Home
မြန်မာသတင်း
ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ရေးအတွက်  လက်ဆွဲမနှုတ်ဆက်ကြရန် အတိုင်ပင်ခံပုဂ္ဂိုလ် တိုက်တွန်း
DVB
·
March 11, 2020
ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါကို ပြည်သူလူထုအနေနဲ့လည်း ဂရုတစိုက်ရှိကြဖို့နဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေကို အတိအကျလိုက်နာဖို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။ မတ်လ ၁၀ ရက်နေ့ မွန်းလွဲပိုင်းက ပြင်ဦးလွင်မြို့ အားကစားကွင်းမှာ ပြုလုပ်တဲ့ ပြည်သူလူထုနဲ့ တွေ့ဆုံပွဲ ‌ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။ "COVID-19 ရောဂါဟာ ကျမတို့နိုင်ငံမှာ မဝင်ရောက်သေးဘူးဆိုပေမယ့် ဝင်မယ်မဝင်မယ် ဆိုတာ သေချာတဲ့ အခြေအနေလည်း မရောက်သေးပါဘူး။ နောက် တစ်ကမ္ဘာလုံးမှာလည်း ပျံ့နှံ့နေပါ တယ်။ နောက်ပြီး စတင်ပြီးတော့ ပျံ့ပွား‌တဲ့နေရာကလည်း ကျမတို့ရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်နေပြီးတော့ ကျမတို့ရဲ့နယ်စပ်ကလည်း အင်မတန်မှရှည်လျားတာကြောင့်မို့လို့ အန္တရာယ်အများကြီးရှိပါတယ်။ ဒီရောဂါဝင်လာပြီဆိုလို့ရှိရင် ကျမတို့အတွက်ကုသဖို့၊ ဒီထိမ်းချုပ်သွား ဖို့ဆိုလို့ရှိရင် အင်မတန်မှ ပင်ပင်ပန်းပန်းနဲ့ လုပ်ရမယ့်ကိစ္စဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကြိုတင်ကာကွယ်ဖို့အတွက် ကျမတို့ရဲ့ ကျန်းမ‌ာရေးဝန်ကြီးဌာနကလည်း ညွှန်ကြားချက်တွေ ထုတ်ထားတာဖြစ်ပါတယ်။ ဒီညွှန်ကြားချက် တွေကို ပြည်သူတွေ အားလုံးလိုက်နာဖို့က အင်မတန်မှ အရေးကြီးပါတယ်။”  ရောဂါကူးစက်ပြန့်ပွားနိုင်မှုကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အရ ပြည်သူလူထုကို လက်ဆွဲနှုတ်ဆက်ဖို့ မပြုလုပ်နိုင်သေးဘူးလို့လည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ “အဓိကအားဖြင့်တော့ လက်ပေါ့နော်၊ လက်နဲ့ လက်ဆွဲနှုတ်ဆက်တာထက် လက်ကနေ ပြီးတော့ ပြန့်ပွားတာဟာ အမြန်ဆုံးအလွယ်ဆုံးဖြစ်တာကြောင့်မို့လို့ ကျမကိုလည်း ဘယ်သူ့ကိုမှ လက်ဆွဲမနှုတ်ပါနဲ့လို့ ညွှန်ကြားချက်ပေးထားတော့ ကျမလည်း ကျန်းမာရေးဝန်ကြီးရဲ့ ညွှန်ကြားချက် ကို နားထောင်ရပါတယ်။ ဒါမှလည်း ပြည်သူလူထုလည်း နားထောင်ပါလို့ ကျမမှာပြောနိုင်တဲ့အား ရှိလို့ပါ။ ဒါကြောင့်မို့လို့ ကျမက ပြည်သူကို လက်ဆွဲမနှုတ်ဆက်ချင်လို့ မဟုတ်ပါဘူး။ ပြည်သူတွေ အချင်းချင်းလက်မတွဲစေချင်လို့လည်း မဟုတ်ပါဘူး။ ဒါပေမယ့် ဒီအချိန်မှာတော့ ရှောင်သင့်တာ လေးတွေကို ရှောင်ပါလို့ ကျမအနေနဲ့ တိုက်တွန်းချင်ပါတယ်"လို့ ပြောပါတယ်။ အဲ့ဒီတွေ့ဆုံပွဲမှာ ပြင်ဦးလွင်ခရိုင်အတွင်းက ပြည်သူအင်အား  ၁၀၀၀၀ လောက် တက်ရောက် ခဲ့ကြပြီး တွေ့ဆုံပွဲ တက်ရောက်သူတိုင်းကိုလည်း ကျန်းမာရေးစစ်ဆေးတာ၊ အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေတာနဲ့ ပိုးသတ်ဆေးပါတဲ့ လက်ဆေးဆပ်ပြာရည်နဲ့ လက်ဆေးဖို့ကိုလည်း ဆောင်ရွက်ပေးခဲ့ပါတယ်။ တွေ့ဆုံပွဲမှာ တိုင်ကြားစာပေါင်း ၁၂၁ စောင် ရရှိခဲ့ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံရုံးသို့ ဆက်လက်ပေးပို့သွားမယ်လို့ တိုင်ကြားစာလက်ခံဌာနကနေ သိရပါတယ်။ ဒါ့အပြင် မေးခွန်းမေးမြန်းလိုသူ ၄၄ ဦးရှိခဲ့ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် မဲနှိုက်ရွေးချယ်ကာ ၆ ဦးရဲ့ မေးမြန်းမှုတွေကို သက်ဆိုင်ရာဝန်ကြီးတွေနဲ့အတူ ဖြေကြားပေးခဲ့ပါတယ်။ မေးခွန်း အများစုကတော့ မြေယာပြဿနာတွေနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုနဲ့ပတ်သက်တဲ့မေးခွန်းတွေ ဖြစ်ပါတယ်။ မတ်လ ၁၀ ရက် မနက်ပိုင်းကလည်း လားရှိုးမြို့မှာ လူထုတွေ့ဆုံပွဲပြုလုပ်ခဲ့တဲ့အပြင် မတ်လ ၁၁ ရက်နေ့မှာလည်း ဒီပဲယင်းမြို့မှာ လူထုတွေ့ဆုံပွဲ ဆက်လက် ကျင်းပဖို့ရှိပါတယ်။ သတင်း- ထိန်ထိန်လင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024