မွန်ပြည်နယ် ၁၀ မြို့နယ်စလုံးတွင် ရေရှားပါးမှုအခက်အခဲ ကြုံတွေ့နေရ
DVB
·
May 8, 2020

မွန်ပြည်နယ် ၁၀ မြို့နယ် စလုံးမှာ ရေရှားပါးမှုမှာ အခက်အခဲနဲ့ ရင်ဆိုင်နေရပြီး ပေါင်မြို့နယ်နဲ့ ချောင်းဆုံမြို့နယ်ဟာ အဆိုးဝါးဆုံး ခံစားနေရပါတယ်။
မွန်ပြည်နယ်ဟာ မတ်လ ဒုတိယအပတ်က စတင်ပြီး ရေရှားပါးမှု အခက်အခဲကို စတင်ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်တွေထက်စာရင် အဆိုးဝါးဆုံး နှစ်တစ်ခု ဖြစ်လာတယ်လို့ မော်လမြိုင်လူမှုကယ်ဆယ်ရေးအဖွဲ့ အတွင်းရေးမှူး ကိုဇင်မိုးက ပြောပါတယ်။
လက်ရှိမှာတော့ ရေရှားပါးတဲ့ ကျေးရွာတွေကို မီးသတ်တပ်ဖွဲ့ဝင်တွေအပါအဝင် လူမှုကယ်ဆယ်ရေးအဖွဲ့တွေက သွားရောက် လှူဒါန်းတာတွေ လုပ်ဆောင်နေပါတယ်။
ဒါပေမယ့် အခုလို သွားရောက် လှူဒါန်းဖို့အတွက် ရေယူရာမှာ ရေအရင်းအမြစ်တွေ ခန်းခြောက်လာလို့ အခက်အခဲ ရှိနေကြပါတယ်။
မွန်ပြည်နယ် တဝန်းမှာ ရေရှားပါးလာမှု အခက်အခဲကို ဖြေရှင်းဖို့အတွက် အတ္တရံမြစ်ကနေ ရေစုယူပြီး ဖြန့်ဝေပေးဖို့ လုပ်ဆောင်နေတယ်လို့ မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ တွဲဘက်ညွန်ကြားရေးမှူး ဦးတင်ကိုကို ကပြောပါတယ်။
ဒါအပြင် ရေရှားပါးတဲ့ ကျေးရွာတွေကို စည်ပင်သာယာရေးအဖွဲ့ကလည်း သွားရောက် လှူဒါန်းတာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။
ဇော်လွင်ထွဋ်