ဘင်္ဂလားပင်လယ်အော်၌ နောက် ၂၄ နာရီအတွင်း မုန်တိုင်းငယ်ဖြစ်နိုင်ဟု မိုးဇလခန့်မှန်း
DVB
·
October 21, 2020
ဘင်္ဂလားပင်လယ်အော်ထဲမှာဖြစ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ နောက် ၂၄ နာရီအတွင်း မုန်တိုင်းငယ် ဖြစ်လာနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။
ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနဲ့ဆက်စပ်နေတဲ့ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတို့မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းမှာ ဆက်လက်ရှိနေပြီး နောက် ၂၄ နာရီအတွင်းမှာ အနောက်မြောက်ဘက်ကို ရွေ့လျားပြီး မုန်တိုင်းငယ် (Depression) အဖြစ် အားကောင်းလာနိုင်တယ်လို့ ဒီနေ့မွန်းလွဲ ၂ နာရီအချိန်မှာ ထုတ်ပြန်ပါတယ်။
မုန်တိုင်းငယ်ဟာ နောက် ၄၈ နာရီအတွင်း မြောက်-အရှေ့မြောက်ဘက်ကို ပြန်ကွေ့ပြီး အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းရိုးတန်းအနီးတို့မှာ အားကောင်းတဲ့ မုန်တိုင်းငယ် (Deep Depression) အဖြစ်ကို ရောက်မယ်လို့လည်း ခန့်မှန်းထားပါတယ်။
အဲဒီလေဖိအားနည်းရပ်ဝန်းရဲ့ အရှိန်ကြောင့် မနက်ဖြန် အောက်တိုဘာ ၂၂ ရက်ကနေ ၂၄ အတွင်း စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်းနဲ့ မကွေးတိုင်းတို့မှာ နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက် မိုးကြီးနိုင်တယ်လို့ ခန့်မှန်းပါတယ်။
ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာလည်း တခါတရံ မိုးသက်လေပြင်းတွေ ကျရောက်ပြီး လှိုင်းအသင့်အတင့်ကနေ လှိုင်းကြီးနိုင်ကာ မိုးသက်လေပြင်းကျချိန် ရေပြင်/မြေပြင်လေဟာ ၁ နာရီမှာ ၃၅ မိုင်ကနေ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်ကတော့ ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၇ ပေကနေ ၁၀ ပေလောက်အထိ ရှိနိုင်တယ်လို့ ခန့်မှန်းပါတယ်။
လေဖိအားနည်းရပ်ဝန်းရဲ့ အရှိန်ကြောင့် မိုးသည်းသည်းထန်ထန်ရွာတာနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ လျှပ်တပြက်ရေကြီးတာနဲ့ မြေပြိုတာတွေဖြစ်နိုင်လို့ ကုန်းမြင့်ဒေသနားမှာ နေသူတွေအနေနဲ့ မြေပြိုမယ့်အန္တရာယ်၊ မြစ် ချောင်းတွေနားမှာ နေသူတွေအနေနဲ့ လျှပ်တပြက် ရေကြီး၊ ရေလျှံတာတွေကို သတိပြုကြဖို့လည်း အကြံပေးထားပါတယ်။