Home
မြန်မာသတင်း
မွန်ပြည်နယ်တွင်  မဲစာရင်း ဖောင်းပွနေ 
DVB
·
August 16, 2020
မွန်ပြည်နယ်မှာ မဲဆန္ဒရှင်စာရင်းတွေ ဖောင်းပွမှု ဖြစ်နေတယ်လို့ မွန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန တာဝန်ရှိတွေက ပြောပါတယ်။  မွန်ပြည်နယ်အတွင်း  တပ်မဲစာရင်းအပါအဝင် ဆန္ဒမဲပေးနိုင်သူ ၁၇ သိန်းကျော်ရှိနေတာ ဖြစ်ပြီး အဲဒီမဲစာရင်းထဲမှာ နာမည်ပါပြီး မှတ်ပုံတင်မရှိသူ လူဦးရေ ၃၇၀၀၀၀ ကျော်ကို  ပြည်နယ် လ.ဝ.က ဦးစီးဌာနက ပြန်လည် စိစစ်ခဲ့တာပါ။ အဲဒီလို စိစစ်ရာမှာတော့ မဲစာရင်းမှာ မဲပေးပိုင်ခွင့် မရှိသူတွေ အပါအဝင် စာရင်းထပ်နေတဲ့သူတွေ ၅၆,၀၀၀ ကျော် ပါဝင်နေတာကြောင့်  ဒီလူတွေဟာ မဲစာရင်းကနေ ပယ်ဖျက်ပေးဖို့ လိုအပ်နေတယ်လို့ မွန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးတင်ချယ်က ပြောပါတယ်။ မဲစာရင်းက ပယ်ဖျက်ရမယ့် လူဦးရေ ၅၆,၀၀၀ ဟာ မဲစာရင်းမှာ နာမည်ပါပြီး မှတ်ပုံတင် မရှိတဲ့သူ လူဦးရေ ၃၇၀,၀၀၀ ကျော်ကို စစ်ဆေးတွေ့ရှိထားတဲ့  အခြေအနေ ဖြစ်ပါတယ်။ ဒါကြောင့် မွန်ပြည်နယ်ရဲ့ မဲစာရင်းတခုလုံးဖြစ်တဲ့ လူဦးရေ ၁၇ သိန်းကျော်ကို ပြန်လည် စိစစ်ရင် လူဦးရေ ၂၉၀,၀၀၀ လောက်ဟာ မဲစာရင်းမှာ အပိုပါပြီး ဖောင်းပွမှု ဖြစ်နိုင်တယ်လို့ မွန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဦးထွန်းမင်းအောင်က သူရဲ့ ဖေ့စ်ဘုတ်စာမျက်နှာ ဝေဖန်ရေးသားထားပါတယ်။ မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူတွေဟာ မဲစာရင်းမှာ မပါဝင်သင့်သူ ပါနေသူတွေနဲ့ စာရင်းထပ်နေသူတွေကို မြို့နယ်နဲ့ ရပ်ကျေးကော်မရှင်အဖွဲ့ခွဲတွေမှာ တခါတည်း ပယ်ဖျက်တာတွေ လုပ်နေတယ်လို့ မွန်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဟိဏ်းလင်းထက် ပြောပါတယ်။ မွန်ပြည်နယ်မှာတော့ လာမယ့်ရွေးကောက်ပွဲမှာ တပ်မဲစာရင်း အပါအဝင် ဆန္ဒမဲပေးနိုင်သူ ၁၇၆၀၀၀၀ ရှိနေတယ်လို့ မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ထုတ်ပြန်ကြေညာထား ပါတယ်။ ဆန္ဒမဲပေးနိုင်သူတွေအတွက် ပြည်နယ်တခုလုံးမှာ မဲရုံပေါင်း ၉၅၈ ရုံ ဖွင့်လှစ်သွားဖို့ စီစဉ်ထားပါတယ်။   သတင်း- ဇော်လွင်ထွဋ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024