Home
ဆောင်းပါး
၂၀၂၀ ရွေးကောက်ပွဲကနေ ပထမဆုံးသော မသန်စွမ်းအမျိုးသမီးအမတ်ထွက်ပေါ်လာမည်လား
DVB
·
November 5, 2020
မသန်စွမ်းတွေရဲ့ အခွင့်အရေးအတွက် ကိုယ်တိုင်ရှေ့တန်းထွက်ပြီး ဝှီးချဲတွန်းကာ လွှတ်တော်ထဲဝင်ရောက်ဖို့ ကြိုးစားနေတဲ့ မသန်စွမ်းအမျိုးသမီးကိုယ်စားလှယ်လောင်း တစ်ယောက်ရှိပါတယ်။ သူမကတော့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် မချောစုလှိုင်ပဲဖြစ်ပါတယ်။ အခု ၂၀၂၀ ရွေးကောက်ပွဲမှာ မချောစုလှိုင်ဟာ သူမရဲ့ ဇာတိဖြစ်တဲ့ ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပ မြို့နယ်ကနေ ပြည်သူ့လွှတ်တော်နေရာအတွက် ဝင်ရောက် ယှဉ်ပြိုင်နေတာဖြစ်ပါတယ်။ ညီညွတ်သော တိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီဟာ ၁၉၉၀ အမတ်ဟောင်းတချို့နဲ့ တည်ထောင်ထားတဲ့ ပါတီဖြစ်ပြီး ပါတီဝင်တစ်ဦးချင်းဆီရဲ့ နောက်ခံသမိုင်းကြောင်းတွေကို လေးစားအားကျတာကြောင့် ပါတီဝင်အဖြစ်မှတ်ပုံတင်ပြီး ဝင်ရောက်လာခဲ့တာလို့သူမကဆိုပါတယ်။ ၂၀၁၄ ပြည်လုံးကျွတ်သန်းခေါင်စာရင်းအရ လူဦးရေ ၅၁ သန်းကျော်နေထိုင်တဲ့ မြန်မာနိုင်ငံထဲက ၄ ဒသမ ၆ ရာခိုင်နှုန်းဖြစ်တဲ့ လူဦးရေ ၂ ဒသမ ၃ သန်းလောက်ဟာ မသန်စွမ်းတွေဖြစ်ကြပါတယ်။ သူတို့တွေဟာနိုင်ငံရေးသမိုင်းကြောင်းမှာ တခြားသူတွေလောက် ပါဝင်လုပ်ဆောင်ခွင့် မရှိခဲ့ပေမယ်လို့ အနာဂတ် နိုင်ငံရေးလမ်းကြောင်းမှာတော့ တတ်နိုင်တဲ့အားနဲ့ လှုပ်ရှားဆောင်ရွက်လိုကြတာဖြစ်ပါတယ်။ “အခု နိုင်ငံရေးနယ်ပယ်ထဲကို ကျမတို့ မသန်စွမ်းတွေဝင်လာခဲ့တယ်။ နိုင်ငံရေးနောက်ခံသမိုင်းမှာ သွေးတွေ ချွေးတွေရင်းပြီး ပါခဲ့တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း အနာဂတ်ကို ဖော်ဆောင်တဲ့အခါမှာ ကျမတို့ ကလည်းအုပ်တစ်ချက် သဲတစ်ပွင့် အနေနဲ့ ပါဝင်ချင်ပါတယ်” လို့ ရန်ကုန်တိုင်းဒေသကြီး မသန်စွမ်းသူများအသင်းမှာ အတွင်းရေးမှူးအနေနဲ့တာဝန်ယူဆောင်ရွက်နေသူလည်းဖြစ်တဲ့ မချောစုလှိုင်က ပြောပါတယ်။ မချောစုလှိုင်ရဲ့ ခြေထောက်နှစ်ဖက်ဟာ မွေးရာပါ မသန်စွမ်းတာမျိုးမဟုတ်ပဲ သူမ အသက် ၁ နှစ်ကျော်လောက်မှာ အပြင်းဖျားရာကနေ ပိုလီယိုရောဂါနဲ့ ကိုယ်အင်္ဂါမသန်စွမ်းဖြစ်ခဲ့ရတာပါ။ မိသားစုတွေကလည်း သူမရဲ့ ခြေထောက်ပြန်ကောင်းအောင်လို့ လေ့ကျင့်ခန်းတွေ၊ လမ်းလျှောက်ခိုင်းတာတွေ လုပ်ပေးခဲ့တာကြောင့် ခြေထောက်ဟာ လုံးဝမလျှောက်နိုင်တာမျိုးမဟုတ်ပဲ အကူတစ်ယောက်နဲ့ဖြစ်စေ တွဲပြီးလမ်းလျှောက်နိုင်တဲ့အခြေအနေမျိုးဖြစ်ပါတယ်။ ဒါကြောင့် ငယ်စဉ်က ကျောင်းတက်တဲ့ အချိန်တွေမှာလည်း မိဘနဲ့အတူ တွဲသွားရင်း ကျောင်းတက်နိုင်ခဲ့ပါတယ်။ သူမရဲ့ အဖေဟာ အစိုးရဝန်ထမ်းတစ်ယောက်ဖြစ်ပြီး သူမကိုကျောင်းပို့ရမယ့် အချိန်မှာတော့အလုပ်ကနေ ဆေးပင်စင်ယူလိုက်ပြီး နေ့စဉ် သူမကို ကျောင်းပို့တဲ့တာဝန်ကိုသာ ရွေးချယ်ခဲ့ပါတယ်။ “အဲ့တုန်းကတော့ အခုလို(အကူ)ကိရိယာတွေဘာ တွေမရှိတဲ့အခါကျတော့ သွားရလာရတာ အခက်အခဲကတော့ ဒီလိုပွင့်လင်းရာသီဆိုအကြောင်းမဟုတ်ဘူး။ လက်တွဲပြီးတော့လျှောက်လို့ရတယ်။ မိုးတွေကတအားရွာလာပြီ တွဲသွားလို့မရတော့ဘူး(ဆိုရင်) အဖေကကုန်းပိုးရတယ်” လို့ မချောစုလှိုင်က သူမရဲ့ ငယ်ဘဝအကြောင်းကို ပြန်လည်ပြောပြပါတယ်။ သူမငယ်စဉ်ကျောင်းသူဘဝ ကျောင်းတတ်စဉ်အခါက လမ်းတွေရဲ့ အနေအထားနဲ့ ကျောင်းအဆောက်အအုံ တွေကလည်း မသန်စွမ်းတွေအတွက် ခက်ခဲတဲ့အနေအထားတွေ များစွာကိုလည်းသူမအနေနဲ့ တွေ့ကြုံခဲ့ရပါတယ်။ ပျက်စီးနေတဲ့ လမ်းတွေ၊ မိုးတွင်းကာလ ရေကြီးရေလျှံတာတွေနဲ့ ဗွက်အိုင်ငယ်လေးတွေကလည်း သူမအတွက် ခရီးလမ်းကြမ်းတွေဖြစ်စေခဲ့ပါတယ်။ “အမခြေထောက်မကောင်းတော့ သဲအိတ်တွေပေါ်လည်း မတက်နိုင်ဘူး။ ခဏခဏ လဲကျတယ်။ ဗွက်တွေတကိုယ်လုံးပေတယ်။လဲစရာအဝတ်အစားမပါတဲ့နေ့ဆို ဗွက်ပေနဲ့ပဲ တနေကုန် စာသင်ရတယ်” လို့ သူမရင်ဆိုင်ခဲ့ရတာတွေကို ပြောပါတယ်။ ဒါ့အပြင် ကျောင်းတွေရှိတဲ့ အိမ်သာတွေကလည်း မသန်စွမ်းတွေသွားလာဖို့ အဆင်မပြေတာကြောင့် မချောစုလှိုင်ကတော့ ငယ်ငယ်တည်းကနေ တက္ကသိုလ်တက်တဲ့အထိကျောင်းအိမ်သာတွေဆီသွားခဲ့တာကလက်ချိုးရေတွက်လို့တောင်ရတဲ့အခြေအနေဖြစ်ပါတယ်။ “ကျောင်းရောက်တာနဲ့ အိမ်သာ လုံးဝမသွားဘူး။ သွားဖို့မတ်တပ်ရပ်လိုက်ရင် လှေကားကပဲ အစ်မ မေးစေ့လောက်ထိရှိတယ်။ သုံးထစ်လောက်တက်ရတာလေ။ သူများတွေက ခြေထောက်တွေနဲ့တက်တဲ့နေရာကို လေးဘက်ထောက်ပြီးလည်းမတက်ချင်ဘူး။ အဲ့လိုနဲ့ အကျင့်ပါသွားတော့ သူငယ်တန်းကနေ ၁၀ တန်းထိသာ အောင်သွားတယ် အိမ်သာမသွားခဲ့ရဘူး။ တစ်နှစ်မှာ တစ်ခါတောင် တော်တော်ရှားတယ်” လို့ ဆိုပါတယ်။ ဆယ်တန်းအောင်ပြီးလို့ ဒဂုံတက္ကသိုလ်တက်ရောက်တဲ့အခါမှာတော့ သူမကိုကျောင်းလိုက်ပို့မယ့်တာဝန်ကို အမေဖြစ်သူက လွဲပြောင်းယူလိုက်ပါတယ်။ သာမန်သူတွေလို ဘက်စ်ကားစီးပြီး ကျောင်းမတက်နိုင်တာကြောင့် သူမရဲ့ မိခင်က စက်ဘီးနဲ့ ကျောင်းကိုလိုက်ပို့ရင်း သူမနဲ့အတူ ကျောင်းမှာ တနေကုန်ရှိနေပေးခဲ့ရတာဖြစ်ပါတယ်။ တက္ကသိုလ်တက်ရောက်တဲ့အခါမှာလည်း မြေညီထပ်ကစာသင်ခန်းတွေကို ရွေးချယ်တက်ရောက်နိုင်ခဲ့ပေမယ့်လို့ စာမေးပွဲကာလရောက်တဲ့အခါမှာတော့ အထပ်အမြင့်တွေကို တက်ရောက်ဖြေဆိုရတဲ့အခါ အခက်အခဲတွေ ရှိလာပြန်ပါတယ်။ “စာမေးပွဲဖြေတဲ့အခါကျတော့ အပေါ်ဆုံးထပ်တဲ့။အဲ့တုန်းကကျတော့ ညှိုနှိုင်းဆွေးနွေး ပြောဆိုရကောင်း မှန်းလည်းမသိခဲ့ဘူး။ နားမလည်ခဲ့ဘူးဆိုတော့။ ဘဲလ်တီးလိုက်ပြီဆို သူများတွေက အခန်းထဲဝင် ကိုယ့်နေရာကိုယ်ဝင်ထိုင်ကြနေကြပြီ။ အမက အဲ့အချိန်မှာ လှေကား၂ ထစ်ပဲရောက်သေးတယ်။ သူများတွေ ၁၀ မိနစ်လောက်ဖြေပြီးမှ အမက အခန်းထဲရောက်ပြီး အမောဆို့နေတာ မဖြေနိုင်သေးဘူး။အမောဖြေပြီးမှ စာမေးပွဲဖြေတော့ အချိန်တွေက တော်တော်ကြာသွားပြီလေ။ တကယ်သာ စာကို တစ်လုံးမှ အလွဲမခံတဲ့ကျောင်းသားဆိုရင် ဒီအချိန်တွေက တန်ဖိုးအရမ်းရှိတယ်။အစ်မတို့ မသန်စွမ်းတွေအတွက် ပြင်ဆင်ထားမှုတွေက အခက်အခဲတွေအများကြီးရှိတယ်” လို့ဆိုပါတယ်။ ဘယ်လိုအခက်အခဲတွေရှိခဲ့ရှိခဲ့ သူမဟာနောက်ဆုံးမှာတော့ တက္ကသိုလ်ကနေ မြန်မာစာအထူးပြုနဲ့ ဘွဲ့ရတဲ့အထိ အောင်မြင်ခဲ့ပါတယ်။ အခုနောက်ပိုင်းမှာတော့ အခြေခံပညာကျောင်းတွေမှာ မသန်စွမ်းတွေ ပညာသင်ကြားနိုင်ဖို့အတွက် အပြင်အဆင်တွေကို လုပ်ဆောင်လာနေပေမယ့် တက္ကသိုလ်တွေမှာတော့ အခုချိန်ထိ မသန်စွမ်းတွေအတွက် ပြင်ဆင်ထားရှိမှုမျိုးမရှိသေးဘူးလို့ သူမကထောက်ပြပါတယ်။ ဒါကြောင့် သူမအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင်တော့ အခုလို မသန်စွမ်းတွေ အခွင့်အရေးအတွက် လှုပ်ရှားဖို့လည်း ပြင်ဆင်နေပါတယ်။ “အစ်မ အနိုင်ရရင်တော့ အစ်မတို့လို မသန်စွမ်းတွေ ပညာကောင်းကောင်းသင်နိုင်အောင် အစ်မ ဖန်တီပေးမှာကတော့ ကြိမ်းသေတယ်။ ဒါကလည်းတကယ်တော့ နိုင်ငံတော်အတွက်က လူ့စွမ်းအား အရင်းအမြစ်တွေပဲလေ။ အဲ့လို အပြင်အဆင်တွေကို ကျောင်းသားတွေ အဆင်ပြေပြေနဲ့ လာရောက်သင်နိုင်အောင် လုပ်ဆောင်ပေးချင်တယ်” လို့ မချောစုလှိုင်ကဆိုပါတယ်။ မချောစုလှိုင်ဟာ ၂၀၁၃ ခုနစ်တည်းက မသန်စွမ်းအရေးနဲ့ပတ်သက်လို့ အရပ်ဖက်အဖွဲ့အစည်းတွေကနေ ပါဝင်လုပ်ဆောင်လာသူဖြစ်ပြီး အခုအခါမှာတော့ လွှတ်တော်နိုင်ငံရေးလမ်းကြောင်းကနေ မသန်စွမ်းအခွင့်အရေးနဲ့ပတ်သက်လို့ ဆောင်ရွက်နိုင်အောင် ကြိုးပမ်းနေသူတစ်ယောက်လည်းဖြစ်ပါတယ်။ မသန်စွမ်းသူတစ်ယောက်ဖြစ်တဲ့ မချောစုလှိုင်ဟာ ကလေးဘဝကစလို့ အရွယ်ရောက်တဲ့အချိန်ထိ အိမ်မှာ မိသားစုရဲ့ ဖေးမကူညီမှုကို အပြည့်အဝခံစားခဲ့ရပေမယ့်လို့ အိမ်အပြင်ထွက်တဲ့အခါမှာတော့ သာမာန် သန်စွမ်းတဲ့သူတွေလို သွားလာနိုင်မှုမရှိတာကြောင့် စိတ်ညစ်ခဲ့ရတဲ့ ရက်တွေလည်းရှိခဲ့ဖူးပါတယ်။ “မသန်စွမ်းမို့ ကိုယ့်အိမ်မှာကိုယ်ဆိုလည်း ဘာမှမလုပ်ရဘူး။ စားတဲ့ ပန်းကန်တောင် ဆေးစရာမလိုဘူး။ အဝတ်မလျှော်လည်းဘယ်သူ့မှမပြောဘူး။ ရေကအစခပ်တိုက်ကြတာဆိုတော့။ အိမ်မှာတော့ အဲ့လို ပြည့်ပြည့်စုံစုံလုပ်ပေးတယ်။ ဒါပေမယ့် အပြင်သွားရင်တော့ အစ်မကို ဘယ်သူမှ မခေါ်ချင်ကြဘူး” လို့ ပြောပါတယ်။ မချောစုလှိုင်ဟာ မသန်စွမ်းတွေကိုသာ သင်ကြားပေးတဲ့ စက်ချုပ်သင်တန်းမှာ သွားရောက်ကာ စက်ချုပ်ပညာကို သင်ကြားခဲ့ရာကနေ ကိုယ့်ကိုကိုယ်ယုံကြည်မှုပိုရှိလာခဲ့ပြီး ဘဝတူမသန်စွမ်းတွေအတွက် တတ်နိုင်သလောက် ကူညီလုပ်ဆောင်ပေးဖို့ ဆန္ဒရှိလာတာဖြစ်ပါတယ်။ “မသန်စွမ်းသူတွေကြီးပဲ သင်ပေးတဲ့ စက်ချုပ်သင်တန်းကျောင်း မှာသွားတက်လိုက်တယ်။ အဲ့ဒီမှာ ဘာထူးခြားသွားလဲ ဆိုတော့ အစ်မတို့ လူတွေပဲ စုပြီးသင်တာဆိုတော့ တစ်ခုခုဆိုလည်း ကိုယ်တိုင်လုပ်ပေးလိုက်တယ်။ အိမ်မှာဆို ကိုယ့်ကိုပဲ သူများတွေက လိုက်လုပ်ပေးရတာလေ။ အဲ့ဒီမှာကတော့ ကိုယ်ကလည်း တခြား မသန်စွမ်းတွေအတွက်ကူပြီး ရေခပ်တိုက်တာတို့ ဝိုင်းကူလုပ်ပေးတာဆိုတော့ အဲ့အချိန်မှာ ကိုယ့်ကိုကိုယ်ယုံကြည်ချက်ရှိလာတယ်။ တခြားသူတွေကို ကူပေးရတာလည်း ပီတိဖြစ်လာတယ်။ အဲ့ဒါနဲ့ စက်ချုပ်ပညာကို ရအောင်သင်ပြီးတော့ တချို့ မတတ်နိုင်တဲ့ မသန်စွမ်းတွေကို တွဲခေါ်တယ်။ စက်ချုပ်ပညာကို ဂျပန်စင်တီမီတာနည်းနဲ့ သင်ခဲ့တယ်။ အခုထိလည်းအဲ့ဒီပညာနဲ့ပဲ အသက်မွေးနေတယ်။ ဒီဇိုင်နာသင်တန်းလည်းပေးတယ်။ စက်ချုပ်သင်တန်းတွေလည်းပြန်ပေးတယ်” လို့ သူမ လုပ်ဆောင်ပေးနေမှုအကြောင်း ပြောပါတယ်။ သူမဟာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းအနေနဲ့ စက်ချုပ်ဆိုင်ဖွင့်လှစ်ထားပြီး မသန်စွမ်းတွေ အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိအောင် တတ်နိုင်တဲ့အင်အားနဲ့ လုပ်ဆောင်ပေးနေတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ မသန်စွမ်းတွေအတွေက် အလုပ်အကိုင်ရှားပါးနေဆဲဖြစ်ပြီး စက်ရုံ အလုပ်ရုံတွေမှာလည်း ကိုယ်အင်္ဂါမသန်စွမ်းသူတွေအတွက် အလုပ်နေရာပေးနိုင်မှုအပိုင်းမှာလည်း အားနည်းနေဆဲဖြစ်ပါတယ်။ ဒါကြောင့် မသန်စွမ်းသူတွေဟာ တပိုင်တနိုင် စီးပွားရေးလုပ်ငန်းတွေကိုသာ လုပ်ကိုင်လာနေရတာဖြစ်ပါတယ်။ အခုလို ကိုဗစ်ကာလမှာတော့ စီးပွားရေးလုပ်ငန်းတွေအပေါ် ကြီးမားတဲ့ ထိခိုက်မှုရှိလာတာကြောင့် မသန်စွမ်းသူတွေရဲ့ လုပ်ငန်းတွေမှာလည်း သက်ရောက်မှုတွေရှိလာခဲ့ပါတယ်။ “ကိုဗစ်ကာလမှာ အစ်မတို့ မသန်စွမ်းတွေက အဆင်းရဲဆုံးလို့တောင်ပြောလို့ရတယ်။ သာမန်အခြေအနေမျိုးမှာတောင် မသန်စွမ်းတွေက အလုပ်အကိုင်နဲ့ပတ်သက်ပြီး ရှားပါးကြတယ်။မသန်စွမ်းဆို အလုပ်မခန့်တာက များကြတယ်။ ဒါကြောင့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလေးတွေလုပ်ကြရတယ်။ စက်ချုပ်လုပ်ငန်းနဲ့ ရပ်တည်ကြတယ်။ ဆံပင်ညှပ်တဲ့အလုပ်လေးတွေလုပ်တယ်။ ကိုယ်ပိုင်ဆိုင်လေးတွေ ဖွင့်ပြီးလုပ်ကြတယ်။ အခုလို ကိုဗစ်ဖြစ်တော့ ဆိုင်တွေလည်းပိတ်ရတယ်။ ဆိုင်လခတွေကလည်းပေးနေရတယ်” လို့ အခုကာလမှာ ကြုံတွေ့နေရတဲ့ မသန်စွမ်းတွေရဲ့ အခြေအနေတွေကို ပြောပါတယ်။ မသန်စွမ်းတွေအနေဲ့ ကိုဗစ်ကာလမှာ အကြပ်အတည်းတွေနဲ့ရင်ဆိုင်နေရသလို သူမလို ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတစ်ယောက်အနေနဲ့ ဆိုရင်လည်း သက်တမ်းနုနယ်သေးတဲ့ ပါတီအဖွဲ့အစည်းလည်းဖြစ်တာကြောင့် မဲဆန္ဒရှင်တွေဆီ တိုက်ရိုက်ထိတွေ့မှုတွေမှာလည်း အားနည်းခဲ့ရပြန်ပါတယ်။ ဒါ့အပြင် ကိုဗစ်ကာလည်းဖြစ်တာကြောင့် သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေကို လိုက်နာပြီး သွားလာရတဲ့ အခြေအနေမျိုးမှာ သူမအတွက် စိန်ခေါ်မှုကလည်းရှိနေပါတယ်။ “အစ်မဆိုရင် ပြည်သူနဲ့ စကားပြောချင်တဲ့အခါမှာ နောက်ဖုံးကနေ ကားကိုဖွင့် ဝှီးချဲကို တစ်ယောက် ချပေးရတယ်။ ချပြီးမှ ဝှီးချဲပေါ်မှာထိုင် ထိုင်ပြီးပြော။ လမ်းကောင်းရင်တောင် ဝှီးချဲနဲ့က အဝေးကြီးမသွားနိုင်ဘူးလေ။ ကိုယ့်ကိုအတူလုပ်ပေးတဲ့သူကလည်း ကိုယ့်နီးပါးလောက်ကို ပင်ပန်းတယ်” “နောက်ထပ်စိန်ခေါ်မှုက ကျတော့ အခုက ကိုဗစ်ကာလဖြစ်တဲ့အတွက် လမ်းတွေမှာ တားထားတာတွေရှိတယ်။ လူတစ်ကိုယ်စာပဲဝင်လို့ရတယ်။ ကားလည်းဝင်လို့မရဘူး။ တချို့နေရာတွေဆို လမ်းတွေမကောင်းတော့ ဒီတိုင်းကြည့်ပြီး ပြန်လှည့်လာရတာတွေလည်းရှိတယ် ” လို့ သူမကဆိုပါတယ်။ အခုလို နိုင်ငံရေးလမ်းကြောင်းကို ရွေးချယ်တဲ့အခါမှာ သူမကို ဘေးနားကနေ ပံ့ပိုးပေးတဲ့သူက သူမရဲ့အိမ်ထောင်ဖက် အမျိုးသား တစ်ယောက်သာရှိနေခဲ့ပါတယ်။ သူမရဲ့ မိသားစုတွေကတော့ နိုင်ငံရေးကိစ္စတွေကို စိတ်ပါဝင်စားသူမဟုတ်တာကြောင့် သူမကို ထောက်ပံပေးနိုင်မှုတွေလည်း မပြုလုပ်ပေးနိုင်ခဲ့ပါဘူး။ ဒါကြောင့် ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်နေတဲ့ကာလတလျှောက်မှာ သူမရဲ့ အမျိုးသားကသာ သူမကို ကားမောင်းလိုက်ပို့ရင်း ထောက်ပံ့မှုပြုပေးနေတာဖြစ်ပါတယ်။ သူမရဲ့ ပတ်ဝန်းကျင်မှာတော့ မသန်စွမ်းဖြစ်တဲ့ သူမကို ခွဲခြားဆက်ဆံတာမျိုးမရှိပေမယ့် ဆိုရှယ်မီဒီယာကနေ ဝေဖန်ပြောဆိုမှုတွေကိုတော့ ကြုံတွေ့ခဲ့ရပါတယ်။ ဒါပေမယ့်လို့ သူမကတော့ တစုံတရာ စိတ်ပျက်အားငယ်သွားခြင်းမျိုးမရှိပဲ ဆက်လက်ကြိုးစားနေဦးမှာဖြစ်တယ်လို့ဆိုပါတယ်။ “အစ်မ ပတ်ဝန်းကျင်မှာရှိတဲ့ သူတွေကတော့ အစ်မကို ခွဲခြားတာမရှိဘူး။ ပါတီ တူတူ မတူတူ အားပေးတယ်။ ထောက်ခံကြတယ်။ အွန်လိုင်းမှာပြောဆိုနေကြတာတွေလည်း တွေ့ရတာပေါ့လေ။ ဆိုရွားတဲ့ကော်မန့်တွေကို လည်းဖတ်ရတယ်။ ဒါတွေကိုသာ စိတ်ပျက်အားငယ်နေမယ်ဆိုရင် သူများဖြစ်စေချင်တာပဲဖြစ်နေမှာလေ။ ကိုယ်လုပ်ချင်တာ ကိုယ်ဖြစ်တာကို အကောင်အထည်ဖော်ပြီးလုပ်ရမယ်။ ကိုယ့်ရည်မှန်းချက်ကို ပြည့်အောင်လုပ်ရမယ်။ နောက်ဆုံးတော့ ကိုယ့်ရဲ့ လုပ်ရပ်နဲ့ပဲ သက်သေပြရမှာပဲလေ” လို့ မချောစုလှိုင်က သူမရဲ့ ခံယူချက်ကိုပြောပါတယ်။ မသန်စွမ်းတွေရဲ့ အခွင့်အရေး၊ ခံစားချက်နဲ့ လိုအပ်ချက်တွေကို သာမာန်သန်စွမ်းတဲ့သူတွေထက် မသန်စွမ်းဖြစ်သူကိုယ်တိုင်က ပိုမိုနားလည်တာကြောင့် လွှတ်တော်အတွင်းဝင်ရောက်ဖို့ ဆုံးဖြတ်ခဲ့တဲ့ မချောစုလှိုင်ဟာ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ရင်တော့ မြန်မာနိုင်ငံရဲ့ ပထမဆုံးသော မသန်စွမ်း အမျိုးသမီးလွှတ်တော် အမတ်တစ်ယောက်ဖြစ်လာမယ့်သူပါ။ ခင်စုကြည်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024