ယင်းမာပင်မြို့နယ်၌ ရဲဝန်ထမ်း ၂ ဦး ကိုဗစ်-၁၉ ကူးစက်ခံရ
DVB
·
September 28, 2020
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ် ပြည်သူ့ဆေးရုံကြီးမှာ စက်တင်ဘာ ၂၅ ရက်က နှာခေါင်း အာခေါင်တို့ဖတ် နမူနာ ၁၇၄ ယောက်ကို ရယူစစ်ဆေးခဲ့တာမှာ ရဲတပ်ဖွဲ့ဝင် ၂ ဦး ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့ပါတယ်။
စက်တင်ဘာ ၂၇ ရက် ဓာတ်ခွဲစစ်ဆေးချက်အဖြေတွေအရ ယင်းမာပင်မြို့နယ် စုန်းကျင်းကျေးရွာ အုပ်စု အမှတ် (၂၈)ရဲတပ်ရင်းမှ ဒုတပ်ကြပ် ၂ ဦးမှာ ကိုဗစ်-၁၉ (positive) တွေ့ရှိခဲ့တာပါ။
ယင်းမာပင်မြို့နယ် တိုင်းဒေသကြီး ၁ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်နှင်းရီက "သူတို့က ရန်ကုန်ကနေ ဝန်ထမ်းအပြောင်းအရွှေ့နဲ့ ပြောင်းရွှေ့လာတဲ့သူတွေဖြစ်တယ်။ စုစုပေါင်း ၁၁ ယောက်၊ လိုင်းကားစီးတာမဟုတ်ဘဲ သူတို့အစီစဉ်နဲ့သူတို့ လာခဲ့ကြတာ။ အားလုံးကိုဆေးစစ်ချက် ယူပါတယ်။ ၂ ယောက်ပိုးတွေ့ပါတယ်။ ပိုးတွေ့လူနာ ၂ ယောက်ကို ညတွင်းချင်း ယင်းမာပင်မြို့နယ် ပြည်သူ့ဆေးရုံကြီးကို ပြောင်းရွှေ့ပေးထားပါတယ်။ ကျန်းမာရေးကတော့ ကောင်းကြပါတယ်။ ကျန်တဲ့သူတွေကိုလည်း နောက် ၅ ရက်(သို့) ၇ ရက်ခြားလောက်မှာ ဒုတိယအကြိမ် ဆေးစစ်ချက်ယူဦးမှာပါ”လို့ ပြောပါတယ်။
ပိုးတွေ့ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် ၂ ဦးဟာ ရန်ကုန်ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးကနေ စက်တင်ဘာ ၂၃ ရက်က အမှတ်(၂၈) ရဲတပ်ရင်းသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ဖို့ ရောက်ရှိလာတာဖြစ်ပြီး အမှတ်(၂၈) ရဲတပ်ရင်းမှာပဲ ကွာရန်တင်းထားရှိခံထားရသူတွေ ဖြစ်ပါတယ်။
ပိုးတွေ့လူနာ ၂ ဦးကို ယင်းမာပင်မြို့နယ်ပြည်သူ့ဆေးရုံရှိ ပြင်ပလူနာ (၂)ထပ်ဆောင်မှာ သီးသန့်ဆေးကုသမှုပေးနေပြီး လက်ရှိကျန်းမာရေးအခြေအနေ ကောင်းမွန်နေတယ်လို့ သိရပါတယ်။
ပိုးတွေ့လူနာတွေနဲ့ ထိတွေ့ခဲ့သူတွေဖြစ်တဲ့ ကြီးကြပ်သူ ရဲအုပ်၊ ယာဉ်မောင်းနဲ့ ကျန် swab နမူနာယူသူ ၉ ဦးတို့ကို အမှတ်(၂၈) ရဲတပ်ရင်းမှာပဲ ကွာရန်တင်း ဆက်လက်ထားရှိသွားမှာဖြစ်ကာ ထပ်မံ ဓာတ်ခွဲနမူနာ ရယူစစ်ဆေးသွားဖို့ရှိပါတယ်။
သတင်း - ဌေးလှိုင်