ဖားကန့်နှင့် မိုးညှင်းတွင် Stay at Home အမိန့်ထုတ်ပြန်
DVB
·
October 19, 2020

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်နဲ့ မိုးညှင်းမြို့နယ်ကို Stay at Home အစီအစဉ်မှာ အကျုံးဝင်တဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ အောက်တိုဘာ ၁၉ ရက်နေ့စွဲနဲ့ အမိန့်ထုတ်ပြန်ပါတယ်။
ကချင်ပြည်နယ်အတွင်း ဓာတ်ခွဲအတည်ပြုလူနာတွေ ထပ်မံတွေ့ရှိရမှု၊ ခရီးသွားရာဇဝင်မရှိတဲ့အပြင် အတည်ပြုလူနာတွေနဲ့လည်း ထိတွေ့တာမရှိဘဲ အချိန်တိုအတွင်း လူနာတွေများလာတာကြောင့် ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ဖို့ အဆိုပါ မြို့နယ်တွေမှာ နေထိုင်တဲ့ ပြည်သူတွေ မိမိတို့ရဲ့ နေအိမ်မှာ နေထိုင်ဖို့ လိုအပ်တယ်လို့ လည်းဆိုပါတယ်။
Stay at Home အမိန့်အရ အစိုးရဌာနက နိုင်ငံ့ဝန်ထမ်းတွေ ၂ ပတ်ရုံးတက် ၂ ပတ် အိမ်မှာနေပြီး ရုံးလုပ်ငန်းတွေဆောင်ရွက်ရမှာဖြစ်ပါတယ်။
ပုဂ္ဂလိက လုပ်ငန်းတွေထဲမှာတော့ ဘဏ်နဲ့ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေ၊ စက်သုံးဆီအရောင်းဆိုင်တွေ၊ ဆေးဆိုင်တွေ၊ ရေသန့်နဲ့ နေ့စဉ် တစ်ကိုယ်ရေသုံးပစ္စည်းစက်ရုံ ဝန်ထမ်းတွေ၊ စာတိုက်လုပ်ငန်း၊ အင်တာနက်ဝန်ဆောင်မှု၊ တာဝါတိုင်နဲ့ ဖိုင်ဘာပြုပြင် ဝန်ဆောင်မှု လုပ်ငန်းတွေကလွဲပြီး ကျန်သူတွေ နေအိမ်မှာ နေထိုင်ရမှာပါ။
မဖြစ်မနေ ဈေးဝယ်ထွက်ဖို့အတွက် တအိမ်တယောက်ပဲ ထွက်ဖို့၊ ဆေးရုံ ဆေးခန်းကို တစ်အိမ် နှစ်ယောက်ပဲသွားဖို့၊ အပြင်ထွက်ရင် နှာခေါင်းစည်းတပ်ကြဖို့တွေ လုပ်ဆောင်ရမှာဖြစ်ပါတယ်။
ပြီးတော့ဈေးဝယ်ထွက်ရင် ယာဉ်ပေါ်မှာ ယာဉ်မောင်းနဲ့ နောက်တယောက်၊ ဆေးရုံဆေးခန်းသွားရင် ယာဉ်ပေါ်မှာ ယာဉ်မောင်းနဲ့ နောက် နှစ်ယောက်ထက် မပိုဖို့ စတာတွေကို ညွှန်ကြားထားပါတယ်။ အဆိုပါ မြို့နယ် ၂ ခုကနေ ကုန်စည်စီးဆင်းမှု အဆင်ပြေချောမွေ့ရေးအတွက် ကုန်တင်ယာဉ်တွေ သွားလာမှု စံသတ်မှတ်ချက် ( SOP) အတိုင်းလိုက်နာဆောင်ရွက်ရမှာပါ။
တခြားအရေးပေါ်ကိစ္စတွေနဲ့ သွားလာဖို့ရှိပါက သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ကို သတင်းဖို့ ခွင့်ပြုချက်ယူဖို့နဲ့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ တာဝန်ထမ်းဆောင်ဖို့ သွားလာသူတွေကလွဲပြီး ရပ်ကွက်ပြင်ပမှ လည်းကောင်း ရပ်ကွက်အတွင်းမှလည်းကောင်း ဝင်ထွက်သွားလာတာတွေခွင့်မပြုဖို့လည်း ညွှန်ကြားထားပါတယ်။
ဒီအမိန့်ဟာ အောက်တိုဘာ ၂၀ ရက် မနက် ၈ နာရီစတင်သက်ရောက်မှာ ဖြစ်ပြီး အမိန့်လိုက်နာဖို့ ပျက်ကွက်ရင် တည်ဆဲဥပဒေတွေအရ အရေးယူမယ်လို့ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးရဲ့ လက်မှတ်နဲ့ ထုတ်ပြန်တဲ့ အမိန့်စာမှာ ဖော်ပြထားပါတယ်။
ရန်ကုန်တိုင်းမှာလည်း ကိုကိုးကျွန်းကလွဲပြီး မြို့နယ်အားလုံးမှာ Stay at Home အစီအစဉ်မှာ အကျုံးဝင်တဲ့ အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက အမိန့်ထုတ်ပြန်ထားပါတယ်။
မွန်ပြည်နယ်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းဒေသကြီးအတွင်းက ၁၁ မြို့နယ်ကို Stay at Home အစီအစဉ်မှာ အကျုံးဝင်တဲ့ အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ စက်တင်ဘာ ၂၅ ရက်နေ့ စွဲနဲ့ အမိန့်ထုတ်ပြန်ထားပါတယ်။