မြန်မာနိုင်ငံတွင် ကိုဗစ်ကာလ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပိုများလာ
ဆုဆုသွယ်
·
October 23, 2020

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားတဲ့ အချိန်ကနေစပြီး ၇ လတာ ကာလအတွင်း အမျိုးသမီးတွေ အကြမ်းဖက်ခံရမှုနဲ့ တိုင်ကြားလာတဲ့ အမှုပေါင်း ၃၄၇ မှု ရှိတယ်လို့ လူမှုဝန်ထမ်းဦးစီးဌာန အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲ တာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။
အမျိုးသမီးတွေကို အကြမ်းဖက်မှုနဲ့ တိုင်ကြားလာတဲ့အမှုတွေထဲမှာ အိမ်တွင်း အကြမ်းဖက်မှုတွေနဲ့ သက်ငယ်မုဒိမ်းမှုတွေ များတယ်လို့ လူမှုဝန်ထမ်းဦးစီးဌာန အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲ ဒု ညွှန်ကြားရေးမှူး ဒေါ်စုသွယ်ဝင်းက ပြောပါတယ်။
ကိုဗစ်ကာလအတွင်း အမျိုးသမီးတွေ အကြမ်းဖက်ခံရတာနဲ့ပတ် သက်ပြီး တိုင်ကြားလာတဲ့ အမှုတွေထဲမှာ ကာယကံရှင်တွေရဲ့ သဘောဆန္ဒအရ ၃ ပုံ ၂ ပုံလောက်က အမှုဖွင့်တရားစွဲဆို ထားတယ်လို့လည်း ပြောပါတယ်။
အမျိုးသမီးတွေအနေနဲ့ အကြမ်းဖက်ခံရလို့ တရားရင်ဆိုင်ဖို့ ငွေကြေးအခက်အခဲတွေ ရှိရင်လည်း လူမှုဝန်ထမ်းဦးစီးဌာနကနေ ငွေကျပ် ၂ သိန်းထောက်ပံ့ပေးနေပါတယ်။
ဒါ့အပြင် ဥပဒေဆိုင်ရ အကြံပေးတာတွေနဲ့ အခမဲ့ဆောင်ရွက်ပေးနေတဲ့ ရှေ့နေအဖွဲ့အစည်းတွေနဲ့လည်း မိတ်ဆက်ဆောင်ရွက်ပေးနေတာရှိပါတယ်။
အမျိုးသမီးတွေအနေနဲ့ အကြမ်းဖက်ခံရပြီးတော့ ဘဝပြန်လည်ရပ်တည် နေထိုင်နိုင်ရေးအတွက် အသက်မွေးဝမ်းကြောင်းလုပ်ငန်းလုပ်ကိုင်ဖို့ ငွေကြေးထောက်ပံ့တာတွေ အပါအဝင် လိုအပ်ချက်တွေအပေါ်မှာမူတည်ပြီး လူမှုဝန်ထမ်းဦးစီးဌာန ကနေ ထောက်ပံ့ပေးနေတာဖြစ်ပါတယ်။
ဒါ့အပြင်သက်ငယ်မုဒိမ်းမှုတွေမှာ ကလေးမွေးဖွားဖို့အတွက် စင်တာတွေဖွင့်လှစ်ထားပြီး နေထိုင်စာသောက်ရေးနဲ့ ကျန်းမာရေးတွေအတွက်တာဝန်ယူဆောင်ရွက်ပေးနေသလို စိတ်ဓာတ်ပိုင်းဆိုင်ရာ မြှင့်တင်ပေးနေတာတွေ လုပ်ဆောင်ပေးနေပါတယ်။
အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေအပါအဝင် အိမ်တွင်းအကြမ်းဖက်ခံရမှုတွေနဲ့ ပတ်သက်ပြီး တိုင်ကြားလိုသူတွေ အတွက် လူမှုဝန်ထမ်းဦးစီးဌာနရုံး နေပြည်တော်ကနေ (၂၄) နာရီ Hotline ဖုန်းနံပတ် ၀၆၇- ၄၀၄၂၂၂ ၊ ၀၆၇- ၄၀၄၉၉၉ ကို ဆက်သွယ်နိုင်ပါတယ်။
ဒါ့အပြင် တိုင်းနဲ့ပြည်နယ်အလိုက်သက်ဆိုင်ရာ လူမှုဝန်ထမ်းရုံးတွေကနေလည်း တာဝန်ယူဆောင်ရွက်ပေးနေတာဖြစ်တဲ့အတွက် ကိုယ်တိုင်အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေရော မိမိပတ်ဝန်းကျင်မှာ အကြမ်းဖက်ခံနေရသူတွေရှိရင်ပါ ဆက်သွယ်တိုင်ကြားနိုင်တယ်လို့ သိရပါတယ်။