ကျောက်မဲမြို့က တည်းခိုခန်းမန်နေဂျာဇနီးမောင်နှံ အသတ်ခံရ
DVB
·
September 9, 2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ တိုးဂိတ်အနီးရှိ နီလွင်တည်းခိုခန်းက မန်နေဂျာဖြစ်သူ အမျိုးသားနဲ့ သူ့ရဲ့ ဇနီးတို့ လည်ပင်းပြတ်ရှဒဏ်ရာ၊ ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးသွားပါတယ်။
စက်တင်ဘာ ၈ ညက သေဆုံးသွားတာဖြစ်ပြီး အသတ်ခံရသူ အမျိုးသမီးဝတ်ဆင်ထားတဲ့ ရွှေထည်လက်ဝတ်ရတနာတချို့လည်း ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နီလွင်တည်းခိုခန်းဟာ ကယ်ရီသမားတွေ၊ အဝေးပြေးကားမောင်းသမားတွေ လာရောက်တည်းခိုလေ့ရှိပြီး တပ်ဆင်ထားတဲ့ CCTV တွေလည်း ပျက်ဆီးနေကာ မန်နေဂျာစားပွဲပေါ်က တည်းခိုသူမှတ်တမ်းစာအုပ်လည်း ပျောက်ဆုံးနေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
သေဆုံးသွားသူတွေဟာ အသက် ၅၆ နှစ်ဝန်းကျင်ရှိ မန်နေဂျာ ဦးတင်မောင်အေး (ခ) မောင်အေးနဲ့ အသက် ၅၂ နှစ်အရွယ်ရှိ ဇနီးဖြစ်သူ ဒေါ်ခင်ဝင်းတို့ဖြစ်ပြီး သူတို့ ၂ ဦး အသတ်ခံရမှုနဲ့ ပတ်သက်လို့ ကျောက်မဲမြို့မရဲစခန်းမှာ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ လူသတ်မှုနဲ့ အမှုဖွင့်လှစ်ထားကာ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေပါတယ်။
သတင်း - နန်းစံပယ်