လွိုင်ကော်တန်ဆောင်တိုင်တွင် ပထမဆုံးအကြိမ် မီးပုံးပျံပွဲတော်ကျင်းပမည်
နော်နိုရင်း
·
November 1, 2019
ကယားပြည်နယ် လွိုင်ကော်တန်ဆောင်တိုင်မှာ ပထမဆုံးအကြိမ် မီးပုံးပျံပွဲတော်ကို နိုဝင်ဘာ ၉ ရက်ကနေ ၁၃ ရက်အထိ ကယားပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးပြီး စည်းကားသိုက်မြိုက်စွာ ကျင်းပဖို့ ရှိနေပါတယ်။
တန်ဆောင်တိုင်ပွဲတော်ကို လွိုင်ကော်မြို့ ဗုဒ္ဓဥယျာဉ်မှာ ၅ ရက်တိုင်တိုင် ကျင်းပမှာဖြစ်ပြီး မီးပုံးပျံပြိုင်ပွဲတွေ၊ မသိုးသင်္ကန်းကပ်လှူပူဇော်ပွဲတွေ၊ နိုင်ငံကျော်တေးသံရှင်တွေရဲ့ အခမဲ့ စတိတ်ရှိုး သီဆိုဖျော်ဖြေမှုတွေလည်းပါဝင်မှာ ဖြစ်ပါတယ်။
ခရီးသွားလုပ်ငန်းမြှင့်တင်ဖို့ ရည်ရွယ်ပြုလုပ်တာလို့ ပြည်နယ် ရသုံးမှန်းခြေ ငွေစာရင်း ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးရဲနိုင်အောင်က ပြောပါတယ်။
“အဓိကကတော့ ကယားပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်တာပေါ့နော်။ သူ့ရဲ့ ရည်ရွယ်ချက်ကတော့ ကျနော်တို့ရဲ့ ခရီးသွားလုပ်ငန်းမြှင့်တင်တာ။ နောက်တခုက ကျနော်တို့က ဒီအာဆီယံမှာ အသန့်ရှင်းဆုံး မြို့တော်ဆုရထားတယ်လေ။ အဲဒါပိုပြီးတော့ သိအောင်၊ ပိုပြီးတော့ ပုံရိပ်တွေကို မြှင့်တင်တဲ့သဘောနဲ့လုပ်တာ။ နောက်တခုက မနှစ်တုန်းက အပျော်တန်းအဆင့်ပဲ လုပ်တယ်။ ဒီနှစ်က မီးပုံးပျံလုပ်တဲ့လူတွေရဲ့ တောင်းဆိုချက်လည်းပါတယ်။ အဲဒါကြောင့် ဒီနှစ်မှာ ဖျော်ဖြေရေးအတွက် နာမည်အသင့်အတင့်ရှိတဲ့ အဆိုတော်တွေ ငှားပြီးတော့ ဖျော်ဖြေရေး အတွက်လည်း ဆောင်ရွက်ပေးမယ်။”
မီးပုံးပျံပြိုင်ပွဲမှာလက်ရှိအထိ မီးပုံးပျံ ၂၅ လုံးဝင်ပြိုင်ဖို့ရှိပြီး တညကို ၅ လုံးနှုန်းနဲ့ လွှတ်တင် ယှဉ်ပြိုင်မှာပါ။ ပထမ၊ ဒုတိယ၊ တတိယဆုတွေကို ပြည်နယ်အစိုးရက ဆုငွေတွေ ချီးမြှင့်သွားမှာဖြစ်ပါတယ်။
“ပထမဆုက ကျပ် ၁၀ သိန်း၊ ဒုတိယဆုက ၈ သိန်း၊ တတိယဆုက ၆ သိန်း၊ ကျန်တာကတော့ ပြိုင်တဲ့ဒိုင်ကို ကျနော်တို့က ၂ သိန်းစီ အစိုးရအဖွဲ့ကနေပြီးတော့ ဘတ်ဂျက် ထောက်ပံ့ပြီးတော့ ဆောင်ရွက်ပေးမှာ”လို့ ညွှန်ကြားရေးမှူး ဦးရဲနိုင်အောင်က ပြောပါတယ်။
ဒီပွဲပြုလုပ်ဖို့ ဆုကြေးတွေအပြင် ပွဲအတွက် အထွေထွေကုန်ကျစရိတ် ခန့်မှန်း ကုန်ကျစရိတ် ကျပ် သိန်း ၃၀၀ ပြည်နယ်အစိုးရဘက်ဂျက်ကနေ အသုံးပြုသွားမယ်လို့လည်း ဦးရဲနိုင်အောင်က ပြောပါတယ်။
ဖျော်ဖြေရေးအစီအစဉ်တွေအတွက် တေးသံရှင်တွေ ငှားရမ်းဖို့ မိုင်တယ်ကုမ္ပဏီနဲ့ ဆိုင်ခန်း ရောင်းတဲ့အဖွဲ့တွေကနေပြီးတော့ ကျပ်သိန်း ၁၉၀ ပတ်ဝန်းကျင် ကုန်ကျခံ ငှားရမ်းပေး ထားတယ်လို့ လည်း ပြောပါတယ်။
လွိုင်ကော်မြို့ မီးပုံပျံပွဲတော်ကို အရင်နှစ်တုန်းက အကျဉ်းသာကျင်းပခဲ့ပေမယ့် အခုနှစ် မှာတော့ ပြည်နယ်အစိုးရက ဦးစီးပြီး ပထမဆုံး မီးပုံးပျံပွဲတွေကို ကျင်းပတာဖြစ်ပါတယ်။
ပြည်တွင်း၊ ပြည်ပခရီးသွားတွေအနေနဲ့ ကယားပြည်နယ် တန်ဆောင်တိုင်ပွဲကို လာရောက် လည်ပတ်ပြီး ကယားပြည်နယ်ရှိ တိုင်းရင်းသားလူမျိုးတွေရဲ့ ယဉ်ကျေးမှုဓလေ့ထုံးစံများ၊ ရိုးရာအစား အသောက်တွေ ထူးခြားတဲ့ဝိသေသလက္ခဏာတွေကို လာရောက် လေ့လာလည်ပတ်ဖို့လည်း ပြည်နယ်အစိုးရက ဖိတ်ခေါ်ထားပါတယ်။