ကျောက်တော်မြို့နယ်၌ ရွာ ၂ ရွာ မီးလောင်၊ ဒေသခံ ၂ ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံး 

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ  ဘုရားပေါင်းကျေးရွာနဲ့  တောင်ပေါက်ကျေးရွာ ၂ ရွာမှာ  စက်တင်ဘာ ၃ ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့ပြီး  ဘုရားပေါင်း ရွာသား ၂ ဦး သေနတ်ဒ ဏ်ရာတွေနဲ့ သေဆုံးသွားတယ်လို့ မိသားစုဝင်တွေနဲ့ ဒေသခံ လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။ မနေ့မနက်ပိုင်းက ကျောက်တော်အထက်ပိုင်း ကုလားတန်မြစ်ကြောင်းရဲ့ အထက်ပိုင်းက ကျေးရွာတွေမှာ တပ်မတော်စစ်ကြောင်းတွေဝင်လာတဲ့အတွက် ရွာသားတွေထွက်ပြေးခဲ့ကြပြီး လက်နက်ကြီးကျည်ကျလို့ ကလေးငယ် ၂ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တယ်လို့ ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်  ဦးဦးထွန်းဝင်းက ဒီဗွီဘီကို ပြောပါတယ်။ ဒါ့အပြင် မနေ့ည ၆ နာရီကျော်လောက်မှာ ကျောက်တော်နဲ့ ၁ မိုင်လောက်ဝေးတဲ့ ရန်ကုန်- စစ်တွေ ကားလမ်းပေါ်က ကျေးရွာတွေဖြစ်တဲ့ ဘုရားပေါင်းကျေးရွာနဲ့  တောင်ပေါက်ကျေး ၂ ရွာမှာ ပစ်ခတ်သံတွေကြားပြီး မီးလောင်ခဲ့တယ်လို့လည်း ပြောပါတယ်။ “၈ နာရီလောက်မှာ ထိုကျေးရွာ ၂ ရွာလုံးမီးလောင်နေတယ်လို့ သိရတယ်။ အဲအချိန်မှာ ကျေးရွာသူ/သားတွေက ကျောက်တော်ဘက်လည်း ပြေးလာလို့ မရဘူး။ လုံခြုံရေးတွေကလည်း ရှိနေတယ်။ ညပိုင်းဆိုတော့ မလာရဲကြဘူး။ ရွာတွေရဲ့တဖက်ကမ်းမှာရှိတဲ့ ကျေးရွာတွေကို ကုလားတန်မြစ်ကို ဖြတ်ကူးပြီး ထွက်ပြေးကြတယ်။ ဒီနေ့ မနက်ပိုင်းမှာ ဘုရားပေါင်းကျေးရွာ ရွာသား ၂ ဦး သေဆုံးနေကြောင်း သိရတယ်။ ရွာသူရွာသားတွေလည်း မရှိတော့။ နာရေးကားနဲ့သွားယူပြီး ကျောက်တော်ရင်ခွဲရုံကို ပို့ဆောင်ခဲ့တယ်”လို့  ဦးဦးထွန်းဝင်းက ပြောပါတယ်။ တပ်မတော်စစ်ကြောင်းတခု ဘုရားပေါင်းကျေးရွာအလယ်ကားလမ်းက ဖြတ်သွားချိန် မိုင်းပေါက်ကွဲပြီး ကျေးရွာဘက်ကို လက်နက်ငယ်တွေနဲ့ ဆယ်မိနစ်ပစ်ခတ်မှုရှိခဲ့ပြီး ည ၈ နာရီလောက်မှာ ဘုရားပေါင်းကျေးရွာမြောက်ဘက်မှာရှိတဲ့ စေတီပေါ်ကနေ တပ်မတော်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကျေးရွာ ၂ ရွာမီးလောင်ကာ ရွာသားတွေ ထွက်ပြေးကြရတယ်လို့  ကျေးရွာလူကြီး ဦးမောင်မြသာက ပြောပါတယ်။ စက်တင်ဘာ ၃ ရက် ညနေပိုင်းမှာ ကျောက်တော်မြို့ရှိ ကားဝပ်ရှော့မှာ အလုပ်လုပ်ပြီး ဘုရားပေါင်းကျေးရွာကိုပြန်လာတဲ့ ဒေသခံ ၂ ဦးကို တပ်မတော်စစ်ကြောင်းက တွေ့ကာ ဖမ်းဆီးခေါ်ဆောင်သွားပြီး ပစ်သတ်ခံရတယ်လို့ သေဆုံးသူမိသားစုတွေက ပြောပါတယ်။ "သူတို့နှစ်ယောက်က အလုပ်သိမ်းလို့အိမ်ပြန်လာကြတာ အဲဒီမှာလမ်းမှာတွေ့တဲ့ စစ်ကြောင်း က သူတို့ နှစ်ယောက်ကို လမ်းပြအဖြစ်ခေါ် ဘုရားပေါင်းရွာကို ခေါ်လာတယ်။ ရွာအလယ်မှာ မိုင်းထပေါက်တော့ သူတို့ နှစ် ယောက်ကို မသင်္ကာဘူးဆိုပြီး ပစ်သတ်လိုက်တာလို့ သိရတယ်။" လို့ သေဆုံးသူရဲ့ ဦးလေးကိုထွန်းလှကျော်က ပြောပါတယ်။ သေဆုံးသွားသူ ၂ ဦးမှာ ဘုရားပေါင်းကျေးရွာမှ မောင်ညွန့်ဝင်း (၂၇ နှစ်) ချိုင်းအောက် ကျည်ဖောက်ထွက်ဒဏ်ရာနဲ့ ကိုဟန်မောင်သိန်း (၃၅ နှစ်) ဦးခေါင်း ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ကြောင်း သိရှိရပါတယ်။ သေဆုံးသူ ၂ ဦးကို ကျောက်တော်မြို့ဆေးရုံကနေ ကျောက်တော်သုဿန်မှာ ဒီနေ့ မီးသင်္ဂြိုဟ်လိုက်တယ်လို့ ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။ ဘုရားပေါင်းကျေးရွာမှာ အိမ်ခြေ ၂၂၀ ကျော်ရှိပြီး အိမ်ခြေ ၁၀၀ ကျော် မီးလောင်ကျွမ်းခဲ့ကာ အိမ်ခြေ ၂၃၀ ကျော်ရှိတဲ့ တောင်ပေါက်ကျေးရွာမှာလည်း အိမ်ခြေ ၇၀ နီးပါး မီးလောင်ကျွမ်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒီနေ့ပြုလုပ်တဲ့ တပ်မတော်သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းက စက်တင်ဘာ ၃ ရက်ညနေ ၆ နာရီကျော်က စစ်တွေမြို့မှ ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာမှာ တာဝန်ထမ်းဆောင်မယ့် ရဲတပ်ဖွဲ့ဝင်တွေကို ကားနဲ့ ပို့ဆောင်နေစဉ် အေအေတပ်ဖွဲ့က ကားကိုမိုင်းခွဲတိုက်ခိုက်ခဲ့တဲ့အတွက် တပ်သား ၂ ဦးဒဏ်ရာရ တယ်လို့ ပြောပါတယ်။ ဒါ့အပြင် အပေါက်ဝကျေးရွာမှာ တာဝန်ထမ်းဆောင်မယ့် ရဲတပ်သားတွေကိုပို့ဆောင်ပြီး စစ်တွေသို့ပြန်လာတဲ့လမ်းမှာလည်း ထပ်ပြီးမိုင်းခွဲတိုက်ခိုက်ခဲ့ပြီးနောက် ရန်သူ့အလောင်း နှစ်လောင်းနဲ့ သေနတ်တစ်လက်ကို တပ်မတော်က ရရှိခဲ့တယ်လို့ ပြောပါတယ်။ သတင်း - လင်းလက်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up