Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းတွင် မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားမလုပ်ဘဲ သွေးလှူ၊ ဆေးဖျန်း၊ အမှိုက်ရှင်းမည်
Aung Ko Latt
·
May 2, 2020
ကိုဗစ်ကပ်ရောဂါကြောင့် စစ်ကိုင်းတိုင်းအဆင့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနား မလုပ်တော့ဘဲ သွေးလှုတာ၊ ဆေးဖျန်းတာ၊ အမှိုက်ရှင်းတာတွေပဲ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ မေ ၅ ရက်နေ့မှာ ကျရောက်မယ့် ၇၄ နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ ပြည်သူ့ဆေးရုံကြီးမှာ သွေးလှူတာ၊ အများပြည်သူနဲ့ ဆိုင်တဲ့ နေရာတွေမှာ သန့်ရှင်းရေးလုပ်တာ၊ ရေရှားတဲ့နေရာတွေကို ရေလှုဒါန်းတာ၊ ပိုးသတ်ဆေးဖျန်းတာတွေကို သက်ဆိုင်ရာ မြို့နယ်အလိုက် ဆောင်ရွက်ကြဖို့ တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနက ညွှန်ကြားထားပါတယ်။  အဲဒီညွှန်ကြားချက်တွေကြောင့် ရွှေဘိုခရိုင်အပါအဝင် တခြားခရိုင်နှင့် မြို့နယ်တွေမှာ သွေးလှူတာ၊ သန့်ရှင်းရေးလုပ်တာတွေကိုလည်း ပြုလုပ်နေကြပါတယ်။  ဒီနှစ်မှာတော့ ကိုဗစ်ကပ်ရောဂါကြောင့် အရင်နှစ်တွေလို မီးသတ်တပ်ဖွဲ့နေ့ကို အခမ်းအနားနဲ့ မကျင်းပတော့ဘူးလို့ တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမင်းစမ်းအေးက ပြောပါတယ်။ “အခမ်းအနား ကြီးကြီးကျယ်ကျယ် မလုပ်တော့ဘူး။ ဆရာတော် သံဃာတော်တွေကို အလှူအတန်းတွေပဲ လုပ်သွားမှာပါ။ သန့်ရှင်းရေးလုပ်တာ၊ သွေးလှုတာ၊ ရေလှုတာ၊ ဆေးဖျန်းတာတွေ လုပ်ဖို့တော့ရှိတယ်။ ဒါကလည်း ပြည်သူ့အကျိုးပြု လုပ်ငန်းတွေပဲ။ အရင်နှစ်လို တိုင်းအဆင့် အခမ်းအနားနဲ့တော့ မလုပ်တော့ဘူး။ အလှူအတန်းကိုလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ညွှန်ကြားချက်နဲ့အညီပဲ လုပ်သွားမယ်။”  အရင်နှစ်တွေကတော့ မီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကို တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးမှာ သရုပ်ပြတာ၊ ဆုချီးမြှင့်တာ စတာတွေကို ခမ်းခမ်းနားနား ကျင်းပနေကျ ဖြစ်ပါတယ်။  မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ မေလ ၁ ရက်နေ့က ရွှေဘိုခရိုင်မီးသတ်ဦးစီးမှုး ဦးအေးမြင့် ဦးဆောင်ကာ မိတ်ဖက်အဖွဲ့အစည်းတွေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့ဆေးရုံကြီးမှာ စုပေါင်းသွေးလှူတာ၊ သန့်ရှင်းရေးလုပ်တာတွေကိုလည်း ပြုလုပ်ခဲ့ကြသလို မုံရွာမြို့မှာလည်း ခရိုင်မီးသတ်ဦးစီးမှူး ဦးညီညီဇော် ဦးဆောင်ကာ နေ့စဉ် ကိုဗစ်ကာကွယ်ရေး ပိုးသတ်ဆေးဖျန်းတာတွေကို လုပ်ဆောင်နေကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024