Home
မြန်မာသတင်း
မွန်ပြည်နယ် ပုဂ္ဂလိကစက်သုံးဆီဆိုင် ထက်ဝက်ကျော် အရည်အသွေး မပြည့်မီဟုဆို
DVB
·
July 6, 2019
မွန်ပြည်နယ်မှာ ၇ လအတွင်း ရှောင်တခွင် ဝင်ရောက် စစ်ဆေးခဲ့တဲ့ ပုဂ္ဂလိက စက်သုံးဆီဆိုင် ထက်ဝက်ကျော်ဟာ အရည်အသွေး ပြည့်မီခြင်း မရှိဘူးလို့ မွန်ပြည်နယ်ရေနံနဲ့ ရေနံထွက် ပစ္စည်းဆိုင်ရာ လုပ်ငန်းများ ထိန်းသိမ်း ကြီးကြပ်ရေး ဆပ်ကော်မတီက ပြောပါတယ်။ ရေနံနဲ့ ရေနံထွက် ပစ္စည်းဆိုင်ရာ လုပ်ငန်းများ ထိန်းသိမ်း ကြီးကြပ်ရေး ဆပ်ကော်မတီဟာ  ပြီးခဲတဲ့နှစ် နိုဝင်ဘာလကစပြီး အခုနှစ် ဇွန်လကုန်အထိ ၇ လတာကာလအတွင်း ပုဂ္ဂလိက စက်သုံးဆီဆိုင် ၁၆ ဆိုင်ကို ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့တာပါ။ အဲဒီလို စစ်ဆေးတဲ့နေရာမှာ စက်သုံးဆီဆိုင် ၉ ဆိုင်မှာ အရည့်အသွေး မပြည့်မီတဲ့ စက်သုံးဆီတွေ ရောင်းချနေတာကို စစ်ဆေးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အရည်အသွေး မပြည့်မီတဲ့ စက်သုံးဆိုင်တွေရဲ့ စက်သုံးဆီ တမျိုးကို ငွေကျပ် ၅ သိန်းနှုန်းနဲ့ အသီးသီး ဒဏ်ရိုက် အရေးယူထားလို့ မွန်ပြည်နယ် ရေနံနဲ့ ရေနံထွက် ပစ္စည်းဆိုင်ရာ လုပ်ငန်းများထိန်းသိမ်း ကြီးကြပ်ရေး ဆပ်ကော်မတီ အတွင်းရေးမှူး ဦးမောင်မောင်စိုးက ပြောပါတယ်။ ဒဏ်ရိုက်အရေးယူမှုအရ ပုဂ္ဂလိက စက်သုံးဆီ ၉  ဆိုင်ရဲ့ စက်သုံးဆီ ၁၉ မျိုးအတွက် ငွေကျပ် ၉၅ သိန်း ကောက်ခံရရှိထားတယ်လို့ ဆိုပါတယ်။ အရည်အသွေးမပြည့်မီတဲ့ စက်သုံးဆီဆိုင်တွေကို နောက်ပိုင်း ရေနံနဲ့ ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေအတိုင်း အရေးယူ ဆောင်ရွက်သွားမယ်လို့ မွန်ပြည်နယ် လျှပ်စစ်၊ စွမ်းအင်းနဲ့ စက်မှုဝန်ကြီး ဦးလှထွန်းက ပြောပါတယ်။ ဒါ့အပြင် အရည်အသွေး ပြည့်မီတဲ့ စက်သုံးဆီတွေကိုသာ ရောင်းချနိုင်ရေးအတွက် ရှောင်တခင် ဝင်ရောက်စစ်ဆေးမှု ပုံမှန် လုပ်ဆောင်ဖို့ ညွှန်ကြားသွားမယ်လို့ ဆိုပါတယ်။ မွန်ပြည်နယ်မှာတော့ တရားဝင် လိုင်စင်ရတဲ့ ပုဂ္ဂလိက  စက်သုံးဆီ အရောင်းဆိုင်ပေါင်း ၁၅၀ လောက်နဲ့ လိုင်စင်လျှောက်ထားတဲ့ စက်သုံးဆီဆိုင် ၃၀ လောက်ရှိနေပါတယ်။ ဇော်လွင်ထွဋ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024