ပင်လယ်ပြင်တွင် မျောပါလာသည့် ကျားဖောင်ရေလုပ်သား ၃ ဦးကို ကယ်တင်
စိုးမိုးအောင်
·
January 17, 2020
ပင်လယ်ပြင်မှာမျောလာတဲ့ ဧရာဝတီတိုင်းက ကျားဖောင်ရေလုပ်သား ၃ ဦးကို ငါးဖမ်းသင်္ဘောတွေကတဆင့် ကယ်ဆယ်နိုင်ခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ ဒုရဲမှူးကြီး ခင်မောင်ကြွယ်က ပြောပါတယ်။
ပင်လယ်ထဲမျောလာတဲ့ ပင်လယ်ရေလုပ်သား ၃ ဦးကို ငါးဖမ်းသင်္ဘောတွေက ကယ်ဆယ်ခဲ့ပြီး ပင်လယ်ရေကြောင်းရဲကို လာအပ်တာကြောင့် ငါးလုပ်ငန်းဦးစီးဌာနကို ပြန်လည် လွှဲအပ်ပေးခဲ့တယ်လို့လည်း ဒုတိယရဲမှူးကြီး ခင်မောင်ကြွယ်က ပြောပါတယ်။
အဆိုပါလုပ်သား ၃ ဦးဟာ ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် ကြုံတမာကျေးရွာမှာနေထိုင်တဲ့ ကိုကျော်ဝင်းနိုင်၊ ကိုမင်းမင်းနဲ့ အမာမြို့နယ် ချောင်းစုပိုင်းက ဦးခင်ဇော်တို့ဖြစ်ပါတယ်။
ပင်လုပ်သား၃ဦးဟာ ဖျာပုံကျားဖောင်တွေမှာလုပ်ကိုင်နေသူတွေဖြစ်ပြီး ပင်လယ်မှာ မျောပါနေတာကြောင့် ပင်လယ်ငါးဖမ်းသင်္ဘောကကယ်ဆယ်ခဲ့ကာ ဆိပ်ကမ်းမြို့မရဲစခန်းကို ဇန်နဝါရီ ၁၆ရက်က လာရောက်ပို့ဆောင်ခဲ့တာပါ။
ဆိပ်ကမ်းရဲတပ်ဖွဲ့အနေနဲ့ ဇန်နဝါရီ ၁၆ ရက်နေ့မှာပဲ ငါးလုပ်ငန်းဦးစီးဌာနကို ပြန်လည်လွှဲပြောင်းပေးခဲ့သလို ငါးလုပ်ငန်းဦးစီးဌာနကနေ လူကယ်ပြန်ဌာနကို တဆင့်ပြန်လည်လွှဲပေးခဲ့တယ်လို့ သက်ဆိုင်ရာဌာနတွေက အတည်ပြုပြောပါတယ်။
အဆိုပါရေလုပ်သား ၃ ဦးဟာ လူကုန်ကူးခံရတာဟုတ်မဟုတ်နဲ့ အကြောင်း တခုခုကြောင့် ထွက်ပြေးလာတာ ဟုတ်မဟုတ်ကိုတော့ လတ်တလော မသိရသေးပါဘူး။