သထုံတွင် ကျပ်သိန်း ၄၀၀၀၀ နီးပါးတန်ဖိုးရှိ ICE နှင့် WY ဆေးပြားများ ဖမ်းဆီးရမိ
DVB
·
August 14, 2020
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဓမ္မဝတီမြို့သစ်ရှိ စားသောက်ဆိုင်တစ်ဆိုင်မှာ လာရောက် စားသောက်နေသူ တစ်ဦးထံကနေ ကျပ်သိန်းပေါင်း ၄၀၀၀၀ နီးပါးတန်ဖိုးရှိ ICE နဲ့ WY မူးယစ်ဆေးပြားတွေကို သြဂုတ် ၁၃ ရက် ညပိုင်းက ဖမ်းဆီးရမိခဲ့ပါတယ်။
ရဲတပ်ဖွဲ့ဝင်တွေက သတင်းအရ စားသောက်ဆိုင်မှာ စောင့်ဆိုင်းနေစဉ် Honda fit ခဲရောင်အမျိုးအစားယာဉ်နဲ့ ဝင်ရောက်လာတဲ့ လားရှိုးမြို့နေ စိုင်းကျော်နိုင်(ခ)ကျော်ကျော် ၂၉ နှစ်ကို စစ်ဆေးခဲ့ရာကနေ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်နယ်မှုခင်းနှိမ်နင်းရေး အကူဌာနက သိရပါတယ်။
အဲ့ဒီမော်တော်ယာဉ်ကိုစစ်ဆေးရာမှာ ယာဉ်အတွင်းကနေ ICE တစ်ကီလိုဂရမ်ပါ ၂၂ ထုပ်၊ ICE တစ်ကီလိုဂရမ်ကို ကျပ်သိန်း ၅၀၀ နှုန်းနဲ့ စုစုပေါင်း ကျပ်သိန်းပေါင်း ၁၁၀၀၀ တန်ဖိုးရှိတဲ့ မူးယစ်ဆေးတွေဖမ်းမိခဲ့ပါတယ်။
ဒါ့အပြင် WY စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြားတစ်ထုပ်လျင် ဆေးပြား ၁၉၅ ပြားပါ အထုပ်ပေါင်း ၂၉၀၀ ထုပ်၊ စုစုပေါင်း WY ဆေးပြား ၅၆၅၅၀၀ ပြား၊ တစ်ပြားလျင် ၅၀၀၀ ကျပ်နှုန်းနဲ့ တန်ဖိုး ကျပ်သိန်းပေါင်း ၂၈၂၇၅ သိန်း၊ စုစုပေါင်း ကျပ်သိန်းပေါင်း ၃၉၂၇၅ သိန်းခန့်ကို ဖမ်းဆီးရမိတယ်လို့ ရဲမှတ်တမ်းတွေအရ သိရပါတယ်။
အဆိုပါ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိမှုနဲ့ပတ်သက်ပြီး စိုင်းကျော်နိုင်(ခ)ကျော်ကျော်ကို သုဓမ္မဝတီ နယ်မြေရဲစခန်းက မူးစိတ်ပြောင်းပုဒ်မ၁၉(က)/၂၀(က)အရ အမှုဖွင့် အရေးယူ ထား ပါတယ်။
သတင်း - ယူမင်းစိုး