အင်္ဂပူမြို့နယ်ရှိ တောင်ယာတဲများကို တောဆင်ရိုင်း ဝင်ရောက်ဖျက်ဆီး
DVB
·
July 25, 2020
ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်၊ ကျွဲဆင်းကျေးရွာအုပ်စုရှိ တောင်ယာလုပ်ကိုင်သူတွေ နေထိုင်တဲ့ တဲတွေကို တောဆင်ရိုင်းတစ်ကောင် ဝင်ရောက်ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
ကျွဲဆင်းကျေရွာအုပ်စု ငှက်ပျောတောကျေးရွာနေ ဦးခင်ရွှေက “ဆင်ဝင်နေတာ ကြာပြီ၊ ခုဆို တပတ် ဆယ်ရက်လောက် ရှိမယ်။ တောင်ယာတဲတွေ ဖျက်ဆီးတော့ လူတွေမနေရဲတော့ဘူး။ ခုဆို ရွာနားတောင် ရောက်လာပြီ၊ တဲကတော့ ၂၀ ကျော်လောက်ရှိမယ်။ ဆင်က နေ့ခင်းဘက် ပျောက်သွားပြီး ညဘက်ညဘက် ရောက်လာပြီး တဲကို ဖျက်ဆီးတယ်။ အဲဒီမှာ ဆန်တို့၊ ဆားတို့ စားတာ။ လူတွေကတော့ ကြောက်လို့ ပြေးကြလွှားကြပေါ့ဗျာ။ အတော်လေးတော့ အခက်အခဲဖြစ်နေတယ်” လို့ ပြောပါတယ်။
အင်္ဂပူမြို့နယ်ဟာ ရခိုင်ရိုးမနဲ့ ထိစပ်နေပြီး နှစ်စဉ် တောဆင်ရိုင်းတွေ ဝင်ရောက်တာတွေ ကြုံနေရတာပါ။
အင်္ဂပူမြိုနယ်သစ်တောဦးစီးဌာန တောအုပ်ဦးကျော်မျိုးအောင်က “ကျနော်တို့ မြန်မာ့သစ်ထုတ်လုပ်ရေးကို စာတင်အကူအညီတောင်းထားပါတယ်။ ကျနော်တို့မှာက ဆင်မရှိဘူး၊ သစ်ထုတ်လုပ်ရေးမှာသာ ဆင်ရှိတော့ သူတို့ဆီ စာတင်ရတယ်ဗျ။ သူတို့ဆင်တွေက တောထဲမှာဆိုတော့ ခုထိ ရောက်မလာနိုင်သေးတာ ဖြစ်မယ်။ ထုတ်လုပ်ရေးက ဆင်ရောက်ရင်တော့ တောနင်းပြီး ဆင်ရိုင်းကိုမောင်းမှာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။
၂၀၁၉ ခုနှစ်အတွင်းကလည်း အင်္ဂပူမြို့နယ်၊ မြန်အောင်မြို့နယ်၊ လေးမျက်နှာနဲ့ ကြံခင်းမြို့နယ်တွေက ကျေးရွာအချို့ကို တောဆင်ရိုင်းတွေ ဝင်ရောက်ပြီး နေအိမ်တွေနဲ့ သီးနှံစိုက်ပျိုးခင်းတွေကို ဖျက်ဆီးခဲ့ဖူးပါတယ်။