ကျပ်သိန်း ၁၅၀၀၀ ဆုကြီး ရခိုင်မှ တတိယတန်းကျောင်းသူလေး ဆွတ်ခူး

ဇွန် ၁ ရက်နေ့ ဖွင့်လှစ်တဲ့ ၁၆ ကြိမ်မြောက် အောင်ဘာလေထီ ကျပ်သိန်း ၁ သောင်းခွဲဆုကို ရခိုင်ပြည်နယ် စစ်တွေမြို့က တတိယတန်းအရွယ်ကျောင်းသူတဦး ဆွတ်ခူးရရှိခဲ့ပါတယ်။  စစ်တွေမြို့၊ ရွာကြီးတောင်ရပ်ကွက် ဝင်္ကပါကွင်းအနီး ငပိန်လမ်းနေ ဦးအောင်ဆန်းဝင်းနဲ့ ဒေါ်မေကြီးဖြူတို့ရဲ့ သမီး မကြည်ဖြူစင်သိန်းဟာ တွန်းလှည်နဲ့ လှည့်လည်ရောင်းချနေတဲ့ ထီသည်တဦးဆီကနေ မေလဆန်းပိုင်းက ထီ ၅ စောင့်ထိုးခဲ့တာလို့ ကာယကံရှင် ဒီဗွီဘီကို ပြောပါတယ်။  မကြည်ဖြူစင်သိန်းက “သမီးက လမ်းမှာရောင်းနေတဲ့ ထီးသည်ဆီကနေ ဒီအတိုင်းကောက်ထိုးလိုက်တာ။ သမီးက ၅ စောင်ထိုးလိုက်တာပါ။ အခု သိန်း ၁၅၀၀၀ ဆိုကြီးပေါက်ပါတယ်။ သမီးအရမ်းပျော်ပါတယ်။” လို့ ပြောပါတယ်။ မကြည်ဖြူစင်သိန်းဟာ ဃ ၃၁၃၁ဝ၂ ဂဏန်းနဲ့ သိန်း ၁၅၀၀၀ ထီဆုကြီး ဆွတ်ခူးရရှိသွားတာ ဖြစ်ပါတယ်။  မကြည်ဖြူစင်သိန်းရဲ့ဖခင်ဖြစ်သူက “အခုလို ဆုကြီးပေါက်လို့အရမ်းကိုပျော်ပါတယ်။ မျော်မှန်းထားတာကတော့ အလှူအတန်းတွေ လုပ်ချင်တယ်။ သားသမီးပညာရေးတွေ အတွက် အဓိကလုပ်ချင်တယ်။ ပြီးတော့ ဒုက္ခသည်ရောက်နေတဲ့ စစ်ဘေးရှောင်တွေအတွက် လိုအပ်တာတွေ လှူဒါန်းသွားချင်ပါတယ်။” လို့ ပြောပါတယ်။ မကြည်ဖြူစင်သိန်းရဲ့ဖခင်ဖြစ်သူဟာ သုံးဘီးဆိုင်ကယ်(တုတ်တုတ်) မောင်နှင်းသူတဦးဖြစ်ပြီး မိခင်ဖြစ်သူက မုန့်တီဖက်နဲ့ ကြက်ဥတွေ ရောင်းချနေသူတွေတဦးဖြစ်ပါတယ်။  ထီစာအုပ်စုစုပေါင်း ၂၆ သိန်းကျော် လက်မှတ်စာအုပ်တွေ ရောင်းရငွေမှာ ငွေကျပ်သန်းပေါင်း ၂၆၀ သိန်းကျော်ရရှိခဲ့ပြီး ရောင်းရငွေရဲ့ ၆၀ ရာခိုင်နှုန်းဖြစ်တဲ့ ငွေကျပ်သန်းပေါင်း ၁၅၆၁၆ ဒသမ ၃၂၀ ကို ထီဆုငွေအဖြစ် ခွဲဝေချီးမြှင့်ပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဧပြီ ၁ ရက်နေ့က ဖွင့်လှစ်ခဲ့တဲ့ အောင်ဘာလေထီ ကျပ်သိန်း ၁ သောင်းထီဆုကြီးကိုလည်း ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ လျှစ်စစ်ပစ္စည်းရောင်တဲ့သူတဦး ဆွတ်ခူးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up