လေရှီးမြို့နယ်တွင် နာဂအမျိုးသားပါတီဝင်အချို့ အန်အယ်လ်ဒီသို့ ဝင်ရောက်
DVB
·
November 2, 2020
စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့် လေရှီးမြို့နယ်မှာ နာဂအမျိုးသားပါတီ (NNP) က မြို့နယ် အလုပ်အမှုဆောင် ၁ ဦးနဲ့ ပါတီဝင်အချို့ နိုဝင်ဘာ ၁ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ဝင်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
လေရှီးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်အလုပ်အမှုဆောင် ကိုမိုးပန်းက “နာဂအမျိုးသားပါတီက NNP ပါတီ လူမြို့အလုပ်မှုဆောင်တစ်ယောက်နဲ့ ပါတီဝင် ၃ ဦး ဝင်ရောက်လာခဲ့တယ်ဆိုတာ မှန်ပါတယ်။ တစ်ယောက်ကတော့ NNP လေရှီးမြို့နယ် အလုပ်အမှုဆောင် ဖြစ်ပြီး ရပ်ကျေးစည်းရုံးရေးမှူးလည်း ဖြစ်ပါတယ်။ ကျန် ၃ ယောက်ကတော့ ရိုးရိုးပါတီဝင်တွေ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
နာဂအမျိုးသားပါတီနဲ့ ပြဿနာ တစုံတရာမရှိဘဲ အမျိုးသားဒီမိုကရေအဖွဲ့ချုပ်ရဲ့ မူဝါဒကို ကြိုက်လို့ ဝင်ရောက်တာဖြစ်ကြောင်း ဦးဝင်းဆန်းက ပြောပါတယ်။
“ပြဿနာတော့ မရှိပါဘူး။ နာဂအမျိုးသားပါတီ မူဝါဒထက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မူဝါဒကို ပိုကြိုက်လို့ဝင်လာတာပါ။ ကျနော်တို့ လေရှီးမြို့နယ်ဒေသအကျိုးကို ပိုမိုလုပ်နိုင်မယ်လို့ ယုံကြည်တဲ့အတွက် ဝင်ရောက်လာခဲ့တယ်။ နာဂအမျိုးသားပါတီကနေ စာနဲ့တော့ မထွက်ရသေးပါဘူး။ ပါတီက လူကြီးတွေကို အကြောင်းကြားထားတယ်” လို့ ပြောပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေးရှီးမြို့နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ရေးပါတီ၊ နာဂအမျိုးသားပါတီတို့ အကြိတ်အနယ် ယှဉ်ပြိုင်ရမယ့် မဲဆန္ဒနယ်တွေ ဖြစ်ပါတယ်။
၂၀၁၀ ရွေးကောက်ပွဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက နိုင်ခဲ့ပြီး ၂၀၁၅ မှာ အမျိုးသားဒီမိုကရေအဖွဲ့ချုပ်က နိုင်ခဲ့တာပါ။ ပါတီကြီး နှစ်ခုကြားမှာ နာဂအမျိုးသားပါတီက ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တာလည်း ဖြစ်ပါတယ်။
သတင်း - အောင်ဆန်းမြင့်၊ ဓာတ်ပုံ - Moe pan