ပေါင်မြို့နယ် ကျွဲခြံရွာအတွင်း သေနတ်ပစ်ဖောက်ခဲ့သည့် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၂ ဦးကို ဖမ်းဆီး

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကျွဲခြံကျေးရွာမှာ အောက်တိုဘာ ၁၉ ရက်နေ့၊ နေ့လယ်ပိုင်းက ကျေးရွာအတွင်း သေနတ်ပစ်ဖောက်ခဲ့တဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၂ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ ပေါင်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းနိုင်ထွန်းက "သူတို့ ၂ ဦးက သူတို့ရဲ့ ဗိုလ်မှူးနဲ့အတူ လပတ် အစည်းအဝေးတက်ဖို့ လိုက်လာရာကနေ သူတို့ ဗိုလ်မှူးနေရာချပေးတဲ့ အိမ်မှာ တည်းခိုနေထိုင်နေတာပါ။ မနက်က တောလည်ထွက်မယ်ဆိုပြီး တည်းခိုတဲ့အိမ်ကနေ ထွက်သွားပြီး သောက်စားလာတယ်။ တည်းခိုအိမ်ပြန်ရာ လမ်းတလျှောက် ရန်ကုန်-မော်လမြိုင်လမ်းပေါ်မှာ မူးပြီးတော့ မိုးပေါ်ထောင်ပြီး သေနတ်ပစ်ဖောက်လာတာ။ သူတို့ ၂ ဦးကိုတော့ ရဲတပ်ဖွဲ့နဲ့ ပြည်သူနဲ့ ပူးပေါင်းဖမ်းဆီးနိုင်ခဲ့ပါတယ်။” နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၂ ဦးကို ကျည်မပါ MA 13 သေနတ်တစ်လက်၊ ကျည် ၁၇ တောင့်ပါ M 16 သေနတ်တလက်တို့နဲ့အတူ ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။ ဒေသခံကိုဖြိုးက "သူတို့ ၂ ယောက်က မနက်ပိုင်း အရက်ဆိုင်မှာဝင်သောက်ပြီး ပိုက်ဆံမရှင်းလို့ ဆိုင်ရှင်နဲ့ ပြဿနာဖြစ်ပြီး ဆိုင်အပြင်မှာ သေနတ် ၂ ချက်ဖောက်လိုက်တယ်။ ပြီးတော့ ဘုန်းကြီးကျောင်းထဲကိုဝင်ပြီး အဲ့မှာကစားနေတဲ့ကလေးတွေကို အတင်းဆွဲပြီး သေနတ်ပစ်ခိုင်းတယ်။ ကလေးတွေလည်း ကြောက်ကြောက်နဲ့ပစ်ရတာပေါ့။ ကလေးမိဘတွေကလည်း ထိတ်လန့်နေကြတာပေါ့ဗျာ" လို့ ဒီဗွီဘီကိုပြောပါတယ်။  သေနတ်ပစ်ဖောက်ခဲ့တဲ့သူ ၂ ဦးဟာ အမှတ် (၁၀၁၃) နယ်ခြားစောင့်တပ်၊ ကတိုက်ထိမြို့နယ်ခွဲ ကရင်ပြည်နယ်မှ တပ်ကြပ်အဆင့်ရှိ လှထွန်းနဲ့ တပ်သားအဆင့်ရှိ အောင်ဇေလင်း (ခ) သာပိုတို့ ဖြစ်တယ်လို့ သိရပါတယ်။ ကျေးရွာအတွင်း ဒေသခံပြည်သူတွေ စိုးရိမ်ထိတ်လန့်မှုဖြစ်အောင် သေနတ်ပစ်ဖောက်ခဲ့တဲ့သူ ၂ ဦးကို သက်ဆိုင်ရာအဖွဲ့အစည်းက ညနေ ၄ နာရီအချိန် ပြန်လည်ခေါ်ဆောင်သွားပြီး ဘယ်လို အရေးယူမှု ပြုလုပ်မယ် ဆိုတာတော့ မသိရသေးဘူး။ ယူမင်းစိုး

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up