီပြီးတော့မှ နိုင်ငံသားဖြစ်ခွင့် ရှိတဲ့သူတိုင်းကို နိုင်ငံသားမှတ်ပုံတင် ရတာပေါ့နော်။ အဲဒီလို မှတ်ပုံတင် ရမှသာလျှင် ပညာရေးတွေ၊ ကျန်းမာရေးတွေ၊ ပြီးလို့ရှိရင် ယုတ်စွအဆုံး နိုင်ငံကူးလက်မှတ်တွေဘာတွေ ထုတ်ပြီး နိုင်ငံတကာကိုသွားပြီး ပညာသင်တာတို့၊ အလုပ်လုပ်တာတို့ ဒီလိုအခွင့်အရေးတွေ ရမှာ ဖြစ်ပါတယ်။ အဲဒါကတော့ ကျမတို့ လူ့အခွင့်အရေးကိစ္စ ဖြစ်သလို၊ ကျမတို့က Administrative issue ဖြစ်ပါတယ်။ ကျမတို့က ပြုပြင်ပြောင်းလဲဖို့ လိုပါတယ်ရှင့်။ ဟုတ်ကဲ့ပါ၊ ကျေးဇူးပါ။ အဲဒီတော့လေ၊ ဒီမေးခွန်းကိုပဲ ကျမတို့က ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီက ဒေါ်စုစုလှိုင်ကိုလည်း ဒါတွေနဲ့ ပတ်သက်ပြီးတော့ အစ်မတို့ ပါတီအနေနဲ့ရော ဒီလို နိုင်ငံသားမှတ်ပုံတင်တွေ၊ တိုင်းရင်းသားလူနည်းစုတွေပေါ့နော်၊ ဘာသာခြား လူနည်းစုတွေမှာ ဒီလို မှတ်ပုံတင်တွေ အခက်အခဲ ဖြစ်နေတာနဲ့ ပတ်သက်ပြီးတော့ရော ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီအနေနဲ့များ အနိုင်ရခဲ့ရင်၊ လွှတ်တော်ထဲ ရောက်သွားခဲ့ရင်ပေါ့နော် ဘာတွေများ လုပ်ပေးဖို့ ရှိလဲပေါ့။ အဲဒါလေးကို မေးချင်ပါတယ်ရှင့်၊ UBP ပါတီကိုလည်း၊ ဟုတ်ကဲ့။ ဖြေ။     ။ ဟုတ်ကဲ့ပါ။ ကျမတို့က အစကတည်းကလည်း ပြောထားပါတယ်၊ ပါတီက။ နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရဘူးပေါ့နော်။ နိုင်ငံသားရဲ့ အခြေခံအခွင့်အရေးထဲမှာ နိုင်ငံတစ်နိုင်ငံမှာ မွေးဖွားတယ်၊ ဖြစ်တည်လာတဲ့အခါမှာ ကျမတို့က နိုင်ငံသားအခွင့်အရေးကို ပေးကိုပေးရမှာ ဖြစ်ပါတယ်။ အဲဒီတော့ ခုနက မှတ်ပုံတင်လုပ်တဲ့ကိစ္စတွေ၊ လိုင်စင်ကိစ္စတွေကိုလည်း ကျမတို့ ကတိကဝတ် ၁၂ ချက်ထဲမှာ အဆင်ပြေ ချောမွေ့စေရမယ်ဆိုတာတွေကို ကျမတို့ ဖြည့်ထားပြီး ဖြစ်ပါတယ်။ ကျမတော့ ဒီလိုလေးပဲ တိုတို ဖြေချင်ပါတယ်ရှင့်။ ဟုတ်ကဲ့ပါ၊ ကျေးဇူးပါ။  ဆိုတော့ ကျနော်တို့ မေးခွန်းမေးတာလေးတွေရဲ့ ကြားထဲမှာ၊ နောက်ထပ် မေးခွန်းမမေးခင်လေးမှာ ၂၀၁၅ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တချို့ကို ကျနော်တင်ပြပေးချင်ပါတယ်။ ၂၀၁၅ မှာ ရန်ကုန်တိုင်း ဒေသကြီးမှာ မဲရရှိမှု အခြေအနေနဲ့ မဲပေးသူ ရာခိုင်နှုန်းဟာ ၂၀၁၅ တုန်းကဆိုလို့ရှိရင် ဒီ ရန်ကုန်တိုင်း ဒေသကြီးမှာ ၆၅.၄၄ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။ ဆိုလိုတာကတော့ ရန်ကုန်တိုင်း ဒေသကြီးမှာ ပါတီအလိုက် ဝင်ရောက်ယှဉ်ပြိုင်မှုတွေကို ပြန်ကြည့်မယ်ဆိုရင် ပြည်သူ့လွှတ်တော်မှာတော့ ယှဉ်ပြိုင်တဲ့ ပါတီက ၂၉ ပါတီ ရှိပြီးတော့ အနိုင်ရတဲ့ ပါတီက ၂ ပါတီ ရှိပါတယ်။ အမျိုးသားလွှတ်တော်ကို ပြန်ကြည့်မယ်ဆိုရင် အမျိုးသားလွှတ်တော်အတွက် ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပါတီ ၂၀ ရှိပြီးတော့ အနိုင်ရတဲ့ ပါတီ ၁ ပါတီ ရှိပါတယ်။ တိုင်းဒေသကြီးလွှတ်တော်မှာဆိုရင် ကျနော်တို့ ဝင်ရောက်ယှဉ်ပြိုင်တဲ့ပါတီ ၂၉ ပါတီရှိပြီးတော့ အနိုင်ရတဲ့ပါတီ ၂ ပါတီ ရှိခဲ့ပါတယ်။ ဒါက ကျနော်တို့ ၂၀၁၅ ရဲ့ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေပါ။ နောက်တစ်ခုကတော့ ကျနော်တို့ DVB Any Questions? အတွက် ကျနော်တို့ ဖောင်ဖြည့်ပြီးတော့ အချက်အလက်တွေ ကောက်ယူတဲ့အခါမှာ ကျနော်တို့ရဲ့ စစ်တမ်းကို ဖြေဆိုကြတဲ့သူတွေက အမျိုးသား ၃၃ ရာခိုင်နှုန်း ရှိပါတယ်၊ အမျိုးသမီးက ၅၆ ရာခိုင်နှုန်း၊ အခြားပေါ့လေ … အဲဒါကတော့ ၁၁ ရာခိုင်နှုန်း ရှိပါတယ်။ အဲဒီအထဲမှာပဲ ကျနော်တို့ ပထမအကြိမ် မဲပေးမယ့်သူကတော့ ၈၃ ရာခိုင်နှုန်း ပါဝင်ပြီးတော့ အဲဒီအထဲမှာ ဗမာက ၈၅ ရာခိုင်နှုန်း ပါဝင်ပါတယ် တစ်ခါထပ်ပြီးတော့ ကျနော်တို့က ဒီဗီဘီစစ်တမ်း ဖြေဆိုသူတွေရဲ့ အချက်အလက်တွေကို ကျနော်တို့ ပြန်ပြီးတော့ စစ်ဆေးကောက်ခံတဲ့အခါမှာ မသန်စွမ်း ၁၁ ရာခိုင်နှုန်း ပါဝင်ပါတယ်။ သန်စွမ်းသူတွေကတော့ ကျနော်တို့ ၉၀ ကျော် ပါဝင်တာကို တွေ့ရပါတယ်။ အဲဒီအထဲမှာပဲ ကျနော်တို့ အကြားအာရုံ မသန်စွမ်းတဲ့ သူတွေက ၆၇ ရာခိုင်နှုန်း ရှိပြီးတော့ ခန္ဓာကိုယ် မသန်စွမ်းကတော့ ၃၃ ရာခိုင်နှုန်းရှိတာကို တွေ့ရပါတယ်။ နောက်တစ်ခု ကျနော်တို့က ပါတီတွေနဲ့ ဒေသဆိုင်ရာအလိုက် သူတို့ ရင်ဆိုင်ရတဲ့ ပြဿနာတွေကို ကျနော်တို့ စစ်တမ်းကောက်ယူပါသေးတယ်။ အဲဒီတော့ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျနော်တို့ စစ်တမ်းကောက်ယူတဲ့အခါမှာ ယာဉ်ကျောပိတ်ဆို့မှုကို ဝင်ရောက် ဖြေဆိုထားတာက ၆၁ ရာခိုင်နှုန်း ရှိပါတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ သန့်ရှင်းရေး၊ ပတ်ဝန်းကျင် သန့်ရှင်းရေးအတွက်ကတော့ ၅၆ ရာခိုင်နှုန်း ရှိပါတယ်။ နောက် ဥပဒေစိုးမိုးရေးနဲ့ လူ့အခွင့်အရေးအတွက် ၅၀ ရာခိုင်နှုန်း၊ မြို့ပြစီမံကိန်း၊ မြေယာပြဿနာများအတွက်ကတော့ ၄၃ ရာခိုင်နှုန်း၊ ကျန်းမာရေးအတွက် ၄၁ ရာခိုင်နှုန်း၊ စည်ပင်သာယာရေး ၃၅ ရာခိုင်နှုန်း၊ မူးယစ်ဆေးဝါး ပြဿနာကတော့ ၃၁ ရာခိုင်နှုန်း ဆိုပြီးတော့ ဝင်ရောက်ဖြေဆိုထားတာ တွေ့ပြီးတော့ ဒီအချက်အလက်တွေထဲမပါတဲ့ အခြားဆိုတဲ့ နေရာမှာတော့ ၈၉ ရာခိုင်နှုန်းအထိ ကျနော်တို့ တွေ့ရှိရပါတယ်။ ဒါကတော့ ကျနော်တို့ DVB Any Questions? ကနေပြီးတော့ ပြုစုထားတဲ့ အချက်အလက်တွေပဲ ဖြစ်ပါတယ် ခင်ဗျာ။ ဟုတ်ကဲ့ပါ၊ ကျေးဇူးပါရှင့်။ အဲဒီတော့ ဒီနေ့ မေးခွန်းမေးပေးသွားတဲ့ မောင်လေးတွေ၊ ညီမလေးတွေနဲ့ ဒီဘက်က ဖြေပေးသွားတဲ့ ပါတီကတာဝန်ရှိတဲ့သူတွေကို ကျေးဇူးတင်ပါတယ်နော်။ အခု ကျမတို့ရဲ့ လူငယ်တွေရဲ့ မေးခွန်း တိုက်ရိုက်မေးတဲ့ အစီအစဉ်ကို ဒီမှာပဲ ခဏနားခွင့်ပြုပါရှင်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024