တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသားထက် ကျောင်းသူ အောင်ချက် ပိုကောင်း

ဓာတ်ပုံ-Ministry of Education, Myanmar
ဒီနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ကြသူတွေမှာ အပြင်ဖြေသူတွေက ပိုအောင်ကြပြီး ကျောင်းသူတွေကလည်း ကျောင်းသားတွေထက် အောင်ချက် ပိုကောင်းကြပါတယ်။ ကျောင်းတွင်းဖြေဆိုသူတွေထဲက ၂၈ ရာခိုင်နှုန်းကျော်ပဲ အောင်မြင်ကြပြီး အပြင်ဖြေသူတွေထဲက ၃၉ ရာခိုင်နှုန်းလောက် အောင်မြင်ကြတာပါ။ ဒီနှစ်မှာ ကျောင်းတက်ပြီး ဖြေဆိုသူ ၅ သိန်း ၇ သောင်းကျော်ရှိပြီး ပြင်ပကနေ ဖြေဆိုသူ ၃ သိန်း ၄ သောင်းလောက် ရှိပါတယ်။ စစ်ကိုင်းတိုင်းမှာ ပြင်ပဖြေဆိုသူ ၅၀၈၈၅ ယောက်နဲ့ အများဆုံးဖြစ်ပြီး မန္တလေးတိုင်းမှာ ၅၀၈၄၀ နဲ့ ဒုတိယအများဆုံးဖြစ်ပါတယ်။ ကျောင်းတက်ဖြေဆိုသူတွေရော ပြင်ပကနေ ဖြေဆိုသူတွေပါ ဝိပ္ပံဘာသာတွဲကို အများဆုံးယူကြပေမယ့် သိပ္ပံဘာသာတွဲယူသူတွေက ဖြေဆိုသူရဲ့ ထက်ဝက်အောင်ကြတာကြောင့် အများဆုံးအောင်မြင်ခဲ့ကြပါတယ်။ စုစု‌ပေါင်းအနေနဲ့ သိပ္ပံဘာသာတွဲအောင်မြင်သူ ၅၂ ရာခိုင်နှုန်းကျော်၊ ဝိပ္ပံဘာသာတွဲအောင်မြင်သူ ၂၆ ရာခိုင်နှုန်းကျော်နဲ့ ဝိဇ္ဇာဘာသာတွဲအောင်မြင်သူ ၂၅ ရာခိုင်နှုန်းကျော်ရှိပါတယ်။ အောင်ချက်မှာကတော့ ပြင်ပဖြေဆိုသူတွေထဲမှာ မွန်ပြည်နယ်က ၄၂ ရာခိုင်နှုန်းကျော် အောင်မြင်ခဲ့လို့ အများဆုံးဖြစ်ပြီး ကျောင်းတွင်းဖြေဆိုသူတွေထဲမှာတော့ မန္တလေးတိုင်းက ၃၅ ရာခိုင်နှုန်းလောက်နဲ့ အများဆုံးဖြစ်ပါတယ်။ ဒီနှစ်ဖြေဆိုသူ စုစုပေါင်း ၉ သိန်း ၁ သောင်းကျော်မှာ ကျောင်းသူ ၅ သိန်း ၁ သောင်းကျော်ပါပြီး အောင်မြင်သူက ၁၇ သိန်းခွဲကျော်ရှိပါတယ်။ ကျောင်းသားကတော့ ၄ သိန်းလောက် ဖြေဆိုကြပြီး ၁ သိန်း ၁ သောင်းကျော် အောင်မြင်ကြပါတယ်။ ရာခိုင်နှုန်းကတော့ ကျောင်းသူ ၃၄ ရာခိုင်နှုန်းလောက်၊ ကျောင်းသားက ၃၀ ရာခိုင်နှုန်းလောက် အောင်မြင်ခဲ့တာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up