ရွှေပေါ်ကျွန်း နဂါးရုံဘုရားအတွင်း နိုင်ငံတော်အတိုင်ပင်ခံ၏ ပုံတူရုပ်တု ထားရှိ
DVB
·
October 31, 2019
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ရေငံအုပ်စု၊ ရွှေပေါ်ကျွန်းရွာအနီး နဂါးရုံကပ်ကျော် စေတီတော်ထဲမှာ အမြင့် ၁ ပေခွဲခန့်ရှိတဲ့ နိုင်ငံတော်အတိုင်ပင်ခံရဲ့ ပုံတူရုပ်တုငယ်တခု အင်္ဂတေနဲ့ ပြုလုပ်ထားတာ တွေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရေငံအုပ်စုအုပ်ချုပ်ရေးမှူး ဦးစိုးအောင်က "ဘိလပ်မြေအင်္ဂတေနဲ့ လုပ်ထားတာပါ။ နိုင်ငံတော်အတိုင်ပင်ခံ ရုပ်တုပါ။ အမြင့် ၁ ပေခွဲ၊ အနံ ၁ ပေခွဲ လောက်ပဲရှိမယ်။ ရွှေပေါ်ကျွန်းရွာထဲ ကပန်းရံဆရာနဲ့ လုပ်တာပါ။ နိုင်ငံတော်အတိုင်ပင်ခံရုပ်တုကို ရွှေပါ်ကျွန်းဆရာတော်ဘုရားရုပ်တု နောက်မှာ တွေ့ရတယ်။ အမျိုးသမီးကြီးတဦး လုပ်သွားတယ် သိရတယ်။ သူယုံကြည်အားကိုးရာကို သူလုပ်သွားတယ် ယူဆတယ်။ ယတြာတွေ ဓာတ်တွေတော့ မဟုတ်လောက်ပါဘူး"လို့ ပြောပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံရုပ်တုဟာ အနီရောင်ရင်ဖုံးအင်္ကျီ၊ အနီရောင်လုံချည် ဝတ်ဆင်ထားပြီး အဝါရောင်ပဝါသိုင်းလျက် ပြုလုပ်ထားပါတယ်။ ထိုင်ခုံမှာတော့ နိုင်ငံတော်အလံအောက်ခံမှာ အဖြူရောင်ငြိမ်းချမ်းရေး ချိုးငှက်ရုပ် ပါရှိပါတယ်။
လွန်ခဲ့တဲ့ ၂ လလောက်က ပခုက္ကူမြို့နယ်ကနေ ရွှေပေါ်ကျွန်းသာသနာပြုစခန်းကို လာရောက်ပြီး ထီချိုင့်အဆောင်မှာနေသွားတဲ့ ဒေါ်ပေါမယ်က ဒေသခံပန်းရံဆရာကို ကျပ် ၁၈၀၀၀၀ အခကြေးငွေပေးကာ ရုပ်တုထုခိုင်းခဲ့တာ ဖြစ်ပြီး ၇ ရက်လောက် ကြာအောင်ပြုလုပ်ပေးရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သတင်း-မောင်မောင်လင်း