Homeမြန်မာသတင်း
အမေရိကန်-မြန်မာ ကုန်သည်ကြီးများ စီးပွားရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ ရေးထိုး
အမေရိကန်-မြန်မာ ကုန်သည်ကြီးများ စီးပွားရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ ရေးထိုး
DVB
·
February 25, 2013
အမေရိကန်-မြန်မာနိုင်ငံ နှစ်နိုင်ငံ ကုန်သည်ကြီးများ စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်ဖို့ နားလည်မှုစာချွန်လွှာ တရပ်ကို ဒီနေ့ လက်မှတ်ရေးထိုးခဲ့ပါတယ်။
ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (ယူအမ်အက်ဖ်စီစီအိုင်) မှာ လက်မှတ် ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။
သယံဇာတပေါများတဲ့ မြန်မာနိုင်ငံမှာ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းတွေကို လေ့လာဖော်ထုတ်ဖို့ အလေးထားပါတယ်လို့ အမေရိကန်စီးပွားရေးလုပ်ငန်းရှင်အဖွဲ့က ပြောကြားပါတယ်။
ဒီအဖွဲ့ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက အမေရိကန်သမ္မတ ဘားရက်အိုဘားမားရဲ့ သမိုင်းဝင် မြန်မာပြည် ခရီးစဉ်အပြီး မြန်မာနိုင်ငံကို လာရောက်တဲ့ ပထမဆုံး အမေရိကန် စီးပွားရေး ကိုယ်စားလှယ် အဖွဲ့ဖြစ်ပါတယ်။
အမေရိကန်အဖွဲ့မှာပါတဲ့ မစ္စတာ ဟန်းနီဘီးဘာက “မြန်မာနိုင်ငံမှာ အစိုးရပိုင်း၊ ဘဏ္ဍာရေးပိုင်းနဲ့ တခြားကိစ္စတွေနဲ့ စပ်လျဉ်းပြီး တိုးတက်မှု ခြေလှမ်းကြီးတွေ လုပ်ဆောင်လာပြီဆိုတော့ ဒီကို နိုင်ငံတွေအများကြီး ရောက်လာကြပြီလေ။ ဒါ့ကြောင့် နောက် ၅ နှစ်၊ ၁၀ နှစ်ဆို ဖွံ့ဖြိုးတိုးတက်မှုက ပွင့်တောင်ထွက်သွားမှာကို မြင်နေရတယ်လို့” ပြောပါတယ်။
အမေရိကန် စီးပွားရေးကိုယ်စားလှယ်အဖွဲ့မှာ စိုက်ပျိုးရေးလုပ်ငန်းနဲ့ မော်တော်ယာဉ်လုပ်ငန်း၊ လျှပ်စစ်ပစ္စည်းတွေ၊ စွမ်းအင်ပိုင်း၊ ကုန်စည်လက်လီဖြန့်ချိမှုအပိုင်း၊ တယ်လီဆက်သွယ်ရေးနဲ့ တခြားလုပ်ငန်း ကုမ္ပဏီတွေက ကိုယ်စားလှယ်တွေ ပါဝင်တယ်လို့ စီးပွားရေး လုပ်ငန်းရှင်အဖွဲ့က ဆိုပါတယ်။
MetLife, Cargill, Fedex, Chevron, General Motors, General Electric, Target, Honeywell နဲ့ eBay စတဲ့ အကြမ်းဖျင်း ကုမ္ပဏီ ၂ ဒါဇင်လောက်ဟာလည်း မြန်မာပြည်ခရီးစဉ်အတွက် ပြင်ဆင်နေကြပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေကို တုံ့ပြန်တဲ့အနေနဲ့ မြန်မာနိုင်ငံကို ပိတ်ဆို့ဒဏ်ခတ်ထားမှုတွေ ဖြေလျော့ပေးခဲ့ပြီး သွင်းကုန်အများစု ကန့်သတ်ပိတ်ပင်ထားချက်ကို ဖယ်ရှားခဲ့ပါတယ်။
မြန်မာစီးပွားရေးလုပ်ငန်းရှင်တွေကတော့ အမေရိကန်ရဲ့ ထောက်ပံ့ကူညီမှုကို ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။
“ကျနော်တို့နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ခေတ်သစ်မှာ အမေရိကန် ကုန်သည်ကြီးများအသင်းက အလွန်ကိုအရေးပါပြီး အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ လုပ်ဆောင်သွားနိုင်တယ်လို့ ကျနော် ထင်ပါတယ်။ အမေရိကန်ရဲ့ သိပ္ပံနဲ့နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုတွေနဲ့ ဘဏ္ဍာရေးပိုင်း အရင်းအမြစ်တွေဟာ ကျနော်တို့နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ကောင်းကောင်းကြီး ကူညီပေးနိုင်ပါလိမ့်မယ်" လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးဥာဏ်ထွန်းဦးက ပြောပါတယ်။
ယူအမ်အက်ဖ်စီစီအိုင် ဥက္ကဋ္ဌ ဦးဝင်းအောင်ကတော့ တိုင်းပြည်ရဲ့ စီးပွားရေးအကျိုးရှိစေဖို့ နောက်ထပ်ပိတ်ဆို့ထားမှုတွေကို ရုပ်သိမ်းပေးဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။
"မြန်မာပြည်သူ အများစုရဲ့ကောင်းကျိုးအတွက် ပိတ်ဆို့ထားတာတွေအားလုံးကို ရုပ်သိမ်းပေးပြီး ကျနော်တို့ကို ကူညီပေးဖို့ အမေရိကန်အစိုးရကို ကျနော်တို့ ပန်ကြားပါတယ်။ ဒါနဲ့အတူ တခြားဖွံ့ဖြိုးဆဲနိုင်ငံတွေကို ထောက်ပံ့ကူညီပေးသလိုပဲ ကျနော်တို့နိုင်ငံကိုလဲ ဦးစားပေးအဆင့်အနေနဲ့ ပံ့ပိုးကူညီပေးဖို့ မေတ္တာရပ်ခံပါတယ်။"
အမေရိကန်ပြည်ထောင်စုရဲ့စီးပွားရေးစနစ်နဲ့ ချိတ်ဆက်မိစေဖို့ မြန်မာနိုင်ငံက ဘဏ်ကြီး ၄ ခုဖြစ်တဲ့ မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနဲ့ စီးပွားရေးဘဏ်၊ အာရှစိမ်းလန်းရေးဖွံ့ဖြိုးမှုဘဏ်နဲ့ ဧရာဝတီဘဏ်တို့အပေါ် ပိတ်ပင်ကန့်သတ်ထားချက်ကိုလည်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ရုပ်သိမ်းပေးခဲ့ပါတယ်။
ဒါကြောင့် ဒီဘဏ်တွေဟာ အမေရိကန် စီးပွားရေးကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေနဲ့ ငွေကြေးဆိုင်ရာကိစ္စတွေ လုပ်ကိုင်ဆောင်ရွက်ခွင့် ရရှိမှာဖြစ်ပါတယ်။
ဒါပေမယ့် မြန်မာအစိုးရ ပြုပြင်ပြောင်းလဲမှုတွေကနေ နောက်ကြောင်းပြန်မှာကို စိုးရိမ်တဲ့ အမေရိကန်အစိုးရက ပိတ်ဆို့အရေးယူမှုဥပဒေတွေကို အင်အားတခုအနေနဲ့ ချန်ထားဆဲ ဖြစ်ပါတယ်။