Home
မြန်မာသတင်း
ဌာပနာဖွင့်ဖောက်ခံထားရသည့် ပုဂံဘုရား ၃၃ ဆူအထိတွေ့ရှိ  
DVB
·
June 11, 2020
ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသမှာ ဇွန်လ ၁၀ ရက်နေ့အထိ ဌာပနာဖွင့်ဖောက်ခံရတဲ့ စေတီပေါင်းဟာ ၃၃ ဆူအထိ တွေ့ရှိလာရကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)က စုံစမ်းသိရပါတယ်။ အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)ညွှန်ကြားရေးမှူး ဒေါက်တာသန်းထိုက်က “လတ်တလောတော့လည်း မဟုတ်ဘူး။ အရမ်းကြီးလည်း မကြာသေးဘူး။ ကျနော်ထင်တာတော့  အပေါ်ပိုင်းဌာပနာတချို့ပစ္စည်း ရသွားပြီးတော့ အောက်ပိုင်းတွေ ဆက်မလုပ်တာလားလည်း မပြောတတ်ဘူး။ အခုကျန်ခဲ့တာတွေကလည်း တန်ဖိုးရှိ ရွှေထည်ပစ္စည်းလိုဟာမျိုး မဟုတ်ဘူး။ အဲဒီအထဲမှာလည်း ကောက်ရိုးတွေနဲ့ ငှက်သိုက်တို့ မြွေအရေခွံတို့လည်းတွေ့တော့ ဖောက်ပြီး ပစ်ထားတာ သိပ်မကြာလောက်သေးဘူး။  လပိုင်းတွေလောက်ပဲ ရှိမလား၊ သိပ်သေခြာတော့ မသိသေးဘူး” လို့ ပြောပါတယ်။ ပုဂံရှေးဟောင်းဒေသမှာ ဘုရားဌာပနာကွမ်းတောင်တွေ ပေါက်နေကြောင်း ဇွန်လ ၈ ရက်နေ့က ၅ ဆူကို စတင်တွေ့ရှိပြီး နောက် ဇွန် ၉ ရက်မှာ နောက်ထပ်  ၁၄ ဆူ၊ ဇွန် ၁၀ ရက်မှာ  ၁၄ ဆူ ဆက်လက်တွေ့ရှိခဲ့တာကြောင့် စုစုပေါင်း ၃၃ ဆူအထိ ရှိလာကြောင်းသိရပါတယ်။ ပုဂံရှေးဟောင်းသုတေသနအဖွဲ့နဲ့ ပူပေါင်းပြီး စေတီပုထိုးများ စောင့်ရှောက်ရေးကို ကူညီ ပေးနေတဲ့ ပုဂံဒေသ ဧည့်လမ်းညွှန်အသင်းက အလုပ်အမှုဆောင် ကိုမြင့်နိုင်က “တွေ့နေဦးမှာပဲ၊  ရိပ်စားမိသွားပြီဆိုတော့ကာ။  ဒီနေ့တွေ့တဲ့ တစ်ဆူမှာ ရှေးဟောင်းနဲ့ သွားတော့သူယူမသွားဘဲ ကျန်ခဲ့တဲ့ ဌာပနာပစ္စည်းကိုတွေ့တာပဲ။ သူတို့က အုပ်စုလေးနဲ့ လုပ်နေတဲ့သဘော။ ကွမ်းတောက်မှာ အပေါက်သေးလေးဖောက်ပြီး လက်နဲ့ နှိုက်ယူတယ်။  ကြီးတဲ့ပစ္စည်းတွေကြတော့ ချန်ထားခဲ့တယ်။ ထပ်တွေ့ဦးမယ်တော့ ယူဆတယ်” လို့ ပြောပါတယ်။   စေတီတွေ ဌာပနာဖောက်ခံရတဲ့ကိစ္စ  မနေ့က ခရိုင်အဆင့် အစည်းအဝေးပြုလုပ်ခဲ့ပြီး လုံခြုံရေးလုပ်ငန်းတွေ တိုးမြှင့်ဆောင်ရွက်သွားဖို့ စီစဉ်နေပါတယ်။ ဌာပနာဖောက်ထွင်းခံရတဲ့ ဖြစ်စဉ်အားလုံးကိုလည်း ပုဂံနယ်မြေရဲစခန်းမှာ အမှုဖွင့်ထား တယ်လို့ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)က သိရပါတယ်။ ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဇုန်ဟာ ၄၃ ကီလိုမီတာလောက် အကျယ်အဝန်းရှိပြီး ဘုရားစေတီပေါင်း ၃၀၀၀ ကျော်လောက်  ရှိတာပါ။ သတင်း- ကိုလင်း(ချောက်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024