မုဒိတာအိမ်ရာတွင် နိုင်ဂျီးရီးယားနိုင်ငံသား ၁ ဦးကို မူးယစ်ဆေးဝါးနှင့်အတူဖမ်းမိ
DVB
·
June 4, 2020
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ မုဒိတာအိမ်ရာထဲမှာ နိုင်ဂျီးရီးယားနိုင်ငံသားတစ်ဦးကို မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိတယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးက ဒီဗွီဘီကိုပြောပါတယ်။
မုဒိတာအိမ်ရာ (၁) မှာ နေထိုင်တဲ့ နိုင်ဂျီးရီးယားနိုင်ငံသားတွေက အမျိုးသမီးတွေအပေါ် နှောင့်ယှက်နေတဲ့ကိစ္စ တိုင်းအစိုးရတာဝန်ရှိသူတွေက အရေးမယူတာကြောင့် ပြည်ထောင်စုအဆင့်ထိ ဆက်လက်တိုင်ကြားသွားမယ်လို့ ရန်ကုန်တိုင်းလွှတ်တော် မရမ်းကုန်းမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက ပြောဆိုခဲ့တဲ့အကြောင်း ဇွန်လ ၃ ရက်မှာ ဒီဗွီဘီကလည်း သတင်း ထုတ်လွှင့်ခဲ့ပါတယ်။
ဒီသတင်းတွေထွက်လာပြီးနောက် ဒီနေ့မနက်မှာတော့ မုဒိတာအိမ်ရာဝင်းအတွင်းကို အုပ်ချုပ်ရေးအဖွဲ့၊ ရဲတပ်ဖွဲ့၊ လဝက အစရှိတဲ့ အာဏာပိုင်တွေက ဝင်ရောက်စစ်ဆေးခဲ့တာပါ။
အဲဒီလိုစစ်ဆေးရာမှာ အိမ်ရာဝင်းအတွင်းမှာရှိတဲ့ အမျိုးသမီးတစ်ဦးငှားရမ်းနေထိုင်တဲ့ တိုက်ခန်းမှာ နိုင်ဂျီးရီးယားနိုင်ငံသားတစ်ဦးကို မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိတာဖြစ်ပြီး သူတို့နှစ်ယောက်ကို မရမ်းကုန်းရဲစခန်းမှာ ဖမ်းဆီးစစ်ဆေးနေတယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းချစ်က ပြောပါတယ်။
ဒါနဲ့ပတ်သက်လို့ အမှုဖွင့်အရေးယူနိုင်ဖို့ ဆက်လက်ဆောင်ရွက်နေတယ်လို့လည်း သူက ဆက်လက်ပြောပါတယ်။
ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးပမာဏနဲ့ ဖမ်းဆီးခံရတဲ့ နိုင်ဂျီးရီးယားနိုင်ငံသားရဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ စစ်ဆေးနေဆဲဖြစ်တဲ့အတွက် မသိရသေးပါဘူး။
မရမ်းကုန်းမြို့နယ်ရှိ မုဒိတာအိမ်ရာ (၁) မှာ လာရောက်နေထိုင်တဲ့ နိုင်ငံဂျီးရီးယားနိုင်ငံသားတွေဟာ အဲဒီအိမ်ရာမှာရှိတဲ့ အမျိုးသမီးငယ်တွေကို ကာယိန္ဒြေ ပျက်ပြားအောင် နှောင့်ယှက်တာ၊ ဆွဲလားရမ်းလားလုပ်တာ၊ ဖုန်းနံပါတ်၊ ဗိုက်ဘာနံပါတ်တောင်းတာတွေ လုပ်ဆောင်တဲ့အပေါ် ဒေသခံတွေနဲ့ ပဋိပက္ခ ဖြစ်ပွားနေတာပါ။
ဒီကိစ္စကို ၂၀၂၀ နှစ်ဦးပိုင်းကစပြီး အစိုးရအဖွဲ့နဲ့ တာဝန်ရှိသူတွေကို အကြိမ်ကြိမ် တင်ပြထားပေမယ့် ထူးခြားမှုမရှိတာကြောင့် ပြည်ထောင်စုအဆင့်အထိ တိုင်ကြားသွားမှာဖြစ်ပြီး လဝကကိုလည်း စစ်ဆေးဖို့ တိုက်တွန်းမယ်လို့ မရမ်းကုန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက ပြောထားပါတယ်။