Home
မြန်မာသတင်း
ဧရာဝတီတိုင်း အစိုးရဟောင်း လက်ကျန်ရန်ပုံငွေများကို ယခုလကုန် အကျေပေးသွင်းမည်
DVB
·
May 22, 2019
ဧရာဝတီတိုင်းဒေသကြီး အစိုးရဟောင်းက အစိုးရသစ်ကိုပေးဖို့ ကျန်ငွေ ၁ ဘီလီယံကျော်ကို ဒီလကုန်မှာ အကျေပေးသွင်းဖို့ အကြောင်းကြားလာတယ်လို့ ဧရာဝတီတိုင်း၊ စီမံဘဏ္ဍာဝန်ကြီး ဦးဌေးဝင်းက ပြောပါတယ်။ ဝန်ကြီးချုပ်ဟောင်း ဦးဆောင်တဲ့ ဖောင်ဒေးရှင်းကို လွှဲခဲ့တဲ့ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ၅ ဒသမ ၂ ဘီလီယံထဲက ၃ ဒသမ ၄ ဘီလီယံကို ပြန်လည်ရရှိပြီဖြစ်ပေမယ့် ကျန်ငွေ ၁ ဘီလီယံကျော်ကို အခု မေလ ၃၁ ရက်မှာ အကျေပေးသွင်းဖို့ ဖောင်ဒေးရှင်းဘက်က အကြောင်းကြားလာတာလို့ ဒီနေ့ကျင်းပတဲ့ တိုင်းအစိုးရ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာပါ။ အရင် ဧရာဝတီတိုင်းအစိုးရက အစိုးရရန်ပုံငွေတွေကို အစိုးရသစ်ကို မလွှဲခဲ့ဘဲ ဝန်ကြီးချုပ်ဟောင်း ဦးသိန်းအောင် နာယကအဖြစ်ပါဝင်ပြီး တိုင်းအစိုးရဟောင်း ဝန်ကြီးတွေ ဦးဆောင်တဲ့ ဧရာဝတီ ပညာကျန်းမာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းကို လွှဲခဲ့တာပါ။ အရင်ကတော့ တိုင်းအစိုးရက ဖောင်ဒေးရှင်းကို တရားစွဲဖို့ စီစဉ်ထားပေမယ့် ငွေအကျေပေးသွင်းမယ် ဆိုရင်တော့ တရားစွဲတော့မှာ မဟုတ်ဘူးလို့ ဝန်ကြီးက ပြောပါတယ်။ အစိုးရဟောင်းက မလွှဲခဲ့တဲ့ ရန်ပုံငွေကိစ္စကို ၂၀၁၆ ဇူလိုင် ၁ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ဧရာဝတီတိုင်း လွှတ်တော်အစည်းအဝေးမှာ ဖျာပုံမြို့နယ်က တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဇေယျာမင်းသိန်းက မေးခွန်းမေးမြန်းခဲ့ပြီးတဲ့နောက် ငွေတွေကို ပြန်လည်တောင်းယူဖို့ သမ္မတရုံးက တိုင်းအစိုးရကို ညွှန်ကြားခဲ့တာပါ။ ကျန်ရှိတဲ့ငွေတွေဟာ ဖောင်ဒေးရှင်းက ကုမ္ပဏီတွေကို ချေးထားတဲ့ ငွေတွေနဲ့ ဒေသဖွံ့ဖြိုးရေးတွေကို ချေးထားတဲ့ငွေတွေ ဖြစ်တယ်လို့လည်း ဝန်ကြီးဦးဌေးဝင်းက ပြောပါတယ်။ သတင်း - သော်ဇင်မျိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024