ဘားအံမြို့တွင် နှစ် ၇၀ ကျော်က ဓာတ်ပုံများ ခင်းကျင်းထားသည့် လူထုအမှတ်သညာပွဲ ပြုလုပ်

နှစ်ပေါင်း ၇၀ ကျော်က ဘားအံမြို့ရဲ့ ဒေသအတွင်း လူထု၊ လူတန်းစားအလွှာအသီးသီးရဲ့ ရှေ့ဟောင်းဓာတ်ပုံတွေ ခင်းကျင်းပြသတဲ့ လူထုအမှတ်သညာပွဲတော်ကို အောက်တိုဘာ ၁၉ ရက်နေ့က ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်ခန်းမမှာ ပထမဆုံးအကြိမ် ကျင်းပခဲ့ပါတယ်။ ပွဲတော်ကို ဓာတ်ပုံ၊ ပန်းချီ၊ မော်ကွန်း ဗွီဒီယို၊ ကဗျာ၊ စာပေတွေကို ပေါင်းစပ်ခင်းကျင်းကာ လူကြီး လူငယ် မျိုးဆက်တွေကြားက ကွာဟချက်တွေကို နာလည်းတတ်စေဖို့၊ မတူညီတဲ့ အဖွဲ့အစည်းတွေ ပေါင်းစပ်ထားတဲ့ လူမှုအဖွဲ့အစည်းဖြစ်ကြောင်း ခံစားတတ်စေဖို့၊ စေ့စပ်စာနာတတ်တဲ့ မျက်လုံးတွေနဲ့ လူမှုဘဝတွေကို ကြည့်မြင်တတ်စေဖို့နဲ့ ဒေသအတွင်း လူမှုအဖွဲ့အစည်းတခု ပြောင်းလဲလာပုံကို လူထုကြား သမိုင်းအဖြစ် ချဉ်းကပ်လေ့လာပြီး ဓာတ်ပုံမှတ်တမ်းတွေ အနုပညာပစ္စည်းတွေကို အတူတကွ လေ့လာနိုင်ဖို့ ရည်ရွယ်ကျင်းပတာပါ။ လူထုအမှတ်သညာပွဲတော် ဖြစ်မြောက်ရေးတာဝန်ခံ ဦးခန့်ဇော်အောင်က “အရင်ကမြင်ကွင်းနဲ့ အခုလက်ရှိ မြင်ကွင်းကတော့ မတူတော့ဘူး။ ပြောင်းသွားပြီ။ အဲဒီမှာ လူငယ်တွေက ဘယ်ဟာက ကောင်းသော တိုးတက်ခြင်းလဲ။ ဘယ်ဟာက မကောင်းသော တိုးတက်ခြင်းလဲ။ သူတို့ဟာ သူတို့ ဆုံးဖြတ်ပြီး ရွေးချယ်ကြမှာ ဖြစ်တယ်” လို့ ပြောပါတယ်။ ကရင်ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး၊ ဦးသန်းနိုင်က “အခုကတော့ ရသလောက် လက်လှမ်းမီသလောက် လုပ်ထားတာပေါ့။ အခုဆိုရင် ဒီလိုလုပ်တဲ့အတွက်ကြောင့် နောင်တချိန်မှာ ကျနော်တို့ ပြန်ပြနိုင်တဲ့အချိန်ကျရင်လည်း ဒီထက်မကသော ဓာတ်ပုံမှတ်တမ်းအဟောင်းတွေကို ပြန်ပြီးတွေ့ရလိမ့်မယ်လို့ မျှော်လင့်မိတယ်”လို့ ပြောပါတယ်။ ပွဲတော်မှာ ဘားအံမြို့ရဲ့ ရှေးဟောင်းဒေသအတွင်း လူထု၊ လူတန်းစားအလွှာအသီးသီးရဲ့ ရှေးဟောင်းဓာတ်ပုံတွေ ပြခန်း၊ Tour Guid၊ နော်ရင်းမွှေး ရုပ်ရှင်ပြသခြင်း၊ စာတမ်းဖတ်ပွဲ၊ စကားဝိုင်း၊ ကဗျာရွတ်ပွဲ၊ ကျောင်းသားတွေနဲ့ သမိုင်းလေ့လာရေးအစီအစဉ်၊ ပန်းချီ၊ ပန်းပု လက်တွေ့သရုပ်ပြသခြင်း၊ ဓာတ်ပုံနဲ့ မှတ်တမ်းရုပ်ရှင်ဆုပေးပွဲတွေကို ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ပွဲတော်ကို ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည်တွေနဲ့ ဒေသခံပြည်သူတွေ လာရောက်လေ့လာနိုင်ဖို့ ဓာတ်ပုံ‌ပေါင်း ၂၅၀ နဲ့ ပန်းချီတွေကို အောက်တိုဘာ ၂၂ ရက်အထိ ၄ ရက်ကြာ ပြသသွားမှာ ဖြစ်ပါတယ်။
ရဲမင်းခေါင်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up