ကနီမြို့နယ်က ရွေ့ပြောင်းလုပ်သားများ နေရပ်ပြန် ဆန္ဒမဲပေးရန်အခက်အခဲရှိနေ
DVB
·
October 7, 2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်မှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေတာကြောင့် အသွားအလာအကန့်တာတွေရှိနေပြီး ၂၀၂၀ ရွေးကောက်ပွဲကာလမှာ နေရပ်ပြန်ပြီး မဲထည့်ရမယ့် ရွေ့ပြောင်းလုပ်သား ၈၀၀ ကျော် အခက်အခဲကြုံတွေ့နေရပါတယ်။
နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲနေ့မှာ နေရပ်ပြန်ပြီး ဆန္ဒမဲပေးနိုင်ဖို့ အခက်အခဲရှိနေသူတွေအထဲမှာ ပျားမွေးမြူးရေးလုပ်ငန်းရှင်တွေနဲ့ အလုပ်သမားအများစု ပါဝင်နေတာ ဖြစ်ပါတယ်။
သန့်ပျားမွေးမြူရေးလုပ်ငန်းရှိ ကိုကြည်စိုးက "မြန်မာနိုင်ငံမှာ ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပဖို့ ၁ လကျော် လိုတော့တဲ့အချိန်မှာ ကိုဗစ် ကပ်ရောဂါကူးစက်မှုတွေကလည်း တိုးတယ်။ သေဆုံးမှုတွေ ကလည်း များတယ်။ အဲလို များလာ နေတာကို ထိန်းချုပ်နိုင်ဖို့ အစိုးရအနေနဲ့က အိမ်ပြင်မထွက်ရ အမိန့်ထုတ်လိုက်ရတဲ့အထိ ထုတ်ပြန်ရတဲ့ နေရာတွေလည်း ရှိတယ်။ အဲဒီအိမ်အပြင်မထွက်ရ အမိန့်ထုတ်ပြန်ထားတဲ့ နေရပ်မှာ ပြန်ပြီး မဲထည့်ဖို့ ပြန်ရမယ့် လူတွေလည်း ဒီရွေ့ပြောင်းလုပ်သားတွေ ပါတယ်။ ဒီလို အခြေအနေတွေ အကြားမှာ နိုင်ငံသားတစ်ယောက်ရဲ့ မဲပေးရမယ့် အခွင့်အရေး အဆုံးရှုံးမခံနိုင်ဘူး"လို့ ပြောပါတယ်။
နေရပ်ပြန်သွားခွင့်မရလို့ မဲပေးခွင့်မရမှာကို စိုးရိမ်နေသူတွေရှိသလို နေရပ်ပြန်ပြီးမဲပေးခွင့် ရပါကလည်း လမ်းမှာ ကိုဗစ်-၁၉ ကူးစက်ခံရမှာကို စိုးရိမ်ပူပန်နေသူတွေလည်း ရှိပါတယ်။
ပျားလုပ်ငန်းရှင် ကိုသီဟဇော်ကလည်း "နေရပ်ပြန်ပြီးမဲသွားပေးရင်းနဲ့ ကိုဗစ်-၁၉ ကူးစက်ခံခဲ့ရရင် ဘယ်လိုလုပ်မလဲဆိုတဲ့ အတွေးမျိုးတွေလည်း ဒေသခံတွေရဲ့စိတ်ထဲမှာ ရှိနိုင်တယ်။ အဲ့ဒီလိုမျိုး ရှိတယ်ဆိုရင်တော့ ကျနော်တို့ ရွေ့ပြောင်းလုပ်သားတွေနဲ့ နှစ်ဘက်ဒေသခံတွေနဲ့ ထိပ်တိုက် ပြဿနာဖြစ်မှုတွေလည်း ရှိလာနိုင်တယ်။ အထူးသဖြင့်ကတော့ စိတ်ပိုင်းဆိုင်ရာ ဒေသခံတွေရဲ့ ယုံကြည်မှုပေါ့နော်။ ကျနော်တို့ အနေနဲ့ကတော့ အဲလို ပြဿနာတွေ မဖြစ်ချင်ဘူး”လို့ ပြောပါတယ်။
ကနီမြို့နယ်အတွင်းက ရွေ့ပြောင်းသွာလာ ပျားမွေးနေကြတဲ့သူတွေ နေရပ်ပြန်မဲထည့်ဖို့ ခက်ခဲနေတာနဲ့ ပတ်သက်ပြီး မြို့နယ်ပျားဦးစီးအနေနဲ့ ကနီမြို့နယ်ရွေးကောက်ပွဲကော်မရှင်နဲ့ ချိတ်ဆက်ဆောင်ရွက်ပေးနေတယ်လို့ မြို့နယ်ပျားဦးစီး ဦးစိုးဌေးက ပြောပါတယ်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကတော့ မိမိအမြဲတမ်းနေထိုင်ရာ မဲဆန္ဒနယ်ရဲ့ ပြင်ပမှာ ရောက်ရှိနေကြတဲ့ မဲဆန္ဒရှင်တွေအနေနဲ့ မဲပေးလိုပါက အောက်တိုဘာ ၁၀ ရက်နေ့ နောက်ဆုံးထားပြီး သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတွေမှာ လျှောက်ထားနိုင်တယ်လို့ အသိပေးကြေညာထားပါတယ်။
အနည်းဆုံး ရက်ပေါင်း ၉၀ ထက်မနည်း မဲဆန္ဒနယ် ပြင်ပရောက်တခြားမဲဆန္ဒရှင်တွေဟာ မိမိတို့ရဲ့ အမြဲတမ်းနေရပ်သို့ သွားရောက်ပြီး မဲပေးလိုခြင်းမရှိပါက မိမိတို့လက်ရှိ ရောက်ရှိနေတဲ့ မဲဆန္ဒနယ်မှာ ရွေးကောက်ခံတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ဆန္ဒမဲပေးနိုင်ခွင့်ရရှိစေဖို့ သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအပ်စု ကော်မရှင်အဖွဲ့ခွဲတွေထံမှာ ပုံစံ ၃ (က) နဲ့ စက်တင်ဘာ ၁၇ ရက်မှာ အောက်တိုဘာ ၁၀ ရက်အထိ လျှောက်ထားနိုင်တယ်လို့ ထုတ်ပြန်ကြေညာထားတာ ဖြစ်ပါတယ်။
ဒါကြောင့် အဆိုပါ မဲဆန္ဒရှင်တွေအနေနဲ့ ပုံစံ ၃ (က) နဲ့ လျှောက်ထားဖို့ နောက်ဆုံးသတ်မှတ်ရက်ဖြစ်တဲ့ အောက်တိုဘာ ၁၀ ရက်နေ့အတွင်း သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတွေမှာ လျှောက်ထားနိုင်တယ်လို့ အောက်တိုဘာ ၅ ရက်နေ့က ထပ်မံ အသိပေးကြေညာထားပါတယ်။
လက်ရှိအချိန် မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှု မြင့်တက်နေဆဲဖြစ်နေပြီး ခရီးသွားလာမှုတွေကို ကန့်သတ်ထားတဲ့အတွက် နိုဝင်ဘာ ၈ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲနေ့မှာ မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်တွေအနေနဲ့ မိမိရဲ့ အမြဲတမ်းနေရပ်ကို ပြန်ပြီး မဲပေးဖို့ အခက်အခဲရှိနေတာဖြစ်ပါတယ်။
သတင်း - ကိုကျော်မင်းသန့်