Home
မြန်မာသတင်း
မကွေးတိုင်း၌ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို Test Kits ဖြင့် စစ်ဆေးရာ ၅ ဦး ကိုဗစ်-၁၉ ပိုးတွေ့ 
DVB
·
October 6, 2020
120627365_2433879783580135_4418111899904905102_n
120568919_2433786920256088_3714166670507150900_n
မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ် ပျဉ်းဝ ပူးပေါင်းစစ်ဆေးရေးဂိတ်နဲ့ မင်းဘူးကားကြီးကွင်းမှာ အောက်တိုဘာ ၅ ရက်နေ့က Test Kits နဲ့စစ်ဆေးရာ အမျိုးသား ၅ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။ မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်း က "ရခိုင်ပြည်နယ်ဘက်က ပြန်ဝင်လာကြတဲ့ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကို  Test Kits နဲ့စစ်ဆေးရာ မင်းဘူးမြို့ကားကြီးကွင်းမှာ အမျိုးသား ၃ ဦးနဲ့ ငဖဲမြို့နယ် ပျဉ်းဝ ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ အမျိုးသား ၂ ဦး ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့တာ ဖြစ်တယ်”လို့ ပြောပါတယ်။ အဲဒီအတည်ပြုလူနာတွေကို သက်ဆိုင်ရာ မြို့နယ်အလိုက် ဆေးကုသပေးမှာဖြစ်ပြီးတော့ သူတို့နဲ့ထိစပ်တဲ့သူတွေကိုလည်း ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ စစ်ဆေးပေးမယ်လို့ဆိုပါတယ်။ မကွေးတိုင်းဒေသကြီးအတွင်းက မြို့နယ်တွေကို နာရီပိုင်းအတွင်း ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ စစ်ဆေးနိုင်တဲ့ Test Kits တွေကို ပထမအသုတ်အနေနဲ့ ၄၀၀၀ ခန့်ဖြန့်ချိထားပြီး နောက်ထပ် ၅၀၀၀ ခန့် ထပ်မံဖြန့်ချိပေးဖို့ရှိပါတယ်။ Test Kits တွေကို အဓိကအနေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ သံသယလူနာတွေ၊ အစာအိမ်ရောဂါသမားတွေနဲ့ ကုန်စည်စီးဆင်းမှုအတွက် နယ်စပ်ဖြတ်ကျော် ဝင်လာတဲ့ ယာဉ်မောင်း ၊ယာဉ်နောက်လိုက်တွေကို  ဦးစားပေးစစ်ဆေးမှာဖြစ်တယ်"လို့ ပြောပါတယ်။ မကွေးတိုင်းဒေသကြီးအတွင်းမှာ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၇၂ ဦးထိတွေ့ရှိထားပြီး ဆေးရုံဆင်းခွင့်ရရှိသူ ၃၀ ဦးရှိတယ်လို့ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။ သတင်း-မင်းထီး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024