Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းအတွင်း သတ္တုတူးဖော်မှုကြောင့် မြေဆီမြေလွှာပျက်စီးသည့် ဒေသများတွင် သစ်စေ့မြေလုံးကြဲ
Aung Ko Latt
·
May 26, 2020
101333424_1327418887463103_6702305502019190784_n
99142310_1327419020796423_1675027010532933632_n
99130326_1327419074129751_161870381014056960_n
98463363_1327418840796441_7839394434323054592_n
100060865_1327418957463096_7803539252767096832_n
100046103_1327419097463082_3278816155896119296_n
စစ်ကိုင်းတိုင်းအတွင်း ရွှေနဲ့ သတ္တုတူးဖော် ထုတ်ယူတာတွေကြောင့် မြေဆီမြေလွှာတွေ ပျက်စီးပြီး သစ်ပင်ပြန်မပေါက်နိုင်တော့တဲ့ ဗန်းမောက်၊ ကောလင်း၊ ဟုမ္မလင်း၊ ခန္တီး စတဲ့ မြို့နယ်တွေမှာ သစ်စေ့မြေလုံး (Seed Ball) ကြဲပက်တာတွေကို လူအင်အားသုံးပြီး လုပ်ဆောင်နေ ကြပါတယ်။  မေလ ၂၃ ရက်နေ့က ဟုမ္မလင်း၊ မေလ ၂၄ ရက်နေ့မှာ ကောလင်း၊ မေလ ၂၅ ရက်နေ့မှာ ဗန်းမောက် စသဖြင့် အခမ်းအနားတွေနဲ့ သစ်တောဦးစီးဌာနက ဦးဆောင်ကာ ပြုလုပ်နေကြတာပါ။  သစ်တောသစ်ပင်တွေပြန်လည်ဖြစ်ထွန်းလာစေရန်၊ မြေဆီလွှာတိုက်စားခြင်း၊ မြေပြိုခြင်းတွေ ကနေ ကာကွယ်ရန်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သစ်တောပြန်လည်တည်ထောင်ရေးကို အထောက်အကူပြုရန်၊ ရေဝေရေလဲထိန်းသိမ်းရေးကို အထောက်အကူပြုရန် စတဲ့ ရည်ရွယ်ချက်တွေ နဲ့ ပထမဆုံးအကြိမ်အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်တာလည်း ဖြစ်ပါတယ်။ အရင်ကနဲ့စာရင် အခုနောက်ပိုင်း သတ္တုတူးဖော်တဲ့ ကိစ္စတွေမှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကိစ္စတွေကို အကောင်အထည်ဖော်မှု ရှိလာတယ်လို့ ဒေသခံ ဟုမ္မလင်းမြို့နယ် တိုင်းဒေသကြီး ကိုယ်စားလှယ် ဦးကျော်ဌေးလွင်က ပြောပါတယ်။ "အခုနောက်ပိုင်းတော့ သတ္တုတူးတဲ့ကုမ္ပဏီတွေက စာချုပ်ပါ စည်းကမ်းချက်တွေနဲ့အညီ ပျိုးပင်ထောင်တာ ဘာညာတော့ ရှိလာတယ်။ ဌာနဆိုင်ရာကလည်း စစ်ဆေးမှုတွေရှိတယ်။ ဒါပေမယ့် ယေဘုယျခြုံပြောရရင်တော့ အားနည်းသေးတယ်။" ကောလင်းမြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ် ဦးတင်စိုးကတော့ "ကျနော်တို့မြို့နယ်မှာ‌ ကုမ္ပဏီကလည်း တစ်ခုပဲ ရှိတယ်။ အဲဒီကုမ္ပဏီကလည်း အကောင်အထည်ဖော်တာတော့ တွေ့ရတယ်။ ကျန်တာက စမ်းသပ်လုပ်ကွက်အနေအထားတွေပဲ ရှိသေးတာကိုး။ အရင်က တူးဖော်ခဲ့တာတွေကြောင့် ပျက်စီးတဲ့အတွက်က အခုဆို ဘာအပင်မှ မပေါက်တော့ဘူး။ ကိုင်းပင်လောက်ပဲ ပေါက်တော့တယ်။ ဒီလိုလုပ်တာ ကောင်းပါတယ်။"လို့ ပြောပါတယ်။ အလားတူဗန်းမောက်မြို့နယ် တိုင်းဒေသကြီး ကိုယ်စားလှယ် ဦးညီညီဟန်ကလည်း "တရားဝင်လုပ်တာတွေကိုတော့ ဒါတွေဒါတွေ လုပ်ဖို့လိုတယ်ဆိုပြီးကြပ်မတ်နိုင်တယ်။ လုပ်လဲလုပ်လာကြပါတယ်။ တရားမဝင် ရွေ့လျားခိုးတူးနေတာတွေကိုကျတော့ လိုက်ပြီးစောင့်ကြည့် တားမြစ်နိုင်ဖို့ ခက်တယ်။ တစ်လုံးထိုးအင်ဂျင်လေးတွေနဲ့ ဟိုနားစမ်းတူး၊ ဒီနားစမ်းတူးလုပ်နေ တာတွေကိုကျတော့ နေရာက ကျယ်ပြန့်တော့ ခက်တာပေါ့။"လို့ ပြောပါတယ်။ သစ်စေ့လုံး ကြဲချမယ့်နေရာအနေနဲ့ ကောလင်းမြို့နယ်မှာ ၅ နေရာ ၄၈၅ ဧက၊ ဗန်းမောက်မြို့နယ်မှာ ၃ နေရာ ၇၀၀၊ ဟုမ္မလင်းမြို့နယ်မှာ ၉ နေရာ ၄၈၀ ဧက၊ ခန္တီးမြို့နယ်မှာ ၆ နေရာ ၁၈၀ ဧက စုစုပေါင်း ၁၈၄၅ ဧကမှာ မြို့နယ်သစ်တောဦးစီးဌာနတွေက တာဝန်ယူကာ လူအားနဲ့ ကြဲပက်သွားမှာဖြစ်ပါတယ်။ မယ်ဇလီ၊ ဘောစကိုင်း၊ သင်းဝင်၊ ရှား၊ မြန်မာကုက္ကို၊ ကုလားကုက္ကို မျိုးစေ့ပေါင်း ၃ သန်း၊ သစ်စေ့လုံးပေါင်း ၆ သိန်းဖြစ်ပါတယ်။  ကြဲချထားတဲ့ သစ်စေ့မြေလုံးတွေကနေ အပင်ပေါက်ရောက်မှုအခြေအနေတွေကိုလည်း ဇူလိုင်လအတွင်းမှာ စစ်တမ်းကောက်ယူသွားမှာဖြစ်ပြီး ပေါက်တဲ့အပင်တွေရဲ့ ရှင်သန်စစ်တမ်းကို လည်း ဒီဇင်ဘာလမှာ ထပ်မံ ကောက်ယူသွားမယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024