Homeမြန်မာသတင်း
မွန်ပြည်နယ်၌ အခြေခံလူတန်းစား အိမ်ထောင်စု ၁ သိန်းကျော်ကို ကျပ် ၂၀၀၀၀ နှုန်း ထပ်မံ ထောက်ပံ့
မွန်ပြည်နယ်၌ အခြေခံလူတန်းစား အိမ်ထောင်စု ၁ သိန်းကျော်ကို ကျပ် ၂၀၀၀၀ နှုန်း ထပ်မံ ထောက်ပံ့
DVB
·
August 16, 2020

မွန်ပြည်နယ်မှာ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်စား အိမ်ထောင်စု ၁ သိန်းကျော်အတွက် ငွေကျပ် ၂၀၀၀၀ နှုန်း ထပ်မံ ထောက်ပံ့ပေးသွားမယ်လို့ မွန်ပြည်နယ် အစိုးရအဖွဲ့က သြဂုတ် ၁၄ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
ကိုဗစ်-၁၉ ကပ်ဘေးကာလမှာ အစိုးရက ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေကို ပြီးခဲ့တဲ့ သင်္ကြန်ကာလကတည်းက စတင် ထောက်ပံ့လာတာဖြစ်ပြီး အခုဆိုရင် စတုတ္ထအကြိမ်မြောက် ငွေကျပ် ၂၀၀၀၀ နှုန်း ထောက်ပံ့တာလည်း ဖြစ်ပါတယ်။
ပုံမှန်ဝင်ငွေ မရှိတဲ့ အခြေခံလူတန်းစားတွေကို ထောက်ပံ့ပေးမယ့်ငွေကိုတော့ သြဂုတ် ၁၄ ရက်နေ့ကတည်း သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို လွှဲပြောင်းပေးထားပြီး သြဂုတ် ၁၅ ရက်နေ့ကစပြီး စတင်ထောက်ပံ့ပေးသွားမယ်လို့ မော်လမြိုင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝေလင်းထွန်းက ဒီဗွီဘီကို ပြောပါတယ်။
မွန်ပြည်နယ်အတွင်းက ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်စား ၁ သိန်းကျော်အတွက် ထောက်ပံ့ကူညီဖို့ ငွေကျပ် ၂ ဘီလီယံကျော် အသုံးပြုသွားမယ်လို့ သိရပါတယ်။
သတင်း- ဇော်လွင်ထွဋ်