Home
မြန်မာသတင်း
ဝမ်းတွင်းတွင် လူနာ ၁၂၀၀ ကျော်ကို မိတ္ထီလာတပ်မတော်ဆေးရုံက အခမဲ့ကုသပေး
DVB
·
March 22, 2019
မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် ဒိုင်ကောင်းကုန်းရွာ တိုက်ကျောင်း ဘုန်းတော်ကြီးကျောင်းမှာ မတ် ၂၁ ရက်က လူနာ ၁၂၀၀ ကျော်ကို တပ်မတော် ဆရာဝန်တွေက အခမဲ့ဆေးကုသပေးခဲ့ပါတယ်။ ပြည်တော်သာရွာ ပရဟိတအကျိုးဆောင် ကိုဇော်ဇော်က "ရွာကလူနာ ၂၄ ယောက်နဲ့ လာခဲ့တယ်၊ အဆင်ပြေပါတယ်။ လူနာပေါင်း ၁၂၀၀ ကျော်လောက် လာရောက်ဆေးကု ကြတာတွေ့ရတယ်။ မြို့နယ်အတွင်းက ရွာပေါင်း ၁၀၀ ကျော်လောက် လာတယ်လို့ ယူဆတယ်" လို့ ဒီဗွီဘီကို ပြောပါတယ်။ ၀မ်းတွင်းမြို့နယ်စစ်မှုထမ်းဟောင်းဥက္ကဋ္ဌ ဦးသာဇံက "ကျနော်တို့အဖွဲ့ကပဲ ကမကထ လုပ်ပြီး လူနာတွေ ဆေးကုပေးဖို့ လုပ်ပေးတာပါ။ ဆေးပေးတာတွေ၊ စမ်းသပ်တာတွေ၊ ဆေးကုတာတွေ အားလုံးကို အခမဲ့ လုပ်ပေးတာပါ" လို့ ပြောပါတယ်။ ဆေးလာကုတဲ့ ဒေါ်ငွေလှိုင်က "မြို့ပေါ်ကနေ လာတာပါ။ ဒီရွာမှာ ဆေးကုပေးနေတယ်ဆိုလို့ လာပြတာပါ။ အရင်ကတော့ မန္တလေးမှာ ကုနေတာ အဲစာရွက်စာတမ်းတွေလည်း ဒီက ဆရာဝန်တွေကို ပြတယ်၊ ထမင်း၊ လက်ဖက်၊ လက်ဖက်ရည် အားလုံး အခမဲ့ပါ အဆင်ပြေပါတယ်" လို့ ပြောပါတယ်။ မိတ္ထီလာအမှတ် ၁ တပ်မတော် ကုတင်၅၀၀ ဆေးရုံမှ ဗိုလ်မှုးကြီး ကျော်စိုးဝင်းဦးစီးပြီး ပါရဂူဆရာဝန် ၁၀ ဦး၊ ဆေးမှူး ၁၀ ဦး၊ သူနာပြု ၁၄ ဦးနဲ့ နယ်လှည့် ဆေးကုပေးတာပါ။ ဆေးရုံတက်ရောက်ကုသဖို့ လိုအပ်ပါက တပ်မတော်ဆေးရုံကို အခမဲ့ခေါ်ယူ ဆေးကုသပေးမှာ ဖြစ်ပါတယ်။ သတင်း-မောင်မောင်လင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024