Home
မြန်မာသတင်း
စစ်ကိုင်းတိုင်း သစ်ခိုးထုတ်မှုများသည့်ဒေသမှ အလုပ်လက်မဲ့များကို အလုပ်အကိုင် ဖန်တီးပေးမည်
Aung Ko Latt
·
December 15, 2019
စစ်ကိုင်းတိုင်းအတွင်း သစ်ခိုးထုတ်မှုများတဲ့ ဒေသက အလုပ်လက်မဲ့တွေကို ဦးစားပေး အစီအစဉ်နဲ့ အလုပ်အကိုင် ဖန်တီးပေးသွားမယ်လို့ လ.ဝ.က ဝန်ကြီးက ပြောပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာနကနေ တိုင်းအတွင်း အလုပ်လက်မဲ့ဦးရေ လျော့ပါးစေရေးကို ဦးတည်ကာ ပညာအရည်အချင်းအလိုက် အလုပ်အကိုင် အခွင့်အလမ်း လျှောက်လွှာတွေကို အခမဲ့ လက်ခံဆောင်ရွက်နေတာပါ။  ဒေသတွင်း အလုပ်လက်မဲ့ များပြားနေတဲ့အတွက် အလုပ်အကိုင် ခေါ်ဆောင်နေတဲ့ အနေအထားကို ဒီဇင်ဘာလ ၁၄ ရက်နေ့က ‌ကြာပင်ကျေးရွာမှာ ကျင်းပတဲ့ မဏ္ဍိုင် ၃ ရပ်နှင့် မင်းကင်းမြို့နယ် ဒေသခံတွေ တွေ့ဆုံပွဲမှာ ဒေသခံတဦးက မေးမြန်းခဲ့တာပါ။  လ.ဝ.က ဝန်ကြီး ဦးမိုးကျော်သူက “ဒီလိုလုပ်ရတဲ့ ရည်ရွယ်ချက်က သူများနိုင်ငံမှာ စည်းမျဉ်းစည်းကမ်းနဲ့ နေတတ်တဲ့ အလေ့အကျင့်တွေ ရမယ်။ ဒုတိယတချက်က လစာနှုန်းထား မြင့်မားတဲ့အတွက် ပြန်လာရင် အရင်းအနှီးတွေ ရမယ်။ တတိယအချက်ကတော့ နိုင်ငံရေးအရလည်း ဖြစ်တယ်။ သစ်တောသယံဇာတကိုလည်း ကာကွယ်ပြီးသား ဖြစ်တယ်။ သစ်မှောင်ခိုများတဲ့‌နယ်တွေကို ဦးစားပေး စဉ်းစားထားပါတယ်။ သစ်တောထဲဝင် သစ်ခိုးနေတာက တလ တလ ရတဲ့ဝင်ငွေက အင်မတန်နည်းပါတယ်။ လတိုင်းလည်း မရနိုင်ဘူး။ ဒါကိုလုပ်နိုင်ရင် ဒီကသစ်တောလည်း ကာကွယ်ပြီးသား ဖြစ်မယ်။ ထောင်နှုတ်ခမ်းလည်း လမ်းလျှောက်စရာမလိုတော့ဘူး”လို့ ပြောပါတယ်။ စစ်ကိုင်းတိုင်းမှာ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးရေးကော်မတီကိုလည်း ဖွဲ့စည်းထားပြီး ပြည်တွင်းနှင့် ပြည်ပ ခွဲကာ အလုပ်အကိုင်တွေ ဖန်တီးပေးဖို့ စီစဉ်နေပါတယ်။  ဂျပန်နိုင်ငံကို အလုပ်သွားလုပ်မယ့်သူတွေအတွက်လည်း ဂျပန်ဘာသာစကား သင်တန်းတွေ မကြာခင် ပို့ချပေးတော့မယ်လို့ ဆိုပါတယ်။  လက်ရှိမှာတော့ အစိုးရအဖွဲ့ထံကို အလုပ်လျှောက်လွှာပေးပို့ထားသူ ၈၀၀ ကျော်ပြီ ဖြစ်ပြီး အများဆုံးကတော့ ကနီမြို့နယ်က ဖြစ်ပါတယ်။ လျှောက်လွှာတွေကို အလယ်တန်းဆင့်၊ အထက်တန်းဆင့်နှင့် ဘွဲ့ရဆိုပြီး ၃ မျိုးခွဲ လက်ခံနေတာပါ။  စစ်ကိုင်းတိုင်းအတွင်းက တိုင်းလွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း အလုပ်အကိုင် အခွင့်အလမ်းနဲ့ ပတ်သက်တဲ့ ဟောပြောပွဲတွေ၊ အလုပ်အကိုင် အခွင့်အလမ်းပြပွဲတွေကိုလည်း အခုလအတွင်း လုပ်ဆောင်ပေးနိုင်အောင် စီစဉ်နေတယ်လို့ ဆိုပါတယ်။  တိုင်းအတွင်း ကျွမ်းကျင်လုပ်သားတွေ မွေးထုတ်ပေးနိုင်ဖို့ စက်မှုလက်မှု အထက်တန်းကျောင်းတွေအပြင် တခြားသက်မွေးသင်တန်းကျောင်းတွေလည်း တိုးချဲ့ဖွင့်လှစ်ပေးနိုင်အောင် စီစဉ်နေပါတယ်။  အလုပ်လျှောက်လွှာတွေကိုတော့ အသက် ၂၁ နှစ်ကနေ ၃၅ နှစ်အတွင်း လျှောက်ထားနိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်း ၁၄ မျိုးထဲက ကြိုက်နှစ်သက်ရာကို ရွေးချယ်လျှောက်ထားကာ ကျွမ်းကျင်သင်တန်းတွေ တက်ရောက်ရမှာဖြစ်ပါတယ်။  ဂျပန်နိုင်ငံကို အလုပ်သမား စေလွှတ်ရေးနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ မတ်လက နှစ်နိုင်ငံ စာချုပ် ချုပ်ဆိုထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024