အင်းတော်မြို့နယ်တွင် Quarantine စခန်းတခု၌ ဓားဖြင့်ခြိမ်းခြောက်ခဲ့သူကို အမှုဖွင့်အရေးယူ

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ အောင်းကုန်းကျေးရွာ အ.ထ.က ခွဲ Facility Quarantine စောင့်ကြည့်စခန်းမှာ ဓားနဲ့ ခြိမ်းခြောက်တဲ့ အမျိုးသားတစ်ဦးကို ဧပြီ ၁၃ ရက်က သဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေနဲ့ ပထမဆုံး အမှုဖွင့်အရေးယူခဲ့တယ်လို့ အင်းတော်မြို့မရဲစခန်းက သိရပါတယ်။ COVID-19 ရောဂါပြန့်ပွားမှုမရှိစေရေးအတွက် စောင့်ကြည့်သူတွေထားတဲ့ အောင်းကုန်းကျေးရွာ အထက်တန်းကျောင်းခွဲမှာ quarantine ဝင်နေတဲ့ ကိုသန်းကိုဆိုသူကို ထမင်းလာရောက်ပို့တဲ့ တရွာတည်းနေ ကိုသောင်းလွင်ဟာ နှာခေါင်းစည်းမတပ်ထားတဲ့အတွက် ဆယ်အိမ်မှူးက ပြောဆိုရာမှာ  ဓားထုတ်ပြီး ခြိမ်းခြောက်ခဲ့တာပါ။ အောင်းကုန်းကျေးရွာ ဆယ်အိမ်မှူး ဦးသိန်းဝင်းနဲ့ ကျေးရွာတာဝန်ရှိသူတွေက နှာခေါင်းစည်း Mask အခမဲ့ပေးအပ်ခဲ့ပြီး ဦးသိန်းဝင်းက တပ်ဆင်ဖို့ ပြောရာမှာ သောင်းလွင်က “ခင်ဗျား ဘာဖြစ်ချင်တာလဲ၊ ဘာလုပ်ချင်တာလဲ”လို့ ပြောဆိုပြီး လွယ်အိတ်ထဲက အရိုးအသွား ၁၁ လက်မ ခန့်ရှိ သစ်သား လက်ကိုင်ရိုးတပ် ဓားထုတ်ပြီး ထိုးဖို့ ရည်ရွယ်လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။  တာဝန်ရှိသူတွေ စစ်ဆေးဆောင်ရွက်တာကို ဒေသန္တရအမိန့် မလိုက်နာခဲ့တဲ့အတွက် အရေးယူပေးဖို့ အင်းတော်မြို့မရဲစခန်း တိုင်ကြားခဲ့တာကြောင့် သောင်းလွင်ကို  သဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၆ နဲ့ ကသာခရိုင်မှာ ပထမဆုံး အမှုဖွင့် အရေးယူဆောင်ရွက်နေတယ်လို့ ရဲမှတ်တမ်းအရ သိရပါတယ်။ သတင်း- ကိုကိုလင်း (အင်းတော်)

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up