ကိုဗစ်-၁၉လူနာ ၃၃ ဦး ထပ်မံသေဆုံး၊ လူနာသစ် ၁,၃၆၁ ဦးထပ်တိုး
DVB
·
October 23, 2020

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတဲ့ အတည်ပြုလူနာသစ် ၁,၃၆၁ ယောက် ထပ်မံတွေ့ရှိခဲ့ပြီး လူနာ ၃၃ ယောက် ထပ်မံသေဆုံးခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရပါတယ်။
အောက်တိုဘာ ၂၂ ရက် ည ၈ နာရီမှ ၂၃ ရက်ည ၈ နာရီအထိ ဓာတ်ခွဲနမူနာ စုစုပေါင်း၁၃,၆၉၉ ခုကို စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ လူနာသစ် ၁,၃၆၁ ယောက်ထပ်မံ တွေ့ရှိခဲ့တာပါ။
သေဆုံးသူ ၃၃ ယောက်ထဲမှာ ၂၆ ယောက် က ရောဂါအခံရှိသူတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ လူနာသစ်တွေနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။
ရန်ကုန်တိုင်းအတွင်း အသွားအလာကန့်သတ်ထားရှိရာနေရာတွေက အတည်ပြုလူနာတွေနဲ့ ထိတွေ့ခဲ့သူတွေအနက် ရောဂါပိုးမတွေ့သူ ၁,၇၁၇ ယောက်အား နေအိမ်တွေမှာ အသွားအလာကန့်သတ်ပြီး စောင့်ကြပ်ကြည့်ရှုသွားမယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ အောက်တိုဘာ ၂၃ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၄၂,၃၆၅ ယောက်၊ သေဆုံးသူ ၁,၀၃၈ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၂၂,၄၅၄ ယောက် ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။