၂ ရက်ဆက်တိုက် COVID-19 အတည်ပြုလူနာသစ် မတွေ့ရှိ၊ ရောဂါပိုးကင်းစင်သူ ၇၆ ဦးရှိ
DVB
·
May 13, 2020
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂ ရက်ဆက်တိုက် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် မတွေ့ရှိဘူးလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ မေလ ၁၃ ရက်မနက်နဲ့ မနေ့ညက ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
မေ ၁၂ ရက်နေ့က အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနက စစ်ဆေးတဲ့ ဓာတ်ခွဲနမူနာ ပထမအသုတ် ၉၄ ခုနဲ့ ဒုတိယအသုတ် ၇၉ ခု စုစုပေါင်း ၁၇၃ ခုမှာ လူနာသစ်မတွေ့ရှိရသလို ဆေးသုတေသနဦးစီးဌာနက စစ်ဆေးတဲ့ ဓာတ်ခွဲနမူနာ ၁၀၃ ခု မှာလည်း ဓာတ်ခွဲအတည်ပြုလူနာသစ် မတွေ့ရှိတာပါ။
အတည်ပြုလူနာဟောင်းတွေရဲ့ ဓာတ်ခွဲနမူနာတွေကို စစ်ဆေးရာမှာ လူနာအမှတ် Case ၈၂ နဲ့ Case ၁၀၈ တို့မှာ ၂ ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိတာကြောင့် ရောဂါပိုးကင်းစင်သူ စုစုပေါင်း ၇၆ ဦးအထိ ရှိလာပြီး ၆၄ ဦး ဆေးရုံကနေ ဆင်းခွင့်ရထားပါတယ်။
မေ ၁၃ ရက် မနက်ပိုင်းအထိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၁၈၀ ဦး၊ သေဆုံးသူ ၆ ဦးရှိတယ်လို့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။
မေလ ၁၀ ရက်ညက လူနာအမှတ် ၁၈၀ ကိုနောက်ဆုံးတွေ့ရှိခဲ့ပြီး ဒီနေ့မနက်အထိ လူနာသစ်ထပ်မတွေ့ရသေးတာဖြစ်ပါတယ်။