နိုင်ငံတကာခရီးသည်တင်လေကြောင်းခရီးစဉ်များ ဩဂုတ်လကုန်အထိ ပျံသန်းဆင်းသက်ခွင့်မပြု
DVB
·
July 31, 2020
နိုင်ငံတကာခရီးသည်တင်လေကြောင်းခရီးစဉ်တွေ မြန်မာနိုင်ငံသို့ ပျံသန်းဆင်းသက်ခြင်းမပြုတဲ့ ယာယီကန့်သတ်ကာလကို ဩဂုတ် ၃၁ ရက်အထိ တိုးမြှင့်သတ်မှတ်လိုက်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက မတ်လ ၂၉ ရက်က စတင်ထုတ်ပြန်ခဲ့တဲ့ နိုင်ငံတကာခရီးသည်တင် လေကြောင်းခရီးစဉ်များ မြန်မာနိုင်ငံသို့ ပျံသန်းဆင်းသက်ခြင်းကို ယာယီကန့်သတ်ခြင်းဆိုင်ရာညွှန်ကြားချက် (Temporary Measures to Prevent Importation of CoVID19 to Myanmar through Air Travel)ရဲ့ သက်ရောက်မှုကာလကို ဇူလို ၃၁ ရက်အထိ သတ်မှတ်ခဲ့တဲ့ရက်ပြည့်သွားချိန်မှာ နောက်ထပ် တစ်လထပ်တိုးလိုက်တာပါ။
မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ရေး ဆောင်ရွက်ရာမှာ နိုင်ငံတကာမှ လေကြောင်းခရီးစဉ်တွေနဲ့ ခရီးသည်တွေ ဝင်ရောက်လာမှုကို ကန့်သတ်ထိန်းချုပ်နိုင်ရေးဟာ များစွာအရေးပါတဲ့အတွက် ထပ်တိုးလိုက်တာလို့ ဆိုပါတယ်။
ဒါကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့် ဗဟိုကော်မတီရဲ့ ခွင့်ပြုချက်နဲ့ ဩဂုတ် ၃၁ ရက် မြန်မာစံတော်ချိန်ည (၂၃:၅၉) နာရီအထိ ထပ်မံ တိုးမြှင့် သတ်မှတ်လိုက်ကြောင်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။
နိုင်ငံတကာခရီးသည်တင်လေကြောင်းခရီးစဉ်တွေ မြန်မာနိုင်ငံသို့ ပျံသန်းဆင်းသက်ခြင်းမပြုဖို့ တားမြစ်ထားပေမဲ့ ပြည်ပနိုင်ငံတွေမှာ ပိတ်မိနေတဲ့ မြန်မာနိုင်ငံသားတွေကို ပြန်လည်ခေါ်ယူဖို့သွားတဲ့ ကယ်ဆယ်ရေးလေယာဉ်နဲ့ အထူးလေယာဉ် တွေကတော့ ဆင်းသက်ခွင့်ပြုထားပါတယ်။
မြန်မာနိုင်ငံမှာ ဒီကနေ့ ဇူလိုင် ၃၁ ရက်အထိ ကိုဗစ်-၁၉ အတည်ပြုလူနာပေါင်း ၃၅၃ ဦးရှိသွားပြီဖြစ်ပြီး အများစုဟာ ပြည်ပနိုင်ငံတွေက ပြန်လာသူတွေမှာ ရောဂါစစ်ဆေးတွေ့ရှိတာ ဖြစ်ပါတယ်။