သထုံတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံ၊ မြေပြိုမှုများဖြစ်
DVB
·
August 3, 2020
မွန်ပြည်နယ်၊ သထုံမြို့နယ်ထဲမှာ ဩဂုတ် ၂ ရက်နေ့ ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်တချို့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားပြီး သစ်ပင်ကျိုးကျတာနဲ့ မြေပြိုမှုတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
မိုးရွာသွန်းခဲ့မှုကြောင့် သထုံမြို့ပေါ်ရှိ၊ လိပ်အင်းရပ်ကွက်နဲ့ နန်းခဲရပ်ကွက်ရှိနေရာတချို့မှာ လမ်းပေါ် နဲ့ နေအိမ်ခြံဝင်းအတွင်း ရေ ၁ ပေခန့်ဝင်ရောက်ခဲ့ပြီး ဝါးပါးဆည်အနီး၊ သထုံ-ဘားအံ ကားလမ်း၊ မိုင်တိုင်အမှတ်(၄/၃) နဲ့ (၄/၄) အကြား ကားလမ်းအနိမ့်ပိုင်းတွေမှာ ရေကျော်ကာ ကိုယ်ပိုင်ယာဉ်ငယ်တွေ ဖြတ်သန်းသွားလာမှု ခေတ္တပိတ်ထားခဲ့ရတယ်လို့ သထုံခရိုင် မီးသတ်ဦးစီးဌာနမှူး ဦးအောင်ကြင်ထွန်းက DVB ကို ပြောပါတယ်။
“ညက ၉ နာရီလောက်ရှိမယ်။ လေကြမ်းပြီး သစ်ပင်တွေ ပြိုလဲကျပါတယ်။ နေအိမ် အနိမ့်ပိုင်းတွေကျတော့ ခြံထဲကိုရေက ၁ ပေလောက် ဝင်ခဲ့တယ်။ အန္တရာယ်တော့မရှိပါဘူး။ ဆေးရုံဝင်းထဲက လဲကျနေတဲ့သစ်ပင်ကိုတော့ ဓာတ်ကြိုးနဲ့ငြိနေလို့ အဖွဲ့တွေစုပြီး ဝိုင်းရှင်းခဲ့ကြတာပါ။ ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့အထိတော့ အခြေအနေက မဆိုးပါဘူး။ တချို့က အစိုးရိမ်လွန်ပြီး လှမ်းမေးကြတာတွေရှိပါတယ်။ အခုဆိုရင်အားလုံး ပုံမှန်အတိုင်းဖြစ်သွားပါပြီ။"
မိုးရွာသွန်းမှုကြောင့် သထုံခရိုင်ပြည်သူ့ဆေးရုံကြီးအနီး၊ နန်းတော်ဦးကျောင်းလမ်းရှိ လုံးပတ် ၃ ပေအရှည် ၂၅ ပေခန့်ရှိ မဲဇလီပင် အမြစ်ကျွတ်ကာ လမ်းဘေး ဓာတ်မီးတိုင်ပေါ်ကို လဲကျခဲ့တာကြောင့် မြို့တွင်းလျှပ်စစ်မီးတွေ ယာယီ ဖြတ်တောက်ခဲ့ရတာပါ။
ည ၁၀ နာရီလောက်မှာလည်း သထုံမြို့၊ နန်းခဲရပ်ကွက် မြသပိတ် တောင်တက်ကားလမ်း၊ လာဝတောင်ခြေအနီးမှာ တောင်တက်ကားလမ်းမပေါ်ကို အမြင့် ၅ ပေ၊ အရှည် ၁၀ ပေလောက်ရှိတဲ့ မြေကြီးတွေ ပြိုကျခဲ့ပြီး လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်နဲ့ပတ်သတ်ပြီး လူနဲ့တိရစ္ဆာန်ထိခိုက်မှုမရှိဘဲ ရေကြီးရေလျှံတာ၊ သစ်ပင်လဲပြိုတာ၊ မြေပြိုတာတွေကို လွှတ်တော်ကိုယ်စားလှယ်တွေ၊ မြို့နယ်သဘာဝဘေး စီမံခန့်ခွဲ့မှုအဖွဲ့ဝင်တွေ၊ တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ကြက်ခြေနီတပ်ဖွဲ့နှင့် လူမှုကူညီရေး ပရဟိတအဖွဲ့ဝင်တို့က ပူးပေါင်းရှင်းလင်းဖယ်ရှားခဲ့ကြတယ်လို့ သိရပါတယ်။
သတင်း - ယူမင်းစိုး