ပြည်ပတွင် အခက်ကြုံနေသည့် မြန်မာ ၁၉၂ ဦးကိုပြန်ခေါ်၊ စုစုပေါင်း ၁၃,၃၆၄ ဦးရှိလာ

ဓာတ်ပုံ-Ministry of Foreign Affairs Myanmar
ပြည်ပနိုင်ငံတွေမှာ အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသား ၁၉၂ ဦးကို စက်တင်ဘာ ၂ ရက်နေ့က ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်လည်ခေါ်ဆောင်ခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဆော်ဒီအာရေဗျက ၁၁ ဦး၊ ယူအေအီးက ၆၇ ဦး၊ အီဂျစ်က ၇၆ ဦး၊ ပါကစ္စတန်က ၄ ဦး၊ ဂျာမနီမှ ၁ ဦး၊ အင်္ဂလန်က ၃ ဦး၊ အစ္စရေးမှ ၁ ဦး၊ ရုရှားက ၁ ဦး၊ စုစုပေါင်း ၁၆၄ ဦးကို ကယ်ဆယ်ရေး လေယာဉ်နဲ့ ခေါ်ဆောင်ခဲ့တာဖြစ်ပြီး မနေ့ည ၁၀ နာရီခွဲမှာ ရန်ကုန်လေဆိပ်ကို ရောက်ရှိခဲ့ကြပါတယ်။ ဒါ့အပြင် စင်ကာပူနိုင်ငံမှာ စာချုပ်သက်တမ်းကျော်လွန်ပြီး အခက်အခဲ ကြုံတွေ့နေရတဲ့ မြန်မာသင်္ဘောသား ၂၈ ဦး အား MNA စင်းလုံးငှား ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်လည်ခေါ်ဆောင်ခဲ့ပြီး မနေ့ညနေ ၆ နာရီလောက် ရန်ကုန်လေဆိပ်ကို ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။ ပြန်ရောက်လာသူတွေကို ကျန်းမာရေးစိစစ်ပြီး ၂၁ ရက်တာ အသွားအလာ ကန့်သတ်နေထိုင်ရေး ဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။ ပြည်ပနိုင်ငံတွေမှာ အခက်အခဲ ကြုံနေတဲ့ မြန်မာနိုင်ငံသားတွေကို ကယ်ဆယ်ရေးလေယာဉ်တွေနဲ့ ပြန်လည်ခေါ်ဆောင်ခဲ့တာ မနေ့ကအထိ စုစုပေါင်း ၁၃,၃၆၄ ဦးရှိပြီလို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up