မွန်ပြည်နယ်အတွင်း ငါးမွေးတောင်သူများကို ငါးသားပေါက် ၁၂ သိန်း အခမဲ့ ထောက်ပံ့မည်
DVB
·
August 21, 2020

ကိုဗစ်ကာလမှာ ထိခိုက်မှုတွေရှိနေတဲ့ မွန်ပြည်နယ်အတွင်းရှိ ငါးမွေးတောင်သူတွေကို ငါးသားပေါက် ၁၂ သိန်း အခမဲ့ ထောက်ပံ့ပေးသွားမယ်လို့ မွန်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနက သိရပါတယ်။
ငါးမွေးတောင်သူတွေကို ငါးသားပေါက် ထောက်ပံ့ရာမှာ ငါးမွေးမြူရေးဆိုင်ရာ လိုင်စင်ခွန် ပေးဆောင်ထားတဲ့ ငါးမွေးတောင်သူ ၁၀၀ ကျော်ကို ငါးသားပေါက်တွေ ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။
ငါးသားပေါက်တွေကို ဝန်ထမ်းအင်းအား အခက်အခဲကြောင့် သြဂုတ် ၁၅ ရက်ကနေ စက်တင်ဘာလကုန်အထိ ၁၇ ကြိမ်ခွဲပြီး ထောက်ပံ့ပေးသွားမယ်လို့ မွန်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်တိုးက ပြောပါတယ်။
ငါးသားပေါက်တွေ ထောက်ပံ့မှာ ပြည်နယ်အတွင်းရှိ ငါးမွေးတောင်သူတွေရဲ့ ငါးကန်တွေ အထိ အရောက်ပို့ဆောင်ပေးသွားမှာ ဖြစ်ပြီး ငါးအမျိုးအစားအနေနဲ့ ငါးမျှစ်ချင်း၊ ရွှေဝါးငါးခုံမ၊ ငါးဒန်နဲ့ ရေချိုငါးမုတ်တွေကို အဓိက ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။
မွန်ပြည်နယ်မှာတော့ ငါးမွေးဧကပေါင်း ၆၀၀ ကျော်ရှိပြီး အဲဒီကနေ နှစ်စဉ် ငါးပိဿာချိန် ၁၅ သိန်းကျော် ထွက်ရှိနေတာပါ။
ဇော်လွင်ထွဋ်