မြန်မာအပါအဝင် ၄ နိုင်ငံကို ထိုင်းစစ်တပ်က ရွေ့လျားဆေးစစ်ခန်းများ လှူဒါန်းမည်
DVB
·
October 22, 2020

မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ မလေးရှားနိုင်ငံတွေကို ထိုင်းစစ်တပ်က ရွေ့ပြောင်းနိုင်တဲ့ဆေးစစ်ခန်း (Mobile negative pressure cabinets) ၂၀ လှူဒါန်းသွားမယ်လို့ ဘန်ကောက်ပို့စ်သတင်းတပုဒ်မှာ ဒီကနေ့ ဖော်ပြပါတယ်။
ဒါဟာ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့ပွားမှုတိုက်ဖျက်ရေးလုပ်ငန်းတွေမှာ ထိန်းချုပ်နိုင်ဖို့ ထောက်ပံ့ကူညီတာဖြစ်ပြီး ဆေးဘက်ဆိုင်ရာကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ ကိုဗစ်-၁၉ လူနာတွေဆီက လိုအပ်တဲ့ ဆေးစစ်မှုတွေပြုလုပ်ဖို့ ဓာတ်ခွဲနမူနာတွေ ရယူချိန်မှာ Mobile negative pressure cabinets တွေကို အသုံးပြုပြီး ဘေးကင်းစွာနဲ့ ရယူစေနိုင်မှာ ဖြစ်ပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်ချုပ်ကြီး ခေါင်ချီ ထန်ထ ရာဝါနစ်က ဒါဟာ ကိုဗစ်-၁၉ တိုက်ဖျက်ရေးအတွက် ဒေသတွင်းပူးပေါင်းလုပ်ဆောင်မှု လိုအပ်ချက်ကို ထင်ဟပ်စေမှာဖြစ်တယ်လို့ အောက်တိုဘာ ၂၁ ရက်က ပြောပါတယ်။
ဆေးစစ်ခန်း တခုချင်းစီမှာတော့ ပလတ်စတစ်ဖရိန်၊ ထွင်းဖောက်မြင်နိုင်တဲ့ အကာနဲ့ အတူ ရောဂါကူးစက်မှုထိန်းချုပ်နိုင်မယ့် စနစ်ပါဝင်ကာ အိမ်နီးချင်း ၄ နိုင်ငံအနေနဲ့ သူတို့ ရဲ့ ဆေးရုံတွေမှာ အသုံးပြုနိုင်လိမ့်မှာဖြစ်တယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံအနေနဲ့ ကိုဗစ်-၁၉ ရောဂါပျံ့ပွားမှု တားဆီးကာကွယ်နိုင်ဖို့အတွက် အ ရေးပေါ်အခြေအနေအမိန့်ကို နောက်ထပ်တလ ထပ်မံတိုးမြှင့်သွားဖို့ရှိနေပြီး လာမယ့် အောက်တိုဘာ ၂၇ ရက်မှာ အစိုးရအဖွဲ့ဆီ တင်ပြသွားဖို့ရှိနေတယ်လို့ ကိုဗစ်-၁၉ အခြေအ နေစီမံခန့်ခွဲရေးစင်တာ(စီစီအက်စ်အေ)မှ ပြောရေးဆိုခွင့်ရှိသူ တဝီဆင် ဗီဆနူယော်ထင်က ပြောပါတယ်။
လတ်တလောမှာတော့ ထိုင်းနိုင်ငံအနေနဲ့ တရုတ်နိုင်ငံကလာတဲ့ ကမ္ဘာလှည့်ခရီး သည်အုပ်စုကို အောက်တိုဘာ ၂၀ ရက်က လက်ခံ ကြိုဆိုခဲ့ပြီး အစိုးရရဲ့ ခရီးသွားလာခွင့် ဖြေလျှော့ပေးမှုနောက်မှာ နောက်ထပ်ခရီးသွားဧည့်သည်တွေ ဝင်လာတော့မှာ ဖြစ်ပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်ပြီး ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီး အနုတင် ချန်ဗီရာ ကူလ်က ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုက ကာကွယ်နိုင်ဖို့ အစိုးရအနေနဲ့ ၁၄ ရက် ကွာ ရန်တင်းစောင့်ကြည့်မှုလို ချမှတ်ထားတဲ့ ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေ နဲ့အညီ လုပ်ဆောင်သွားစေလိုတယ်လို့ ပြောပါတယ်။
“ဘာပဲဖြစ်ဖြစ်၊ ပြီးခဲ့တဲ့ ၆ လအတွင်း လုပ်ဆောင်နိုင်ခဲ့တဲ့ ကွာရန်တင်းကို ကျနော်တို့ ယုံကြည်နေဆဲပါပဲ။ ကျနော်တို့ရဲ့ ကွာရန်တင်းစနစ်ဟာ ရောဂါကူးစက်ပျံ့ပွားမှုထိန်းချုပ်ရာမှာ ရာနှုန်းပြည့် အောင်မြင်ခဲ့တာကို ပြနေတာပါပဲ။ ကွာရန်တင်းက ပြီးမြောက်ပြီးမှ ရောဂါကူးစက်ပျံ့နှံ့တာက မရှိသလောက်ပါပဲ”
ထိုင်းနိုင်ငံမှာ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူအရေအတွက် ၃,၇၀၉ ယောက်နဲ့ သေဆုံးသူအရေအတွက် ၅၉ ယောက် ရှိနေတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာတော့ အောက်တိုဘာ ၂၁ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည် ပြုလူနာစုစုပေါင်း ၃၉,၆၉၆ ယောက်၊ သေဆုံးသူ ၉၇၂ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရ သူပေါင်း ၁၈,၈၆၅ ယောက် ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ- Bangkokpost/ Thai Defence Ministry